bap-logo
Local News

ယုဇနဥယျာဉ်မြို့တော်ရှိ လမ်းဘေးဆိုင်ခန်းနှင့် အိမ်များဖျက်ဆီးနေသဖြင့် ဒေသခံထောင်ချီ ခက်ခဲနေ

KsDz08Sissr-TQD72-wA1-image

လွန်ခဲ့သော ၂ နှစ် က

ဖေဖေါ်ဝါရီ ၂၄

 

စစ်ကောင်စီလက်အောက်ခံ စည်ပင်ဌာနမှ ဝန်ထမ်းများ၊ လက်နက်ကိုင်များနှင့် အရပ်ဝတ်များ ပါဝင်သည့် လူ တစ်စုမှ ယုဇနဥယျာဉ်မြို့တော်အိမ်ယာဝန်းအတွင်းရှိ လမ်းဘေးဝဲယာတွင် တည်ဆောက်ထားသော ဆိုင်ခန်းနှင့် အိမ်များ၊ ကျူးကျော်တဲများအပါအဝင် ကားဂိတ်များပါမကျန် အင်အားသုံး ဖျက်ဆီးနေခြင်းကြောင့် ထိုနေရာများ တွင် နေထိုင်နေကြသည့် ဒေသခံထောင်ချီ အခက်အခဲ ကြုံနေကြရသည်ဟု ဒေသခံများက ဆိုသည်။

 

ကမ္ဘာပျက်နေတဲ့အတိုင်းပဲ၊ လူတွေ တရုန်းရုန်းနဲ့ ဖြိုကြ၊ ဖျက်ကြ၊ ပစ္စည်းတွေ သယ်ပိုးကြ၊ ငိုယိုကြနဲ့ စိတ်ထဲ တော်တော်မကောင်းဘူး။ အရင်တုန်းက ဒီလိုကျူးကျော်တွေ၊ လမ်းဘေးစျေးဆိုင်တွေကြောင့် စိတ်ညစ်ပေမဲ့ ဒီလိုမျိုး အစုလိုက်အပြုံလိုက် ကြိုတင်အကြောင်းကြားတာမရှိဘဲ နာရီပိုင်းအတွင်း ဖယ်ခိုင်းတာကျတော့ အရမ်း မင်းမဲ့စရိုက်ဆန်လွန်းတယ်။ မြို့တော်ထဲနေတဲ့ သူတွေရော ဘယ်နေရာ စျေးဝယ်လို့ဝယ်ရမှန်းမသိ၊ ဒီကြားထဲ တစ်ခုခုဆို ဆန်၊ ဆီတိုးဝယ်တဲ့သူတွေရှိနေကြတော့ ကျွန်မတို့လို အောက်ခြေလူတန်းစားတွေအတွက် အရမ်း ခက်ခဲလာတယ်ဟု ယုဇနဥယျာဉ်မြို့တော် စီဘလောက် အတွင်း နေထိုင်သူတစ်ဦးက ပြောသည်။

 

ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော် အိမ်ရာဝင်းအတွင်းရှိ ၉၄ ရပ်ကွက်ရုံးကို ဖေဖော်ဝါရီလ ၁၉ ရက်က ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီး ရာအိမ်မှူးနှစ်ဦးသေဆုံးခဲ့သည့် ဖြစ်စဉ်အပြီး သုံးရက်မြောက်နေ့ ဖေဖော်ဝါရီလ ၂၂ ရက်တွင် အဆိုပါ ရပ်ကွက်ရှိ အေဘလောက်နှင့် ဘီဘလောက် ကြား ကံ့ကော်လမ်းပေါ်ရှိ လမ်းဘေးဝဲယာဆိုင်ခန်းများကို စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင် လူတစ်စုက အကြမ်းဖက် ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

 

ထို့သို့ဖျက်ဆီးပြီးနောက်နေ့တွင် ဘီဘလောက်နှင့် စီဘလောက်ကြားရှိ ကျွန်းရွှေဝါလမ်းဘေးတွင် အခိုင်အမာ တည်ဆောက်ထားသည့် စားသောက်ဆိုင်တန်းများ၊ ကားဂိတ်များ၊ ဆိုင်ခန်းများနှင့် နေအိမ်များကိုလည်း ဖျက်သိမ်းရန် ခြိမ်းခြောက်မှုကြောင့် အဆိုပါနေရာများတွင် နေထိုင်ပြီး လုပ်ကိုင်စားသောက်နေကြသည့် ဒေသခံ များ ဖျက်သိမ်းပေးရပြန်ကြောင်း ဆိုသည်။

 

ထို့နေ့ညနေတွင်ပင် စည်ပင်သာယာမှ ဝန်ထမ်းအမျိုးသမီးများအပါအဝင် လက်နက်ကိုင်နှင့် အရပ်ဝတ် လူ တစ်စုမှ စီဘလောက်ဝန်းကျင်ရှိ ဆိုင်ခန်းများ၊ ကျူးကျော်တဲများနှင့် လူနေအိမ်များကို ယနေ့ နေ့လယ်မတိုင်မီ ဖျက်သိမ်းရန် ပြောကြားခဲ့ကြောင်း၊ မဖျက်သိမ်းပါက ဘူဒိုဇာနှင့် လာရောက်ဖျက်သိမ်းမည်ဖြစ်ကြောင်း ပြောဆို ခဲ့သည်ဟု ဒေသခံများက ပြောသည်။

 

ယနေ့ ဖေဖော်ဝါရီ ၂၄ ရက်တွင်မူ စီဘလောက်ဝန်းကျင်အပြင် စီဘလောက်နှင့် ကပ်လျက် ၉၃ ရပ်ကွက် လမ်းမတန်းရှိ ကျူးကျော်တဲများနှင့် ဆိုင်ခန်းများကို အင်အားသုံးဖျက်ဆီးနေကြကြောင်း သိရသည်။

 

နေစရာ မရှိလို့ လမ်းဘေးနား အိမ်လေး ဆောက်နေပါတယ်ဆိုမှ ဆိုင်းမဆင့်ဗုံမဆင့် ဖျက်ခိုင်းတော့ ကျွန်တော် တို့က ဘယ်နေရာသွားနေရမှာလဲဗျ။ ကိုယ့်အိမ်ကိုယ်ဖျက်ရတာပဲ။ ပြီးတော့ ကျွန်တော်တို့က ၉၄ ရပ်ကွက်ထဲမှာ နေတော့ ဒီကအိမ်ဖျက်ပြီး အိမ်ငှားခသက်သာတဲ့ ၉၃ ရပ်ကွက်ထဲပြောင်းနေဖို့ဟာ ကျွန်တော်တို့ကို ဧည့်စာရင်း မပေးဘူးတဲ့ဗျာ။ ၉၄ ထဲနေတဲ့သူက ၉၄ ထဲပဲ ပြန်နေရမယ်တဲ့ဗျာ။ အခု ကျွန်တော်တို့လိုပဲ အိုးမဲ့အိမ်မဲ့ ဖြစ်သွားတဲ့သူတွေ အများကြီးပဲ။ အဲဒီလိုတွေအတွက် ဘာလုပ်ပေးမှာလဲ။ ဘယ်လို ရှေ့ဆက်သွားရမလဲ မသိအောင်ပါဘဲဟု စီဘလောက်အတွင်းရှိ ကျူးကျော်တဲတွင် နေထိုင်သည့် ဦးကိုလေးက ပြောသည်။

 

ဖေဖေါ်ဝါရီလ ၁၉ ရက် ဖြစ်စဉ်အပြီးတွင် စစ်ကောင်စီတပ်သားများသည် ယုဇဥယျာဉ်မြို့တော်ဝင်းအတွင်းရှိ လမ်းမကြီးနှင့် လမ်းသွယ်များမှ လမ်းသွားလမ်းလာများကို စစ်ဆေးမှုများပြုလုပ်ခဲ့သည့်ပြင် လက်ရှိအချိန် အထိ ၎င်းတပ်သားများမှာ ဝင်းအတွင်းတွင် လက်နက်များကိုင်ဆောင်၍ စစ်ကားများ၊ အရပ်ဘက်သုံးကားများ ဖြင့် လှည့်လည်သွားလာနေကြကြောင်း သိရသည်။

 

အခုကျွန်မတို့ကြားတာက ရှောင်တခင် ဧည့်စာရင်းလည်းစစ်ဦးမယ်တဲ့။ ဒါနဲ့ ရပ်ကွက်ရုံးဧည့်စာရင်း ပြေးတိုင်ဖို့ ကျွန်မတို့ လမ်းက ရာအိမ်မှူးပြောတာနဲ့ ရုံးပြေးတာ ရုံးမှာလည်း ဧည့်စာရင်းတိုင်တဲ့သူ အပြည့်ပဲဟု မြို့တော် အတွင်း နေထိုင်သူတစ်ဦးထံမှ သိရသည်။

 

ဖျက်ဆီးပြောင်းရွှေ့ကြရသည့် ဆိုင်ခန်းနှင့် စျေးဆိုင်များမှ စျေးသည်များမှာ လက်ရှိအချိန်တွင် ယုဇနဥယျာဉ် မြို့တော် စျေးကြီး၏အတွင်းတွင် ရွှေ့ပြောင်းရောင်းချနေကြသူများရှိကြောင်း၊ တိုက်ခန်းများတွင် ဆိုင်ခန်းအသစ် ဖွင့်လှစ်ရန် ငှားရမ်းရာတွင်လည်း ကာလပေါက်စျေးထက် ငှားရမ်းခများ ပိုမိုပေးချေနေရကြောင်း ဒေသခံများ ထံမှ သိရသည်။

 

ပုံစာ။ ဖျက်ဆီးခံရသည့် ယုဇနဥယျာဉ်မြို့တော် နေအိမ်နှင့် ဆိုင်ခန်းများ။

ဓာတ်ပုံ CJ

 

Burma Associated Press

 

မြန်မာ
စစ်တပ်
အရပ်သား
မြေသိမ်း
ရန်ကုန်

Share With
bap-logo