Local News
မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါပိုးသစ် ကူးစက်မှုဖြစ်ပွားနေနိုင်
လွန်ခဲ့သော ၂ နှစ် က
ဖေဖော်ဝါရီ ၂၃
မြန်မာ့အိမ်နီးချင်းနိုင်ငံများ၌ အသစ်ဖြစ်ပေါ်နေသည့် ကိုဗစ်နိုင်တင်းန်ရောဂါပိုးအသစ်သည် မြန်မာနိုင်ငံတွင်း ရောက်ရှိ ကူးစက်ဖြစ်ပွားမှုရှိနေနိုင်ကြောင်း ကျန်းမာရေးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းတချို့က ဆိုသည်။
ထိုရောဂါပိုးသစ်မှာ Covid – 19 Omicron XBB Variant Coronavirus ဖြစ်ပြီး ယင်းနှင့်ပတ်သက်၍ စစ် ကောင်စီ လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာန ကိုဗစ်နိုင်တင်းန်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီက ရန်ကုန်ပြည်သူ့ဆေးရုံကြီးထံ လိပ်မူသည့် ညွှန်ကြားစာတစ်စောင် ထုတ်ပြန်ခဲ့သည်။
ယင်းညွှန်ကြားစာကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ်မှ သက်ဆိုင်ရာကုသရေးဆရာဝန်များထံ ဖေဖေါ် ဝါရီလ ၁၇ ရက်တွင် ပြန်လည်ဖြန့်ဝေညွှန်ကြားခဲ့ပြီး အသစ်ထွက်ပေါ်နေသည့် ကိုဗစ်နိုင်တင်းန် ရောဂါပိုးသစ်နှင့် ပတ်သက်သည့် လက္ခဏာများကို ဖော်ပြခဲ့သည်။
အဆိုပါရောဂါသစ်လက္ခဏာများတွင် အရိုးအဆစ်နာခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ပင်နာခြင်း၊ နောက် ကျောပြင် နာခြင်း၊ အဆုတ်ရောင်ရောဂါဖြစ်ပွားခြင်း အပါအဝင် အစားအသောက် ပျက်သည့်ဝေဒနာများ ခံစားရမည် ဖြစ်သော်လည်း ယခင်က ဖြစ်ပွားခဲ့သည့် ကိုဗစ်ရောဂါလက္ခဏာကဲ့သို့ ဖျားနာခြင်း၊ ချောင်းဆိုးခြင်း စသည့်တို့ ရှိမည်မဟုတ်ကြောင်း သိရသည်။
‘ခုဆေးခန်းလာပြတဲ့အခါမှာ အဲဒီလိုလက္ခဏာတွေနဲ့ လူနာတွေတွေ့နေရတယ်။ အခုဖြစ်နေကြတာပဲ။ ထုတ်ပြန် ချက်အရဆို ကိုဗစ်ပိုးအသစ် ကူးစက်ခံထားရတာမျိုးဖြစ်မယ်။ ဘယ်သူမှလည်းကိုဗစ်ကို မစစ်ကြတော့ဘူးလေ’ ဟု အထွေထွေရောဂါကုဆရာဝန်တစ်ဦးက ဆိုသည်။
ကျန်းမာရေးဝန်ကြီးဌာန၏ ဖေဖေါ်ဝါရီလ ၂၂ ရက် ထုတ်ပြန်ချက်အရ ဖေဖေါ်ဝါရီလ ၂၁ နှင့် ၂၂ ရက်များအတွင်း ဓာတ်ခွဲနမူနာပေါင်း ၄,၃၈၅ ခုကို စစ်ဆေးရာတွင် ကိုဗစ်နိုင်တင်းန် အတည်ပြုလူနာသစ် နှစ်ဦး တွေ့ရှိကြောင်း သိရသော်လည်း ယင်းလူနာနှစ်ဦးနှင့်ပတ်သက်သည့် အသေးစိတ်ထုတ်ပြန်ချက်ကို ဖော်ပြမထားခဲ့ပေ။
ဇန်နဝါရီလ တတိယပတ်အတွင်း အိမ်နီးချင်း တရုတ်နိုင်ငံတွင် ကိုဗစ်နိုင်တင်းန်ရောဂါပိုးသစ်တစ်ရပ် ပျံ့နှံ့ ကူးစက်မှု ဆိုးဆိုးရွားရွား ဖြစ်ပေါ်လျက်ရှိနေခဲ့သည်။
တစ်ဆက်တည်းမှာပဲ ယခင်ကာလများက ပိတ်ပင်ထားခဲ့သည့် တရုတ်၊ ထိုင်းနိုင်ငံတို့နှင့် နယ်စပ် ကုန်သွယ်မှု လိုင်းကြောင်းများနှင့် ကူးသန်းသွားလာမှု နယ်စပ်ဂိတ်များကို ပြန်လည်ဖွင့်လှစ်ထားခဲ့သည်။
ကျန်းမာရေးဝန်ကြီးဌာန၏ စာအရ အိမ်နီးချင်းနိုင်ငံများဟု ဆိုသော်လည်း မည်သည့်နိုင်ငံဟု တိတိကျကျ ဖော်ပြ ထားခြင်း မရှိခဲ့ပေ။
Burma Associated Press
Top News
လွန်ခဲ့သော ၅ ရက် က
လွန်ခဲ့သော ၆ ရက် က
လွန်ခဲ့သော ၁၁ ရက် က