bap-logo
Local News

နိုင်ငံကူးလက်မှတ်ထုတ်ပေးမှု ပြန်လည် စတင်မည်ဆိုသော်လည်း မရေရာသော အခြေအနေတွင် ရှိနေ

zY4dsbPPC6s0bG9lapQBi-image

လွန်ခဲ့သော ၂ နှစ် က

ဖေဖော်ဝါရီ ၂၃

 

နှစ်လကျော်ကြာပိတ်ထားသည့် နိုင်ငံကူးရေးလက်မှတ် ထုတ်ပေးရေးရုံးများ ဖေဖော်ဝါရီ ၂၄ ရက် မနက်ဖြန်တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း စစ်ကောင်စီက ယနေ့သတင်းထုတ်ပြန်သည်။

 

နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး လုပ်ငန်းစဉ်များအဖြစ် မြန်မာနိုင်ငံ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး (ရန်ကုန်) တွင် Online Booking စနစ်ဖြင့် လျှောက်ထားနိုင်မည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးများတွင် ယခင် အတိုင်း အမည်စာရင်းပေးသွင်းကာ ပြန်လည်လျှောက်ထားနိုင်မည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ ကြေးမုံသတင်းစာတွင် ယနေ့ ထုတ်‌ပြန်ကြေညာခဲ့သည်။

 

အဆိုပါကြေညာချက်တွင် နိုင်ငံကူးလက်မှတ်ကို online booking စနစ်သစ်ဖြင့် အချိန် အကန့်အသတ်မရှိဘဲ ကိုယ်တိုင် လျှောက်ထားနိုင်မည်ဖြစ်ပြီး ကုန်ကျစရိတ်ကို သတ်မှတ်နှုန်းထားအတိုင်း တစ်ချိန်တည်းပေးချေရမည် ဖြစ်ကြောင်း ပါဝင်သည်။

 

“online booking စနစ်သစ်ဆိုတာ ရုံးဝန်ထမ်းတွေတောင် မသိသေးဘူး။ စနစ်တွေလည်း အဆင်သင့် မဖြစ်သေးဘူး။ ခုက လူတွေအများပြောနေလို့ ဖွင့်လိုက်တာ။ ဖွင့်တာပဲရှိမယ်ထင်တယ်။ လုပ်တာကတော့ အပြင် ပွဲစားလမ်းကြောင်းနဲ့ပဲလုပ်မှ စာအုပ်ရမယ့်သဘောရှိတယ်ဟု နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး အသိုင်း အဝိုင်းနှင့် နီးစပ်သူ တစ်ဦးက ဘီအေပီကို ပြောသည်။

 

နိုင်ငံကူးလက်မှတ်ထုတ်ပေးခြင်းလုပ်ငန်းစဉ် မူလရှိနေမှုကို အွန်လိုင်းမှတစ်ဆင့် ကြိုတင်ရက်ချိန်း QR code ရယူ၍ လျှောက်ထားလုပ်ကိုင်ရသည့်စနစ်ကို ၂၀၂၂ မတ်လအစောပိုင်းတွင်း စတင်ခဲ့ခြင်းဖြစ်ပြီး ယင်းစနစ် ကြောင့် နိုင်ငံကူးလက်မှတ်လျှောက်ထားမှုတွင် အဂတိလိုက်စားမှုများ၊ မသမာမှုများ၊ အခက်အခဲများနှင့် ပြဿနာများစွာကို လျှောက်ထားသူများ ကြုံတွေ့ခဲ့ရသည်။

 

ယင်းစနစ်ကြောင့် နိုင်ငံကူးလက်မှတ်စာအုပ်ရရှိရန် ပုံမှန်ကုန်ကျငွေ ကျပ် ၄၀,၀၀၀ ခန့်သာရှိရာမှ QR code စလစ် စာရွက်ရရှိရန်မှသည် စာအုပ်ရရှိရန်ထိ ငွေကျပ်သိန်းဂဏန်းထိ ကုန်ကျမှုများ ကြုံတွေ့ခဲ့ရကြောင်း နိုင်ငံကူးလက်မှတ် လျှောက်ထားခဲ့သူအချို့က ဆိုသည်။

 

QR code စလစ် ရရှိရန် Online Booking စနစ်ဖြင့်လျှောက်ထားမှုကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်တွင် စနစ် ပြောင်းလဲမည်ဟုဆိုကာ နိုင်ငံကူးလက်မှတ်ထုတ်ပေးမှုကို ပိတ်ဆိုင်းခဲ့ခြင်းဖြစ်သည်။

 

စနစ်သစ်က ဘယ်လိုမျိုးလဲ မသိသေးဘူး။ ဘဏ်ငွေချေဖို့အကြောင်းလည်း သေချာမပါဘူး။ QR code ရထားပြီးတွေရော အသစ်ပြန်လျှောက်ရမှာလားမသိဘူးဟု နိုင်ငံကူးလက်မှတ်လျှောက်ထားရန် စောင့်ဆိုင်း နေသူ တစ်ဦးက ပြောသည်။

 

စစ်ကောင်စီက ထုတ်ပြန်လာသည် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးဆိုင်ရာ ကြေညာချက်တွင် အွန်လိုင်း စနစ် အသုံးပြုရာတွင် အခက်အခဲရှိသူများ မြို့နယ်ရဲစခန်းတွင် အကူအညီတောင်းခံ လျှောက်ထားနိုင်ကြောင်း ဖော်ပြ ထားသည်။

 

ဒါက တမင် ငွေဝင်လမ်းအကြောင်းရှာတာဖြစ်နိုင်သလို လူကို စိစစ်ကြပ်မတ်ချင်တာကြောင့်လည်း ဖြစ်နိုင်တယ်။ ဘယ်အကြောင်းနဲ့မှ မယုံရတဲ့သူတွေထဲမှာ ဒီကောင်တွေပါတယ်ဟု နိုင်ငံကူးလက်မှတ် လျှောက်ထားရန် စောင့်ဆိုင်းနေသူ တစ်ဦးကဆိုသည်။

 

လက်ရှိတွင် နိုင်ငံကူးလက်မှတ်လျှောက်ထားရယူရာတွင် ပြည်ပတွင်ဆေးကုသခွင့်စာ (သို့မဟုတ်) ကျောင်းဝင်ခွင့် လျှောက်လွှာတို့နှင့်အတူ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ (နေပြည်တော်)သို့ အရေးပေါ်နိုင်ငံကူး လက်မှတ် အမြန်ပြုလုပ်ပေးရန်လျှောက်ထားနေရသလို၊ ဗုဒ္ဓဂါယာသို့ ဘုရားဖူးသွားမည့်သူများကိုသာ နိုင်ငံကူး လက်မှတ် ထုတ်ပေးလျက်ရှိခြင်းဖြစ်သည်။

 

အခုက အရင်အတိုင်းပဲ ဆေးသမားဆို ဆေးစာ၊ ကျောင်းသမားဆို ကျောင်းစာနဲ့ တင်မှရမယ့် သဘောပါပဲဟု နိုင်ငံကူးလက်မှတ် ပြုလုပ်ပေးသူ ပွဲစားတစ်ဦးက ပြောသည်။

 

နိုင်ငံကူးလက်မှတ်လျှောက်ထားရန် အွန်လိုင်းမှ ရက်ချိန်းကြိုတင်ရယူမှု စနစ်သစ်အရ ယခင်နိုင်ငံကူး လက်မှတ် ထုတ်ပေးမှု မပိတ်ဆိုင်းမီ စာအုပ်ထုတ်ရန် ကျန်ရှိနေသူများအပါအဝင် အွန်လိုင်းမှ ကြိုတင် ရက်ချိန်းစလစ် ရရှိထားသူများအနေဖြင့် မည်သို့ဆက်လက်လုပ်ဆောင်ရမည်ကို မရှိရသေးပေ။

 

နိုင်ငံကူးလက်မှတ် ပြန်လည်လျှောက်ထားနိုင်မှု အခြေအနေနှင့်ပတ်သက်၍ မြန်မာပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်နှင့် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ရုံး (ရန်ကုန်) သို့ ဘီအေပီက ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားမှုမရခဲ့ပါ။

 

ပုံစာ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး (ပုံဟောင်း)

ဓာတ်ပုံ လူမှုကွန်ယက်

 

Burma Associated Press

 

မြန်မာ
နိုင်ငံကူးလက်မှတ်

Share With
bap-logo