Local News
စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ကို ဘင်္ဂလား ဒေ့ရှ်သို့ ပို့ပေးခဲ့သော်လည်း ၎င်းတို့နှင့် မပတ်သက်ဟု UNHCR ဆို
လွန်ခဲ့သော ၂ နှစ် က
မတ် ၂၀
မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်တို့ ပူးပေါင်းဆောင်ရွက်မည့် ရိုဟင်ဂျာဒုက္ခသည်များ နေရပ်ပြန်ကိစ္စများနှင့် စပ်လျဉ်း၍ စစ်ကောင်စီအဖွဲ့က မတ်လ ၁၅ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ခဲ့ခြင်းသည် ၎င်းတို့နှင့် မပတ်သက်ဟု UNHCR က ပြောသည်။
UNHCR အနေဖြင့် ဘင်္ဂလားဒေ့ရှ်သို့ သွားရောက်ခဲ့သည့် စစ်ကောင်စီ ကိုယ်စားလှယ်များအတွက် ရေယာဉ်များ စီစဉ်ပေးခဲ့သော်လည်း အဆိုပါ အဖွဲ့က ပြုလုပ်သည့် ဆွေးနွေးပွဲများတွင် ပါဝင် ပတ်သက်ခြင်း မရှိဟုဆိုသည်။
မြန်မာနိုင်ငံရှိ UNHCR နှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်သွားရန် ရေယာဉ်များ စီစဉ်ပေးခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ်ရှိ ကုလအကြီးတန်း တာဝန်ရှိသူ တစ်ယောက်က AFP သတင်းဌာနကို ကို မတ် ၁၇ ရက်တွင် အတည်ပြုပြောထားသည်။
UNHCR အနေဖြင့် ဒုက္ခသည်များအားလုံးကိုစိစစ်ဆန်းစစ်ခြင်းနှင့် နေရပ်ပြန်ခြင်းဖြစ်ပေါ်လာစေနိုင်သည့် ကြိုးပမ်းဆောင်ရွက်မှုများအား ပံ့ပိုး ကူညီပေးနေပြီး မကြာသေးမီက လုပ်ထုံးလုပ်နည်းဆိုင်ရာ စိစစ်ရေး လုပ်ငန်းစဥ် အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့သွားရောက်မည့် မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် အဖွဲ့၀င်များအား ပို့ဆောင်ရေးဆိုင်ရာ ပံ့ပိုးကူညီ ပေးခြင်းသည်လည်းအပါအ၀င်ဖြစ်သည်ဟု UNHCR ကဆိုသည်။
ရခိုင်တွင် လက်ရှိအခြေအနေများအရ ရိုဟင်ဂျာဒုက္ခသည်များအတွက် ရေရှည်တည်တံ့သော နေရပ် ပြန်ရေး ဖြစ်ပေါ်စေနိုင်ခြင်းမရှိသည့်အတွက် မည်သည့်ဒုက္ခသည်ကိုမျှ အတင်းအကြပ် ဖိအားပေးခြင်း မပြုသင့်ဘဲ မိမိသဘောဆန္ဒအလျောက် နေရပ်ပြန်ရေး ဆိုင်ရာကတိကဝတ်ကို UNHCRအနေဖြင့် တစိုက်မတ်မတ် အတည်ပြုခဲ့သည်ဟု သတင်းမီဒီယာများထံပေးပို့သည့်စာတွင် ဆိုသည်။
ရခိုင်ပြည်နယ်အခြေအနေများနှင့်စပ်လျဉ်း၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်များနှင့်အတူ ဘက်ပေါင်းစုံ ပါ၀င်သည့် တွေ့ဆုံဆွေးနွေးခြင်းသည် ဒုက္ခသည်များအနေဖြင့် ရွေးချယ်မှုကို နားလည်စွာ ပြုလုပ်စေနိုင်မည့် အပြင် အသိုင်းအ၀ိုင်းများအကြား ယုံကြည်မှု တည်ဆောက်နိုင်ရေးအတွက်လည်း အရေးပါသည်ဟု UNHCR က ယူဆထားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်းအတွက် ၂၀၂၃ ပူးတွဲ တုံ့ပြန်ဆောင်ရွက်ရေး အစီအစဉ်ကို မကြာသေးမီက စတင်ခဲ့ပြီး UNHCR က လောလောဆယ် ရန်ပုံငွေ ၁၀ ရာခိုင်နှုန်း ရရှိနေသည့် အဆိုပါလုပ်ငန်းစဥ်အတွက် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ခိုင်မာသော ပံ့ပိုးကူညီမှုများ ရရှိရန် ဆက်လက် တောင်းဆိုထားသည်။
ပုံစာ - ဘင်္ဂလားဒေ့ရှ်သို့သွားသည့် မြန်မာစစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ (ဓာတ်ပုံ-မူရင်းရိုက်ကူးသူအား ခရက်ဒစ်ပေးပါသည်။)