bap-logo
Local News

ခရီးသွားလုပ်ငန်းအချို့က ရေခဲတောင်ဒေသ တွင် သဘာဝပတ်ဝန်းကျင် ထိခိုက်ဖျက်ဆီး သည့် ဝန်ဆောင်မှုများ ပြုလုပ်လာ

cv7-c7vM2E7Gk37Y1pyIV-image

လွန်ခဲ့သော ၂ နှစ် က

မတ် ၂၀။

 

ကချင်ပြည်နယ်၊ ပူတာအိုဒေသရှိ ရေခဲတောင်များကို အခြေပြုကာ ခရီးသွားလုပ်ငန်း လုပ်ကိုင် နေသည့် ကုမ္ပဏီများအနက် အချို့သည် ရေခဲတောင်ဒေသ သဘာဝပတ်ဝန်းကျင်ကို ထိခိုက် ဖျက်ဆီးသည့် ဝန်ဆောင်မှုများ ပြုလုပ်လျှက်ရှိကြောင်း လူမှုကွန်ရက်တွင် ပြန့်နှံ့လာသည်။

 

ပူတာအိုအခြေစိုက် ခရီးသွားလုပ်ငန်းတစ်ခုဖြစ်သည့် တောင်ပေါ်ညီအစ်ကိုများ ခရီးသွားလုပ်ငန်းက ဖုန်ကန်ရာဇီ ရေခဲတောင်ဒေသတွင် သစ်ပင်များခုတ်ထွင်ကာ တောင်တက်သူများ၏ အမည် ပါဝင်သည့် ကမ္မည်းပြားများ တပ်ဆင်ထားသည့်ပုံများ ပြန့်နှံ့လျှက်ရှိသည်။

 

 

ယခုနှစ် မတ်လအတွင်း ဖုန်ကန်ရာဇီတောင်တက်သည့် ခရီးသွားလုပ်ငန်းတစ်ခုက လုပ်ဆောင်ခဲ့သည့် ကမ္မည်းပြား

 

 

“ပူတာအိုဘက်က ရေခဲတောင်တက်တာ ထင်းနဲ့ ထမင်းဟင်းချက်တာတွေ့နိုင်တယ်ပြီးလို့ရှိရင် အခု လိုမျိုးပေါ့ သစ်ပင်တွေကို ခုတ်ထစ်၊ အခေါက်ခွာပြီးတော့ ကဗ္ဗည်းတက်တဲ့အဆင့်တွေ ဘာတွေ ရောက်လာတယ်” ဟု နိုင်ငံတကာတောင်တက်အတွေ့အကြုံရှိ ဝါရင့်တောင်တက်သမားတစ်ဦးက ပြောသည်။

 

အမြင့်ပေ ၁၁,၉၂၀ ရှိ ဖုန်ကန်ရာဇီဒေသသည် သစ်ပင်ခုတ်ခြင်း၊ အမဲလိုက်ခြင်းများကို တားမြစ် ထားသည့် ဘေးမဲ့ဒေသတစ်ခုလည်းဖြစ်သည်။ ထိုဒေသတွင် မှတ်တမ်းတင်သုတေသန မပြုရ သေးသော သစ်ပင်ပန်းမန်နှင့် သစ်ခွများ၊ လိပ်ပြာ၊ အင်းဆက်၊ ငှက်များ၊ ရှားပါးမျိုးသုဉ်းတော့မည့် တောရိုင်း တိရစ္ဆာန်များနှင့် ပြည့်နေသောဒေသတစ်ခုလည်းဖြစ်သည်။

 

ဒီရေခဲတောင်ရှိတဲ့ ဒေသတွေက များသောအားဖြင့် national park တွေထဲမှာများတယ်။ ဖုန်ကန်ရာဇီဘေးမဲ့တော၊ ပြီးလို့ရှိရင် ခါကာဘိုရာဇီဘေးမဲ့တော စသည်ဖြင့် ဒီဘေးမဲ့တော ဧရိယာထဲမှာ ဖြစ်တဲ့အတွက် စာရွက်ထဲမှာတော့ ဥပဒေတွေ ရှိပြီးသား သစ်ပင်မခုတ်ရတာတို့၊ ထောင်ချောက် မထောင်ရတာတို့၊ ဒါပေမဲ့ ဒေသခံတွေရဲ့ ပညာရေး၊ ဝင်ငွေ ရပေါက်ရလမ်းနည်းတဲ့ အချက်တွေကြောင့် အမျိုးစုံလုပ်ကြတယ်” ဟု ၎င်းက ပြောသည်။

 

ထို့အပြင် ရေခဲတောင်တက်ခရီးစဉ်အချို့တွင် တောင်တက်သူများသည် ထင်းများအသုံးပြုကာ မီးဖိုများ ပြုလုပ်နေခြင်းကိုလည်း ပြန့်နှံ့လာသည့် ဓာတ်ပုံများအရတွေ့ရသည်။

 

ထိုကဲ့သို့ ထင်းအသုံးပြုမီးဖိုပြုလုပ်ခြင်းကို မပြုလုပ်ရန်မှာ တောင်တက်သမားတိုင်းလိုက်နာရမည့် ကျင့်ဝတ်စည်းမျဉ်း တစ်ခုဖြစ်သည်ဟုလည်း နိုင်ငံတကာတောင်တက်အတွေ့အကြုံရှိသည့် ၎င်းက ပြောသည်။

 

“အနီးစပ်ဆုံး အိန္ဒိယနဲ့ နီပေါမှာဆိုလို့ရှိရင် ဒါမျိုး ထင်းနဲ့ ချက်တယ်ဆိုလို့ရှိရင် တော်တော်လေးကို ပြဿနာကြီးတယ် ဥပဒေအရ တရားစွဲတာတွေ၊ ဒဏ်တပ်တာတွေ အဆိုးဆုံး ထောင်ချတာတွေ အထိ ဖြစ်နိုင်တယ် အထူးသဖြင့် ခရီးသွားကုမ္ပဏီတစ်ခု အနေနဲ့သော်လည်းကောင်း၊ တောင်တက် အဖွဲ့ တစ်ခုအနေနဲ့သော်လည်းကောင်း ဒီလိုမျိုး အပင်တွေခုတ်ပြီးမီးမွှေးတယ်ဆိုလို့ရှိရင် ဒါ ပြဿနာ ကြီးတယ် အမှုကြီးတယ်” ဟု သူက ပြောသည်။

 

တောင်တက်သူများအနေဖြင့် ခရီးစဉ်တွင် မီးဖိုလိုပါက ဂတ်စ်သို့မဟုတ် အခြားသော ဓာတ်ဆီမီးဖို ကဲ့သို့သော မီးဖိုများအသုံးပြုရန်လိုအပ်ပြီး စခန်းချမည့်နေရာတွင် မီးဖိုရန်မဖြစ်မနေ လိုအပ်ပါ ကလည်း မြေကြီးပေါ်တွင် တိုက်ရိုက်မီးဖိုခြင်းမပြုလုပ်ရန်လိုသည်ဟု သူကပြောသည်။

 

“ပြီးလို့ရှိရင် ခုတ်လို့မရဘူး၊ တောထဲမှာ ကြွေကျနေတဲ့ သစ်ခြောက်တွေ၊ သေနေတဲ့ သစ်ပင် ခြောက်တွေကို ထင်းလုပ်မယ် လက်နဲ့ချိုးလို့ ရမယ့်ဟာမျိုးလောက်ပဲ၊ ဓားနဲ့ခုတ်တာ၊ လွှနဲ့ တိုက်တာ တွေ မရဘူး ဒါဟာ အခြေခံကျင့်ဝတ်တွေပေါ့၊ တောင်တက်သမားတွေရော၊ တောင်တက်တဲ့ ခရီးစဉ်ဖော်ဆောင်တဲ့ ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီသော်လည်းကောင်း လမ်းပြသော်လည်းကောင်း၊ ဒါတွေက အခြေခံ နည်းနာတွေရှိတယ်” ဟုလည်း သူကပြောသည်။

 

“မြန်မာပြည်မှာ အခုဖြစ်နေတာက ပေါ်ပေါ်တင်တင် ဒီမီးကို မီးဖိုတယ်၊ မီးရှို့တယ်၊ အပင်တွေနဲ့ မီးလှုံတယ်၊ ထမင်းဟင်းချက်တယ်အခုဆိုရင် အခေါက်ခွာတယ် ကဗ္ဗည်းထိုးတဲ့အဆင့်ကို ပေါ်ပေါ် တင်တင် လုပ်လာတယ်ဆိုတော့ ဥပဒေအရအရေးယူတာ မရှိဘူး ဒါတွေကတော့ သိတဲ့အတိုင်း စနစ် ဘာညာအစ အစုံပေါ့လေအကုန်လုံး ခြုံလိုက်လို့ရှိရင်တော့ ဒီ failed state ကြောင့်ပါပဲ။ အသိပညာပေး ကျနော်တို့လည်း လုပ်တော့လုပ်ကြတယ် ဒါပေမဲ့ ဟောရင်းသာ ပျံလွန်တော်မူတဲ့ အဆင့်ကိုတော့ ရောက်နေတာကြာပါပြီ၊ အခုခေတ်က ပိုဆိုးတာပေါ့ မတစ်ထောင်သားတွေ အကုန် သွားလာနေကြတဲ့အခါကျတော့ တော်တော်လေးလည်း ပျက်စီးတယ်ပေါ့၊ သဘာဝပတ်ဝန်းကျင် ကိုလည်း ထိခိုက်တယ်၊ ပြီးတဲ့အခါကျတော့ အားကစားရဲ့ပုံရိပ်ကိုလည်း ထိခိုက်တယ်” ဟု သူက ဆက်ပြောသည်။

 

ထိုကဲ့သို့ အပင်များခုတ်ခြင်း၊ ထင်းအသုံးပြု မီးဖိုခြင်းများဆက်လက်ပြုလုပ်နေမည်ဆိုပါက ရေခဲတောင် ဒေသတွင် နောင်လာမည့် ငါးနှစ်အတွင်း ကြည့်စရာသစ်ပင် ကျန်တော့မည်မဟုတ် ဟုလည်း ၎င်းက အသိပေးသည်။

 

ကချင်ပြည်နယ်၊ ပူတာအိုဒေသသည် ခါကာဘိုရာဇီ၊ ဂမ်လန်ရာဇီ၊ ဖုန်ကန်ရာဇီ၊ ဖန်ဂရမ်ရာဇီ၊ လွင်ခရှုမတင် စသည့် ရေခဲတောင်များရှိသည့် ဒေသဖြစ်ပြီး မြန်မာနိုင်ငံ၏ ရေချိုအရင်းအမြစ်များ စတင်ရာနေရာ ဒေသတစ်ခုလည်းဖြစ်သည်။

 

အရှေ့တောင် အာရှတွင် ရေခဲတောင်များရှိသည့် တစ်ခုတည်းသော ဒေသဖြစ်သည့်အားလျော်စွာ တစ်နှစ်ထက် တစ်နှစ် ခရီးသွားများ ဝင်ရောက်မှုများပြားလာခဲ့သည်။

 

ယင်း၏ နောက်ဆက်တွဲအနေဖြင့် ပလတ်စတစ်နှင့် စွန့်ပစ်အမှိုက်များ ပေါများလာခြင်း၊ သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းပျက်စီးခြင်း၊ အင်းဆက်ပိုးမွှားများနှင့် တောရိုင်းတိရစ္ဆာန်များ အန္တရာယ် ရှိလာနိုင်ခြင်း၊ သဘာဝ မြေဆီလွှာပျက်စီးခြင်း၊ သဘာဝပေါက်ပင်များ ထိခိုက်ပျက်စီးခြင်းများ ကြုံတွေ့နေရသည်။

 

 

ပုံစာ - ယခုနှစ် မတ်လအတွင်း ဖုန်ကန်ရာဇီတောင်တက်သည့် ခရီးသွားလုပ်ငန်းတစ်ခုက လုပ်ဆောင်ခဲ့သည့် ကမ္မည်းပြား၊ ရေခဲတောင်တက်ခရီးစဉ်တစ်ခုတွင် မီးဖိုနေသည့် ခရီးသွားအဖွဲ့ (ဓာတ်ပုံများ- လူမှုကွန်ယက်)

 

Burma Associated Press

 

နီပေါ
အိန္ဒိယ
မြန်မာ
တောင်တက်ခြင်း
ရေခဲတောင်

Share With
bap-logo