Local News
မြန်မာ့အကျပ်အတည်း 'နိုင်ငံရေးအဖြေ ရနိုင်ခြေမရှိ' ဟု ကုလအထူးကိုယ်စားလှယ် ပြော
လွန်ခဲ့သော ၂ နှစ် က
နယူးယောက် - မတ် ၁၇
မြန်မာနိုင်ငံတွင် စစ်တပ်၏ ရက်စက်ကြမ်းကြုတ် ဖိနှိပ်မှုများကို ကျယ်ကျယ်ပြန့်ပြန့်တွန်းလှန်နေသည့် လူထုတော်လှန်ရေးသည် အရှိန်လျှော့ကျဖွယ်မရှိသေးဘဲ နှစ်ဖက်စလုံးက အင်အားသုံးအနိုင်ရရှိရေး ယတိပြတ် ကြိုးပမ်းနေမှုကြောင့် "စေ့စပ်ညှိနှိုင်းအဖြေရရှိရေး အလားအလာမရှိ" ဟု ကုလအထူးကိုယ်စားလှယ် နိုလင်းဟေဇာက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။
ကုလအထူးကိုယ်စားလှယ်က - ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ ရင်နင့်ဖွယ် ထိခိုက်ပျက်စီးနေရပြီး နိုင်ငံတဝှမ်းအကြမ်းဖက်မှုများ ကြောက်ခမန်းလိလိ ဆက်လက်မြင့်တက် နေကြောင်း ၁၉၃ နိုင်ငံပါ ကုလအထွေထွေညီလာခံတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာစစ်တပ်က အာဏာဆက်လက် ဆုပ်ကိုင်နိုင်ရေးအတွက် ဖေဖော်ဝါရီ ၁ ရက်နေ့ အရေးပေါ် အခြေအနေ သက်တမ်းတိုးပြီးချိန်ကတည်းက ဗုံးကြဲတိုက်ခိုက်မှု၊ လူနေအဆောက်အဦများမီးရှို့မှု၊ ကြီးလေးသော လူ့အခွင့်အရေး ချိုးဖောက်မှုများအပါအဝင် အင်အားအလွန်အကျွံ အသုံးပြုလာမှုနှင့် ပတ်သက်၍ အထူး ကိုယ်စားလှယ်က ထောက်ပြခဲ့သည်။ ထို့အပြင် စစ်တပ်၏ ဖြတ်လေးဖြတ် ဗျူဟာကြောင့်လည်း အရပ်သားများ ဆက်လက်ထိခိုက်နေရကြောင်း သူမက ပြောကြားခဲ့သည်။
၂၀၁၅ ခုနှစ်နောက်ပိုင်း နိုင်ငံပွင့်လင်းလာမှုမှ အကျိုးကျေးဇူးခံစားခံရသည့် လူငယ်မျိုးဆက်မှာ ယခုအချိန်တွင် စိတ်ပျက်လက်ပျက်အခြေအနေနှင့် ကြုံနေရပြီး မတတ်သာသည့်အဆုံး စစ်တပ်အုပ်ချုပ်မှုကို တော်လှန် တိုက်ခိုက်ရန် လက်နက်ကိုင်လမ်းစဉ်လိုက်သွားသူ အများအပြား ရှိကြောင်း ဟေဇာကို ဆိုသည်။
လက်ရှိ တိုက်ပွဲများဆက်လက်ပျံ့နှံ့နေပြီး ဒုက္ခရောက်သူ ပိုမိုများပြားလာကာ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာအကူအညီ လိုအပ်နေသည့် ပြည်သူ ၁၇ ဒဿမ ၆ သန်းအတွက် ကူညီထောက်ပံ့ရန် ပိုမိုခက်ခဲလာနေ ကြောင်းလည်း သူမက ပြောသည်။
ထို့အပြင် မြန်မာပြည်သူများ အကြောက်တရား၊ ခြိမ်းခြောက်ခံရမှုမရှိဘဲ ၎င်းတို့၏ နိုင်ငံရေးအခွင့်အရေးကို လွတ်လပ်စွာကျင့်သုံးခွင့်မရဘဲ ယခုနှစ်နှောင်းပိုင်းတွင် ကျင်းပရန် စီစဉ်ထားသည့် စစ်ကောင်စီရွေးကောက်ပွဲမှာ အကြမ်းဖက်မှုကို ပိုမိုဆိုးရွားစေလိမ့်မည်ဟု သူနည်းတူ ကုလအထွေထွေအတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ် ကလည်း ပြတ်ပြတ်သားသား ပြောကြားထားပြီးဖြစ်ကြောင်း ဆိုသည်။
"အရေးပေါ်အခြေအနေ သက်တမ်းတိုးရင်း အခြေအနေပြန်လည်ထိန်းချုပ်၊ အဲဒီကနေတဆင့် ရေရှည် စစ်ကျောထောက်နောက်ခံပြု အစိုးရတစ်ရပ် ဖန်တီးဖို့ ကြံစည်နေတဲ့ ဒီအာဏာရှင်အစိုးရကို ပြည်သူက အယုံအကြည်မရှိဘူး" ဟု ကုလအထူးကိုယ်စားလှယ်က ပြောသည်။
ထို့အပြင် မြန်မာပြည်သူများ၏ အနာဂတ်ကို အားလုံးပါဝင်သော အသံကို ကိုယ်စားပြုသည့် ပြည်သူ ဦးဆောင်သည့် ကြိုးပမ်းမှုဖြစ်စဉ်တစ်ခုကသာ အဆုံးအဖြတ်ပေးနိုင်မည် ဖြစ်ကြောင်း၊ ငြိမးချမ်း၍ အားလုံး ပါဝင်သော ဒီမိုကရေတစ်မြန်မာနိုင်ငံ ထူထောင်ရာတွင် ရိုဟင်ဂျာများအတွက် ရေရှည်တည်တံ့သည့် အဖြေ ကိုလည်းရှာဖွေထည့်သွင်းရန် လိုအပ်ကြောင်လည်း နိုလင်းဟေဇာက အလေးပေး ပြောကြားခဲ့သည်။
Source – AP
ပုံ - မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် နိုလင်းဟေဇာ။