Local News
စစ်ကောင်စီသည် ပြည်သူလူထုအပေါ် စနစ်တကျတိုက်ခိုက်နေဟု ဦးကျော်မိုးထွန်းပြော
လွန်ခဲ့သော ၂ နှစ် က
ဘီအေပီ၊ မတ် ၁၇
အဏာသိမ်းစစ်ကောင်စီသည် မြန်မာပြည်သူလူထုအပေါ်လူ့အခွင့်အရေးချိုးဖောက်ရုံမက၊ စနစ်တကျ တိုက်ခိုက် နေခြင်းဖြစ်ကြောင်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားခဲ့သည်။
အဆိုပါအကြောင်းအရာကို ယနေ့တွင်ပြုလုပ်ခဲ့သည့် ကုလသမဂ္ဂအထွေထွေညီလာခံ၏ အလွတ်သဘော အစည်းအဝေးတွင် မြန်မာနိုင်ငံရှိ ရိုဟင်ဂျာများနှင့် တိုင်းရင်းသားလူနည်းစုများ၏ အခြေအနေအပါအဝင် မြန်မာနိုင်ငံအခြေအနေနှင့်ပတ်သက်သည့် ဖြစ်ပေါ်တိုးတက်မှုများအား သံအမတ်ကြီးကပြောကြားခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အခြေအနေသည် နိုင်ငံရေးပါတီနှင့် စစ်တပ်အကြား ဖြစ်ပွားသည့် နိုင်ငံရေး ပဋိပက္ခ မဟုတ်ကြောင်း၊ စစ်တပ်မှအာဏာရှင်စနစ်ကိုအကောင်အထည်ဖော်ရန် ကြိုးပမ်း ခြင်းနှင့်နိုင်ငံအား ဥပဒေမဲ့သော၊ ဆိုးရွားသောနှင့် ဆင်းရဲနွမ်းပါးသော အနေအထားသို့ ရောက်အောင် ပြုလုပ်နေကြောင်း ဖြစ်သည်ဟု၎င်းကပြောသည်။
ထို့ပြင် စစ်တပ်၏လုပ်ရပ်များသည် လူ့အခွင့်အရေးချိုးဖောက်ယုံသာမက၊ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ် ခြင်းများ၊ လေကြောင်းမှဗုံးကျဲတိုက်ခိုက်ခြင်းများ၊ ကျေးရွာများသို့လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လူနေအိမ်များကိုမီးရှို့ခြင်းအစရှိသည်များကို ကျူးလွန်ခဲ့သည့်အတွက် (၁.၆) သန်းခန့် ပြည်သူများသည် ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူများဖြစ်လာကာ၊ (၁၈) သန်းခန့်သောပြည်သူများ သည် လူသားချင်းစာနာ ထောက်ထားမှုအကူအညီများကိုလိုအပ်နေကြောင်း ဦးကျော်မိုးထွန်းက ထပ်မံပြောကြားသည်။
လက်ရှိအချိန်အထိ စစ်တပ်သည်တရားဝင်ရွေးကောက်ခံထားရခြင်း မရှိသည့်အတွက်တရားဝင်မှု မရှိကြောင်း၊ အာဏာသိမ်းရန်ကြိုးပမ်းခြင်းကြောင့် ဒေသတစ်ခုလုံးနှင့်အိမ်နီးချင်းနိုင်ငံများ၏ ငြိမ်းချမ်း ရေး၊ လုံခြုံရေးတို့ကို မတည်မငြိမ်ဖြစ်ရကြောင်း၊ ထို့အပြင်နယ်စပ်ဒေသများတွင် မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုပြဿနာနှင့် နယ်ခြားဖြတ်ကျော်မှုခင်းများဖြစ်ပေါ်နေမှုသည် ထင်ရှားသည့်ဥပမာများ ဖြစ်သည်ဟုဆိုသည်။
စစ်ကောင်စီအနေဖြင့် နိုင်ငံရေးခေါင်းဆောင်များကိုဖမ်းဆီးထားသည့်အချိန်တွင် ကျင်းပမည့် ရွေးကောက်ပွဲ သည် ၎င်းတို့ တရားဝင်မှုရရှိရန်အတွက်သာ ကြိုးပမ်းခြင်းဖြစ်ပြီး၊ တရားမျှတမှု၊ လွတ်လပ်မှုနှင့် စစ်မှန်မှု တို့ရှိမည်မဟုတ်ကြောင်းနှင့် မြန်မာနိုင်ငံ၏အရေးအားဖြေရှင်းနိုင်မည့် နည်းလမ်းမဟုတ်ကြောင်း၊ ယင်းအစား နိုင်ငံတစ်ဝှမ်းတွင် သွေးချောင်းစီးမှုများကိုသာ ပိုမိုဖြစ်ပေါ်လာစေမည်ဖြစ်ကြောင်း ဦးကျော်မိုးထွန်းက ထောက်ပြပြောဆိုခဲ့သည်။
" စစ်အာဏာရှင်အား ခုခံတော်လှန်နေသည့် အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် ဒီမိုကရေစီ အင်အားစု များသည် မည်သည့်နိုင်ငံ၏ အကျိုးစီးပွားကိုမျှ ဆန့်ကျင်နေခြင်း မဟုတ်ကြောင်း၊ စစ်အာဏာရှင်၏ မတရား ပြုကျင့်မှုကိုသာ ဆန့်ကျင်နေခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံအား စစ်မှန်သော အကူအညီပေးလိုသော နိုင်ငံများ အနေဖြင့် ယင်းအင်အားစုများအား ယုံကြည်စိတ်ချရသည့် မိတ်ဖက်များအဖြစ် မြင်တွေ့နိုင်မည် ဖြစ်ကြောင်း" ၎င်းက ထပ်လောင်းပြောကြားသည်။
ထို့ကြောင့် နိုင်ငံတကာအသိုက်အဝန်းထံမှ မြန်မာနိုင်ငံအတွက်အကူအညီလိုအပ်ကြောင်း၊ အထူးအားဖြင့် ကုလ သမဂ္ဂ လုံခြုံရေးကောင်စီ၊ အထွေထွေညီလာခံနှင့် နိုင်ငံတစ်နိုင်ငံချင်းစီမှ ညှိနှိုင်း ဆုံးဖြတ်သည့် တိကျပြတ်သား သော အရေးယူဆောင်ရွက်ချက်များကို လိုအပ်နေကြောင်း ဦးကျော်မိုးထွန်းက တိုက်တွန်း ပြောကြားခဲ့သည်။
Burma Associated Press