bap-logo
Politics

ထိပ်တန်း ဗိုလ်ချုပ်ကြီးနှစ်ဦးကို စစ်ကောင်စီ က ထောင်ဒဏ် တစ်သက်တစ်ကျွန်းချ

FGCeApu4u_BvtsP4NqT02-image

လွန်ခဲ့သော တစ်နှစ် က

အောက်တိုဘာ ၁၀

ရာထူးကနေဖယ်ရှားပြီး ဖမ်းဆီစစ်ဆေးခံနေရတဲ့ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ ဗိုလ်မှူးချုပ် ရန်နောင်စိုး တို့ကို နိုင်ငံတော်သစ္စာဖောက်ဖျက်မှု၊ အဂတိလိုက်စားမှု၊ စစ်စည်းကမ်းဖောက်ဖျက်မှုတွေနဲ့ ထောင်ဒဏ် နှစ်(၂၀)နဲ့ ညီမျှတဲ့ တစ်သက်တစ်ကျွန်းပြစ်ဒဏ် ချမှတ်လိုက်တယ်လို့ ဒီကနေ့ အောက်တိုဘာ ၁၀ ရက်မှာ စစ်ကောင်စီက သတင်းထုတ်ပြန်လာပါတယ်။

 

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းဟာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံခြားသုံးငွေကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန် မြန်ဆန်ရေးဗဟိုကော်မတီဥက္ကဋ္ဌ တာဝန်တွေကို ထမ်းဆောင်နေစဉ်ကာလအတွင်းမှာ နိုင်ငံတော်ရဲ့ နိုင်ငံခြားသုံး ငွေဆိုင်ရာ မူဝါဒ၊ အရေးကြီးကုန်စည်ဆိုင်ရာ မူဝါဒနဲ့ အခြားစီးပွားရေးဆိုင်ရာ မူဝါဒတွေနဲ့ဆန့်ကျင်ပြီး ပုဂ္ဂိုလ်ရေးအကျိုးအမြတ် ရယူဆောင်ရွက်ခဲ့သလို၊ နိုင်ငံတော်ကချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ်တွေနဲ့ ဦးတည် ချက်တွေကို သွေဖယ်ပြီး နိုင်ငံတော်သစ္စာဖောက်ဖျက်မှုကို ကျူးလွန်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။

 

ဒါအပြင် ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းဟာ စားအုံးဆီတွေကို တင်သွင်းရာမှာလည်း သတ်မှတ်ရာခိုင်နှုန်းအတွက် ကျသင့်တဲ့ ဒေါ်လာတွေကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ရည်ညွှန်းဈေးနဲ့ ရောင်းချပေးဖို့ ညွှန်ကြားခဲ့ပေမဲ့ ခွင့်ပြုပေးထားတဲ့ သတ်မှတ်ရည်ညွှန်းဈေးထက် ကျော်လွန်ပြီးတော့ ဒေါ်လာတွေကို ဈေးတင် ရောင်းချနေတာကို အရေးယူဖို့ပျက်ကွက်ခဲ့သလို ကိုယ်တိုင်ပါဝင်ပတ်သတ်ခဲ့ပါတယ်။

 

ဆက်လက်ပြီး မိုးမြင့်ထွန်းဟာ ကုမ္ပဏီတွေဆီကနေ သူ့ရဲ့ ရာထူးလုပ်ပိုင်ခွင့်ကိုအသုံးချပြီး လက်ဆောင် ပစ္စည်းတွေရယူခဲ့သလို နိုင်ငံခြားသုံးငွေတွေကို တရားမဝင် လက်ဝယ်ကိုင်ဆောင် အသုံးပြုတာ၊ စစ်စည်းကမ်း ညွှန်ကြားချက်တွေကိုဖောက်ဖျက်ပြီး အရပ်ဘက်စီးပွားရေးလုပ်ငန်းတွေမှာ ပါဝင်လုပ်ဆောင်ခဲ့တာကြောင့် သက်ဆိုင်ရာဥပဒေပုဒ်မတွေနဲ့ စွဲချက်တင်ကာ စစ်တရားရုံးကနေ နှစ်(၂၀)ကာလနဲ့ ညီမျှတဲ့ တစ်သက်တစ်ကျွန်း ပြစ်ဒဏ် ချမှတ်ခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

 

နောက်တစ်ဦးဖြစ်တဲ့ ဗိုလ်မှူးချုပ် ရန်နောင်စိုးဟာလည်း ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန် မြန်ဆန်ရေးဗဟိုကော်မတီရဲ့ တွဲဖက်အတွင်းရေးမှူးတာဝန်ထမ်းဆောင်ခဲ့ချိန်မှာ နိုင်ငံခြားသုံးငွေဆိုင်ရာ မူဝါဒ၊ အရေးကြီးကုန်စည်ဆိုင်ရာ မူဝါဒနဲ့ အခြားစီးပွားရေးဆိုင်ရာ မူဝါဒတွေနဲ့ ဆန့်ကျင်ကာ နိုင်ငံတော် သစ္စာဖောက်ဖျက်မှုကို ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့အတူ ပူးပေါင်းကျူးလွန်ခဲ့သလို ရာထူးလုပ်ပိုင်ခွင့် အာဏာကို အသုံးချပြီး စီးပွားရေးလုပ်ငန်းရှင်တွေကို နိုင်ငံခြားငွေနဲ့ မြန်မာကျပ်ငွေလဲလှယ်ပေးတာ၊ စီးပွားရေး လုပ်ငန်းရှင်တွေဆီကနေ နိုင်ငံခြားငွေတွေနဲ့ မြန်မာကျပ်ငွေတွေ လက်ခံရယူတာနဲ့ လုပ်ငန်းရှင်တွေနဲ့ ဒုဗိုလ်ချုပ် ကြီးဟောင်း မိုးမြင့်ထွန်းနဲ့ ချိတ်ဆက်ပေးတာအပြင် နိုင်ငံခြားငွေတွေကို တရားမဝင် လက်ဝယ်ထားရှိသုံးစွဲခဲ့ တာတွေ အပါအဝင် စစ်စည်းကမ်းတွေ ဖောက်ဖျက်ပြီး အရပ်ဘက်စီးပွားရေးလုပ်ငန်းတွေမှာ ပါဝင်လုပ်ဆောင်ခဲ့ တာကြောင့် သက်ဆိုင်ရာ ဥပဒေပုဒ်မတွေနဲ့ စွဲချက်တင်ပြီး စစ်ခုံရုံးကနေ နှစ်(၂၀)ကာလနဲ့ ညီမျှတဲ့ တစ်သက် တစ်ကျွန်းပြစ်ဒဏ် ချမှတ်ခဲ့တယ်လို့ စစ်ကောင်စီက ဒီကနေ့ အောက်တိုဘာ ၁၀ ရက် ညပိုင်းမှာ သတင်း ထုတ်ပြန်ပါတယ်။

 

အဲဒီလို နိုင်ငံတော်သစ္စာဖောက်ဖျက်မှု၊ အဂတိလိုက်စားမှု၊ စစ်စည်းကမ်းဖောက်ဖျက်မှုတွေနဲ့ ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ်ခံရတဲ့ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ ဗိုလ်မှူးချုပ် ရန်နောင်စိုးတို့ကို ဘယ်နေ့ ဘယ်ရက်က ဘယ်မှာဖမ်းဆီးခဲ့တယ်ဆိုတာ ဖော်ပြမထားသလို ပြစ်ဒဏ်ချမှတ်ထားတဲ့ ပုဒ်မတွေကိုလည်းဖော်ပြထားတာ မရှိပါဘူး။

 

ပုံစာ- ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း(ဝဲ) ဗိုလ်မှုးချုပ် ရန်နောင်စိုး (ယာ)

 

Burma Associated Press

အမိန့်ချ
ဗိုလ်ချုပ်ကြီးများ
စစ်ကောင်စီ

Share With
bap-logo