bap-logo
Politics

ဒေါ်အောင်ဆန်းစုကြည်ကို အဂတိနဲ့ ထောင်ဒဏ်ချခဲ့တဲ့ အမှုခြောက်မှုအတွက် အထူးအယူခံများ ပယ်ချခံရ

Ab4QOfuMV-gVoZ0VsidNt-image

လွန်ခဲ့သော တစ်နှစ် က

နေပြည်တော်၊ အောက်တိုဘာ ၆။

 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ချမှတ်ထားတဲ့ ထောင်ဒဏ်တွေကို ပြောင်းလဲ ပေးဖို့ အယူခံတွေတက်ထားရာမှာ အဂတိမှုနဲ့ စွပ်စွဲထောင်ဒဏ်ချမှတ်ခဲ့တဲ့ အမှုခြောက်မှုအတွက် အထူးအယူခံကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဒီနေ့မှာပဲ ပယ်ချလိုက်တယ်လို့ နေပြည်တော် တရားရုံးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေဆီကနေသိရပါတယ်။

 

 

ပယ်ချခံလိုက်ရတဲ့ အထူးအယူခံမှုတွေထဲမှာ NLD အစိုးရလက်ထပ်တုန်းက ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းက ဆောင်ရွက်တဲ့ လရောင်တော စီမံကိန်းတွေအတွက် နေပြည်တော်မှာ မြေငှားရမ်း ခဲ့တာ၊ အဲသည်မြေပေါ်မှာ အဆောက်အအုံဆောက်လုပ်ခဲ့တာနဲ့ ရန်ကုန်မှာ ဖောင်ဒေးရှင်းအတွက် အဆောက်အအုံငှားရမ်းခဲ့တာတွေနဲ့ သက်ဆိုင်တဲ့အမှုတွေပါဝင်ပါတယ်။

 

 

ပြီးတော့ လုပ်ငန်းရှင်မောင်ဝိတ်ဆီကနေ အမေရိကန်ဒေါ်လာ ငါးသိန်းခွဲ ရယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထောင်ဒဏ်ချမှတ်ခဲ့တဲ့ အမှုနှစ်မှုလည်းပါဝင်ပါတယ်။

 

 

ဒီအမှုတွေနဲ့ပတ်သက်ပြီး အနည်းဆုံးအယူခံတစ်ကြိမ်စီဝင်ခဲ့ပြီးပါပြီ။ ဒါပေမယ့်​ ပယ်ချခံခဲ့ရလို့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှာ အထူးအယူခံထပ်တက်ရာမှာ လက်ခံကြားနာခြင်းမပြုဘဲ ထပ်မံပယ်ချခံခဲ့ရတာပါ။

 

 

အသက် ၇၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အာဏာသိမ်းပြီးနောက် အမှု ၁၉ မှု နဲ့ တရားစွဲခံ ခဲ့ရပြီးထောင်ဒဏ် ၃၃ နှစ်ချမှတ်ခဲ့ခဲ့ရပါတယ်။

 

 

စစ်ကောင်စီခေါင်းဆောင်က ပြီးခဲ့တဲ့ ဩဂုတ်လက အမှု ငါးမှုအတွက် ထောင်ဒဏ် ခြောက်နှစ်ကို လွတ်ငြိမ်းခွင့် ပေးခဲ့တဲ့အတွက် လက်ရှိမှာ အမှု ၁၄ မှုအတွက် ထောင်ဒဏ် ၂၇ နှစ်ကို ဆက်လက် ကျခံနေရပါတယ်။

 

Burma Associated Press

 

အောင်ဆန်းစုကြည်
အယူခံ
ပယ်ချခံရ

Share With
bap-logo