bap-logo
Politics

ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်ရောက်ရန် KNU ကို စောင့်ဆိုင်းပေးခဲ့သည့် စစ်ခေါင်းဆောင်ကို ကျေးဇူးတင်ဟု စောမူတူးစေးဖိုးနှင့် အဖွဲ့ပြော

19U9n5Z7Zjc3Um_PMjFVV-image

လွန်ခဲ့သော တစ်နှစ် က

အောက်တိုဘာ ၁။

ကရင်အမျိုးသားအစည်းအရုံး-KNU ဥက္ကဌဟောင်း စောမူတူးစေးဖိုးနှင့် အဖွဲ့ဝင်များက KNU ကို ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်ရောက်ရန် စိတ်ရှည်စွာဖြင့် စောင့်ဆိုင်းပေးသည့် စစ်ခေါင်းဆောင်ကို ကျေးဇူးတင် ကြောင်း ပြောကြားလိုက်သည်။

 

တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးစာချုပ်- NCAနှင့်ပတ်သက်၍ အထောက်အထားမဲ့ လက်လွတ်စပယ် ပြောကြားမှုများကို လက်သင့်မခံနိုင်ကြောင်းနှင့် NCA သည် ပျက်ပြယ်မှုမရှိ တည်ရှိခိုင်မာနေမည့် တရားဝင် စာချုပ်ဖြစ်ကြောင်းလည်း စောမူတူးစေးဖိုးက ပြောဆိုလိုက်သည်။

 

စောမူတူးစေးဖိုးက အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံချိန် ယခုလို ထုတ်ပြောလာသည်ဟု စစ်ကောင်စီဘက်က ထုတ်ပြန်ထားခြင်းဖြစ်သည်။

 

KNU သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း-EAO ဖြစ်ပြီး PDF အမည်ခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များသည် ပြည်သူလူထုကို ထိခိုက်စေရန်နှင့် နယ်မြေတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်အဖွဲ့များဖြစ်သည်ဟုလည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဆိုပါ တွေ့ဆုံပွဲတွင် ပြောဆိုထားသည်။

 

စောမူတူးစေးဖိုးအနေဖြင့် NCA လက်မှတ်ရေးထိုးခဲ့သည့် ကရင်တိုင်းရင်းသား ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ကရင်လူမျိုးများ၏ ငြိမ်းချမ်းရေးအတွက် တာဝန်ရှိနေဆဲဖြစ်သည်ဟုလည်း စစ်ခေါင်းဆောင်က ဆိုသည်။

 

စောမူတူးစေးဖိုးအပါအဝင် KNU ဗဟိုကော်မတီဝင်ဟောင်း စောရောဂျာခင်၊ ဒူးပလာယာခရိုင်ဥက္ကဋ္ဌ ပဒိုရွှေမောင်းတို့က စက်တင်ဘာ ၃၀ ရက်တွင် နေပြည်တော်၌ စစ်ခေါင်းဆောင်နှင့် တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

 

စစ်တပ်အာဏာသိမ်းမှုသည် ကရင်အမျိုးသားအစည်းအရုံးနှင့် တိုင်းရင်းသားလူမျိုးများ၏ ရည်မှန်းချက် ပန်းတိုင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန်နှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေသည်ဟု စစ်တပ် အာဏာသိမ်းပြီး ကိုးရက်အကြာတွင် စောမူတူးစေးဖိုးက ထုတ်ပြောထားဖူးသည်။

 

စောမူတူးစေးဖိုးသည် ၂၀၁၅ ခုနှစ်က NCA စာချုပ်ကို KNU ကိုယ်စား ပါဝင်လက်မှတ် ရေးထိုးခဲ့သူဖြစ်ပြီး ယခုနှစ်တွင် တာဝန်မှအနားယူခဲ့သည်။

 

ပုံစာ- ယမန်နေ့က စောမူတူးစေးဖိုးနှင့် စစ်ခေါင်းဆောင်တို့ တွေ့ဆုံစဉ်

 

Burma Associated Press

ကေအဲန်ယူ
စစ်ကောင်စီ
စောမူတူးစေးဖိုး

Share With
bap-logo