bap-logo
Article

ပြည်တွင်းစစ်အောက်က နိုင်ငံတစ်ခု

DnX0Viqa0lgHfsquhE49m-image

လွန်ခဲ့သော တစ်နှစ် က

(ယခုနှစ် မတ်လက မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သော BBC သတင်းထောက် Jonathan Head ရဲ့ မြန်မာ ခရီးစဥ် အကြောင်း ဆောင်းပါးကို ဘာသာပြန်ထားခြင်းဖြစ်ပါတယ်။)

 

အင်းလေးကန်ရဲ့ ကြည်လင်နေတဲ့ရေပြင်ပေါ်မှာ လှေငယ်တွေဟာ ရှေ့တိုး၊ နောက်ငင်ရွေ့လျားနေတယ်။ တချို့ လှေသမားတွေက ကျွန်းမျောတွေကို ပြုလုပ်နေပြီး၊ တချို့ကတော့ ငါးဖမ်းမြုံးတွေကို ချလို့နေတယ်။

 

မြူဆိုင်းနေတဲ့လေထုကြောင့် အပြာရောင်ဖြစ်နေတဲ့ ရှမ်းတောင်တန်းတွေနဲ့ လှပလွန်းတဲ့ နောက်ခံကားချပ် သဖွယ် ဖြစ်နေတဲ့ အင်းလေးကန်ဟာ မြန်မာကို ကမ္ဘာလှည့်ခရီးသွားတွေ လာနေသရွေ့ သွားကိုသွားရမယ့် နေရာတစ်နေရာပါ။

 

သို့ပေမယ့်လည်း အခုချိန်မှာတော့ မြန်မာမှာ ကမ္ဘာလှည့်ခရီးသွားတွေ မရှိသလောက်ပါပဲ။ ပထမတော့ ကိုဗစ် ကပ်ရောဂါဘေးနဲ့ နောက် နှစ်နှစ်မှာတော့ စစ်တပ်ရဲ့အာဏာသိမ်းမှုတွေဟာ ကမ္ဘာလှည့်ခရီးသွားတွေကို နှင်ထုတ် သလို ဖြစ်ခဲ့ပါတယ်။

 

ကျွန်တော်တို့ဟာ သုံးနှစ်အတွင်း အင်းလေးကို ပထမဆုံးရောက်ရှိတဲ့ နိုင်ငံခြားသားခရီးသွားတွေပါပဲလို့ ကျွန်တော်တို့ရဲ့ အင်းသား လှေသမားလေးက ပြောခဲ့ပါတယ်။ သူ့မိသားစုကို ရှာဖွေကျွေးမွေးရာမှာတောင် သူအတော်လေး အခက်တွေ့ခဲ့တယ်လို့ လှေသမားက ဆက်ပြောခဲ့သေးတယ်။

 

ကမ္ဘာလှည့်ခရီးသွားတွေမလာတော့တာမို့ အင်းလေးကန်ထဲမှာ ငါးဖမ်းသူတွေများလာပြီး ငါးဖမ်းရရှိမှုတွေ ဟာလည်း နည်းလာကြောင်း တခြားလှေသမားတွေကလည်း ကျွန်တော်တို့ကို ပြောခဲ့ပါတယ်။

 

မြန်မာမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ရက်သတ္တပတ်အတွင်းမှာပဲ ဆန္ဒဖေါ်ထုတ်သူတွေကို စစ်တပ်က သေစေနိုင်တဲ့အထိ အင်အားသုံးနှိပ်ကွက်ခဲ့ပြီးနောက် ပြည်တွင်းစစ်ဖြစ်ပွားဖို့က ပိုနီးစပ်လာခဲ့ပါတယ်။

 

အင်းလေးကန်ကနေ တောင်ဖက် ကီလိုမီတာ ၁၀၀ အကွာမှာ အာဏာသိမ်းစစ်အုပ်စုကို အပြင်းထန်ဆုံး ခုခံတိုက်ခိုက်နေတဲ့ ကရင်နီလက်နက်ကိုင်တပ်ဖွဲ့တွေဟာ ရှမ်းပြည်နယ်ထဲကို ဖြတ်ကျော်ဝင်ရောက်လာပြီး ဒေသခံ ပကဖ (pdf) တပ်ဖွဲ့တွေနဲ့ ပူးပေါင်းခဲ့ပါတယ်။

 

၂၀၂၃ ဇန်နန်ဝါရီထဲမှာပဲ အင်းလေးကန်နဲ့ ကီလိုမီတာလောက်ပဲ ဝေးတဲ့အရပ်မှာ အင်းသား ပကဖ အဖွဲ့တွေနဲ့ စစ်တပ်အကြား ထိပ်တိုက်ပစ်ခတ်မှုတခုဖြစ်ပွားခဲ့ပါတယ်။

 

ကျွန်တော်တို့မှာ လွတ်လပ်မှုဆိုတာ ရှိခဲ့ဖူးတယ်။ ရုတ်တရက်ဆိုသလို အကုန်လုံးက အဆုံးသတ်ခဲ့သလိုပဲ၊ လွတ်လပ်မှုဆိုတာ ပျောက်ဆုံးသွားတာ။ အခုတော့ စစ်အာဏာသိမ်းမှုကို လူငယ်တွေအကုန်လုံးက စိတ်တိုနေ ကြတာပေါ့လို့ ကျွန်တော်တို့ရဲ့ အင်းသားလှေသမားက ပြောခဲ့ပါတယ်။

 

ကျွန်တော်တို့မှာ လွတ်လပ်မှုဆိုတာ ရှိခဲ့ဖူးတယ်။ ရုတ်တရက်ဆိုသလို အကုန်လုံးက အဆုံးသတ်ခဲ့သလိုပဲ၊ လွတ်လပ်မှုဆိုတာ ပျောက်ဆုံးသွားတာ။ အခုတော့ စစ်အာဏာသိမ်းမှုကို လူငယ်တွေအကုန်လုံးက စိတ်တိုနေ ကြတာပေါ့

 

 

ပြည်တွင်းစစ်ကနေ အတော်အသင့် ကင်းလွတ်ခွင့်ရနေသေးတဲ့ ရန်ကုန်နဲ့ နေပြည်တော်ရဲ့အပြင်ဖက်မှာ စစ်အစိုးရက ကျွန်တော်တို့ကို အလည်သွားခွင့်ပေးတဲ့နေရာဆိုလို့ နှစ်နေရာပဲ ရှိပါတယ်။ အဲ့ထဲကတစ်နေရာက အင်းလေးကန်ပါပဲ။ ဒီလိုကြောင့်ပဲ ကျွန်တော်တို့အင်းလေးကန်ကို အလည်သွားခဲ့ရတာပါ။

 

ဒါဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် BBC သတင်းဌာနကို ပထမဆုံးပေးခဲ့တဲ့ ပြည်ဝင်ခွင့် (ဗီဇာ) လည်း ဖြစ်ပါတယ်။ ဒီခရီးစဥ်မှာ တပ်မတော်နေ့စစ်ရေးပြအခမ်းအနားကိုပါ တရားဝင်တက်ရောက်ခွင့်ရခဲ့ပါတယ်။ တားမြစ်ပိတ်ပင်ထားတဲ့အဖွဲ့တွေ၊ လူပုဂ္ဂိုလ်တွေနဲ့ စကားပြောခွင့်မပြုကြောင်းကို ကျွန်တော်တို့ရဲ့ ပြည်ဝင်ခွင့်မှာ တစ်ခါတည်း သတိပေးရေးသားထားပါသေးတယ်။

 

စစ်တပ်ကိုအပြစ်တင်ဝေဖန်မှုတွေဟာ ရာဇဝတ်မှုမြောက်ကြောင်း ဥပဒေအသစ်တွေက ပြဌာန်းထားတဲ့အချိန်မှာ ဘယ်သူတွေကရော ဘာအကြောင်းအရာတွေကို ဘေးကင်းကင်းနဲ့ပြောနိုင်ပါ့မလဲ။

 

မြန်မာစစ်တပ်က ၎င်းရဲ့တပ်တွေအတွက် ဘေးအကင်းဆုံးလို့ထင်ရတဲ့ နေရာတွေမှာတောင် မြန်မာဟာ အနား စွန်းမှာ ခပ်တဲတဲအခြေအနေသာရှိတော့တယ်ဆိုတာကို မခံစားမိဘူးဆိုတာ မဖြစ်နိုင်ပါဘူး။

 

လမ်းမတွေပေါ်မှာရှိနေတဲ့ ရဲအရာရှိအားလုံးနီးပါးဟာ အသင့်ပစ်ခတ်နိုင်တဲ့လက်နက်တွေကို ကိုင်ဆောင်ထားကြ ပါတယ်။ မောင်းနေတဲ့ကားပေါ်ကပစ်ခတ်မှုတွေနဲ့ လုပ်ကြံရန်ကြိုးပမ်းမှုအန္တရာယ်တွေကို သတိထားတဲ့အနေနဲ့ ရဲတွေကလည်း ၎င်းတို့ရဲ့ သဲအိတ်ခံတပ်တွေနောက်မှာပဲ အဓိကအားဖြင့်ရှိနေကြပါတယ်။

 

ခရီးလမ်းရှည်တွေမှာလည်း စစ်တပ်ရဲ့စစ်ဆေးရေးဂိတ်တွေကို ဖြတ်သန်းရတာက ထီထိုးရသလိုပါပဲ။ သူတို့က လက်ဝှေ့ပြီး ဖြတ်သန်းလို့ရကြောင်း ပြောရင်ပြော၊ နို့မဟုတ်ရင် ဖြတ်သန်းခွင့်မရဘူး ဆိုတာမျိုး ကြုံရနိုင်တာကြောင့်ပါ။

 

အင်းလေးအနီးက သဲအိတ်ခပ်ထူထူ၊ ခပ်များများနဲ့လုပ်ထားတဲ့ စစ်ဆေးရေးဂိတ်တစ်ခုမှာဆိုရင် နိုင်ငံခြားသား တွေ အတွက် အန္တရာယ်ကြီးတာမို့ နောက်ကို နိုင်ငံခြားသားတွေကို ထပ်ခေါ်မလာဖို့ စစ်သားတွေက ကျွန်တော်တို့ ကားဆရာကို သတိပေးပြောကြားခဲ့ပါတယ်။

 

အင်းလေးမှာ နှစ်ရက်လောက်နေခဲ့ပြီး မတူခြားနားတဲ့သူတွေနဲ့ တတ်နိုင်သမျှ ကျွန်တော်တို့ စကားပြောခဲ့ပါတယ်။ အင်းလေးမှာ အခြားနိုင်ငံခြားသားခရီးသွားရယ်လို့မရှိသလောက် ဖြစ်နေတာမို့ ကျွန်တော်တို့က ထင်းနေတာပါပဲ။

 

ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ပြိုလဲပျက်စီးခြင်းက ဒေသခံတွေအတွက် စီးပွား‌ရေးကပ်ဆိုက်တာပါပဲ။ ကျွန်တော်တို့တည်းတဲ့ ဟိုတယ်မှာဆို လူမရှိသလောက်ပါပဲ။ အင်းလေးအနီးက ညောင်ရွှေမြို့ရှိ ဟိုတယ် အတော်များများမှာလည်း အဲဒီလို ဗလာနီးပါးပါပဲ။

 

ကျွန်တော်တို့တည်းခိုနေထိုင်စဥ် မြို့မှာ လျှပ်စစ်မီးမရတာကြောင့် တည်းခိုသူတွေ ညဖက်ပြန်ရောက်ချိန်မှာ ဟိုတယ်က ၎င်းတို့ရဲ့မီးစက်ကို ဖွင့်ပေးရပါတယ်။

 

ဇန်နန်ဝါရီလတုန်းက တိုက်ပွဲဖြစ်ပွားခဲ့တဲ့ သံတောင်မှာ ကျွန်တော်တို့ ခဏရပ်နားခဲ့ပါသေးတယ်။ အဲဒီနေ့က ဈေးနေ့ပေါ့။ ဘယ်သူကမှ ဖြစ်ခဲ့တဲ့တိုက်ပွဲအကြောင်းကို မပြောပြချင်ခဲ့ပါဘူး။ အများစုကတော့ ကုန်ဈေးနှုန်း တက်လာတာနဲ့ ဝယ်သူတွေရှားပါးလာတာကိုပဲ ညည်းညူပြောကြားခဲ့ကြပါတယ်။

 

ဒီမှာအခြေအနေတွေဆိုးကုန်တာ အကုန်လုံးက သူ့ကြောင့်ပဲလို့ အဖိုးအိုတစ်ဖွဲ့က ကောင်းကင်ကို လက်ညှိုးနဲ့ ထိုးပြီး ကျွန်တော်တို့ကို ပြောခဲ့ပါတယ်။ ဒါဟာ အာဏာသိမ်းစစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ကို ရည်ညွှန်း ပြောဆိုမှုတစ်ခုလည်း ဖြစ်ပါတယ်။

 

အင်းလေးကန်ရဲ့ ငွေပန်းတိမ်ဆိုင်တစ်ဆိုင်က ငွေထည်တွေခင်းကျင်းပြသတဲ့ ဖန်ဗီရိုတွေထဲလည်း ဘာမှ ရှိမနေပါဘူး။ ရှည်လျားတဲ့သစ်သားအဆောက်အဦးရဲ့ အစွန်းတစ်ဖက်မှာသာ ရံဖန်ရံခါမှလာတတ်တဲ့ နိုင်ငံခြား သားခရီးသွားတွေကို ပြသဖို့ရန် ငွေထည်တွေခင်းထားပါတယ်။

 

သို့ပေမယ့်လည်း အခန်းရဲ့အလယ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတူပန်းချီတစ်ချပ်ကို ချိတ်ဆွဲထားတာကို မလွဲမသေ မြင်နိုင်ပါတယ်။ ဒီအမျိုးသမီး အပေါ်ထားတဲ့ သစ္စာတရားဟာ အင်လေးကန်မှာ နက်နက်ရှိုင်းရှိုင်းနဲ့ကို စီးဆင်းနေဆဲပါပဲ။

 

အခန်းရဲ့အလယ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတူပန်းချီ တစ်ချပ်ကို ချိတ်ဆွဲထားတာကို မလွဲမသေ မြင်နိုင်ပါတယ်။ ဒီအမျိုးသမီး အပေါ်ထားတဲ့ သစ္စာတရားဟာ အင်လေးကန်မှာ နက်နက်ရှိုင်းရှိုင်းနဲ့ကို စီးဆင်းနေဆဲပါပဲ။

 

 

ဆန္ဒပြဖို့အခွင့်အလမ်းရခဲ့တဲ့နေ့တွေတုန်းကဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို ဖြုတ်ချအာဏာသိမ်းခဲ့တာကို မကျေနပ်ကြောင်း လှေနဲ့ဆန္ဒပြမှုတွေကို ဒေသခံတွေဟာ အင်းလေးကန်ရေပြင်ပေါ် ပြုလုပ်ခဲ့မယ်ဆိုတာ အသေအချာပါပဲ။

 

ကျွန်တော်တို့ သူ့ကို ချစ်မြတ်နိုးနေဆဲပဲ။ သူ ခုလိုဖြစ်ပျက်ခဲ့ရတာတွေအပေါ် ကျွန်တော်တို့ ဝမ်းနည်း ကြေကွဲရပါတယ်လို့ ငွေပန်းထိမ်ရဲ့ မန်နေဂျာက ကျွန်တော်တို့ကို ပြောခဲ့ပါတယ်။

 

အခုလို စီးပွား‌ရေးကျပ်တည်းမှုနဲ့ ပြောင်ပြောင်တင်းတင်း အာဏာဖီဆန်နေတာဟာ စစ်အစိုးရကို ဘယ်လောက် ထိ အခက်တွေ့စေပါသလဲ။ မြို့တော် နေပြည်တော်က သူ့ရဲ့ခံတပ်လေးထဲမှာပဲ ဘေးကင်းနေတဲ့ အာဏာသိမ်း စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ကတော့ ဒီအချက်တွေကိုတောင် ဘယ်လောက်ထိသိနိုင်မလဲဆိုတာ မရှင်းလင်းပါဘူး။

 

လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က လျို့ဝှက်စွာတည်ရှိတဲ့နေရာမှာ တည်ဆောက်ခဲ့တဲ့ ဒီအစိမ်းပြင်ပြင်မြို့တော်ဟာ မြန်မာစစ်အုပ်ချုပ်ရေးသမားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ကွန်းခိုရာ အရပ်တစ်ခုပါပဲ။

 

မြို့ကိုတည်ဆောက်ခဲ့တဲ့ ကုန်ကျစရိတ်ကလည်း အတော်လေးများခဲ့ပါတယ်။ နေပြည်တော်ကို တော်ရုံ မထိုး ဖေါက်နိုင်တဲ့ ခံတပ်တစ်ခုအနေနဲ့ တည်ဆောက်ခဲ့တယ်ဆိုတာ ပေါ်လွင်နေပါတယ်။ ပြည်ပကျူးကျော်တိုက်ခိုက်မှု (သို့) လူထုနောက်ခံပြု ထကြွမှုတွေကို တောင့်ခံနိုင်ဖို့လည်း ရည်ရွယ်ခဲ့ဟန်တူပါတယ်။

 

မင်းအောင်လှိုင်က တပ်မတော်နေ့မှာ ပြောခဲ့တဲ့မိန်ခွန်းမှာဆိုရင် တိုင်းပြည်အာဏာသိမ်းခြင်းဆိုတဲ့ သူ့ရဲ့ ကံဆိုးပြီး မအောင်မြင်တဲ့ဆုံးဖြတ်ချက်အပေါ် သံသယဝင်မိတယ်ဆိုတာကို တစ်ခွန်းတစ်လေကိုမှ မဟခဲ့ပါဘူး။

 

အဲဒီအစားကျွန်တော်တို့ ကြားခဲ့ရတာတွေကတော့ မြန်မာစစ်တပ်ရဲ့နားယဥ်ပြီးသား ဒဏ္ဏာရီဆန်ဆန် သမိုင်း ကြောင်းဟောင်းတွေပါပဲ။ စစ်တပ်ကပဲ တစ်နိုင်ငံလုံးကို တစ်စုတစ်စည်းအဖြစ် စုစည်းနိုင်ခဲ့တယ်ဆိုမျိုးပေါ့။

 

မင်းအောင်လှိုင်က ထိုကဲ့သို့ပြောခဲ့ပေမယ့်လည်း စစ်တပ်က တိုင်းပြည်အုပ်ချုပ်ရေးရဲ့ထိပ်ဆုံးမှာရှိခဲ့တဲ့ ၁၉၈၀ နဲ့ ၁၉၉၀ နှစ်တွေကနေစပြီး မြန်မာ့ရဲ့ စီးပွား‌ရေးနဲ့ လူ့အရင်းအမြစ်ဖွဲ့ဖြိုးမှု တိုးနှုန်းပြကိန်းတွေဟာ မြောက် ကိုရီးယားကလွဲလို့ ကျန်တဲ့နိုင်ငံတွေအောက်ထိ ထိုးကျခဲ့ပါတယ်။

 

လျှပ်စစ်မီးတောင် ပုံမှန်မရတဲ့နိုင်ငံမှာ စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်က သူ့ရှေ့က စစ်ခေါင်းဆောင်တွေရဲ့ နျူကလီးယားလျှပ်စစ်ဓာတ်အားစီမံကိန်းတို့၊ လျှပ်စစ်ကားစီမံကိန်းတို့လိုမျိုး ဝင့်ဝါတဲ့စီမံကိန်းတွေကို နှစ်သက် သူပါ။ စီးပွား‌ရေးမြို့တော် ရန်ကုန်မှာလည်း ဈေးဆိုင်တိုင်းရဲ့အပြင်ဖက်မှာ ဈေးကြီးပြီး လေထု ညစ်ညမ်းစေတဲ့ မီးစက်သံတွေရဲ့ ဆူညံသံကို ကြားနိုင်ပါတယ်။

 

ရန်ကုန်ရဲ့လေထုကလည်း နဲနဲတော့ သုန်မှုန်နေပြီး ဆောင်ရွက်ဆဲစီးပွား‌ရေးလုပ်ငန်းတွေရှိနေပေမယ့် စစ်အာဏာ မသိမ်းခင်ကထက် လုပ်ငန်းလုပ်ကိုင်မှုတွေက အများကြီးလျော့ပါးသွားပါပြီ။

 

စားသောက်ဆိုင် နဲ့ ဘားအများအပြားဟာ ပိတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ စစ်အစိုးရလက်ထက်တွေမှာတောင် ဖွင့်လှစ်ခဲ့ တဲ့ ကမ်းနားလမ်းဟိုတယ် (Strand Hotel) နဲ့ ရှမ်ဂရီလာ ဟိုတယ် (Shangri-La) တို့တောင် အခုပိတ်ထားပြီး အတားအဆီးတွေ ချထားပါတယ်။

 

ဘဏ်စနစ်တွေကလည်း အပြည့်အဝမလည်ပတ်နိုင်ပါဘူး။ ပြည်တွင်းငွေကြေးဖြစ်တဲ့ မြန်မာကျပ်ငွေဟာ ပြိုလဲခဲ့ပြီး မှောင်ခိုဈေးကွက်မှာလည်း တရားဝင်ငွေလဲလှယ်နှုန်းထက်ကို အများကြီးပေးချေရမှုတွေပါတယ်။ ဒါ့အပြင် တိုက်ခိုက်မှုတွေဟာ ရံဖန်ရံခါရှိနေဆဲပါ။ ကျွန်တော်တို့ ရန်ုကုန်ကို‌ရောက်တဲ့နေ့မှာတောင် အာဏာသိမ်း စစ်အုပ်စုအတွက် အလုပ်လုပ်ပေးနေတဲ့ ရှေ့နေတစ်‌ယောက် ပစ်ခတ်ခံရပြီးသေဆုံးခဲ့ပါတယ်။

 

စစ်ဗိုလ်တွေဟာ လွန်ခဲ့တဲ့ နှစ် ၂၀ က သူတို့ကြိုးစားခဲ့သလိုမျိုး ရွေးကောက်ပွဲနောက်ကွယ်မှာ သူတို့ရဲ့ အာဏာအရှိန်အဝါတွေနဲ့ သူတို့ရဲ့ ဒီမိုကရေစီအတုအယောင်ကို ပုံပြန်ဖေါ်ဖို့အချိန်ရှိသေးတယ်လို့ တကယ်ပဲ ယုံကြည်နေဆဲလား။ ခုတစ်ကြိမ်မှာတော့ လူကြိုက်အလွန်များတဲ့ ဒေါ်အောင်ဆန်းစုကြည် မပါဘဲနဲ့ပေါ့။

 

၁၉၈၈ မှာ စစ်တပ်က တိုင်းပြည်အာဏာကို အကြမ်းဖက်သိမ်းပြီးချိန်ကနေ ၂၀၁၂ ခုနှစ်မှာ စစ်တပ်က ဦးဆောင်ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်မယ်ဆိုတဲ့ ကတိကြောင့် ဒေါ်အောင်ဆန်း စုကြည်ကို လွှတ်ပေးခဲ့တဲ့အထိကို ၂၄ နှစ်ကြာခဲ့ပါတယ်။ ဒါဟာ ၁၉၅၀ ခုနှစ်များကစပြီး မြန်မာမှာ နိုင်ငံရေး လွတ်လပ်မှုတွေကို ရရှိခံစားခဲ့ရတဲ့ ပထမဆုံးသောနှစ်ကာလတွေပါပဲ။

 

မင်းအောင်လှိုင်က သူ့မှာ ဇိမ်ခံဖို့အချိန်မပြောနဲ့၊ သူ့ရဲ့ ဖိနှိပ်ချုပ်ချယ်ရေးဆိုင်ရာ ကစားစရာစာအုပ်ဟောင်းကို ဖုန်ခါဖို့အချိန်တောင် မရှိဘူးဆိုတာကို သိနားလည်ပုံပေါက်ပါတယ်။

 

မင်းအောင်လှိုင်က သူ့မှာ ဇိမ်ခံဖို့အချိန်မပြောနဲ့၊ သူ့ရဲ့ ဖိနှိပ်ချုပ်ချယ်ရေးဆိုင်ရာ ကစားစရာစာအုပ်ဟောင်းကို ဖုန်ခါဖို့ အချိန်တောင် မရှိဘူးဆိုတာကို သိနားလည်ပုံပေါက်ပါတယ်။

 

 

နိုင်ငံတကာမျက်နှာစာမှာ တရားဝင်မှုတစ်ခုရဖို့ ရွေးကောက်ပွဲတစ်ခုကို သူအသေအလဲ လိုအပ်နေပါတယ်။ သူ့ရဲ့ရက်စက်ယုတ်မာမှုတွေနဲ့စပ်လျဥ်ပြီး သိပ်မရွံရှာတက်တဲ့ တရုတ်နဲ့ ထိုင်းဆီကနေ သူ့ကို ထောက်ခံနေခြင်း တွေ ပိုရစေဖို့ ရွေးကောက်ပွဲကျင်းပပြီး တရားဝင်ဖြစ်စေဖို့ဆိုတာ သူ့အတွက် လိုအပ်ပါတယ်။

 

၂၀၂၃ နှစ်စမှာတော့ ရွေးကောက်ပွဲကို သြဂုတ်မှာ ကျင်းပမယ်လို့ဆိုခဲ့ပေမယ့် သူ့ရဲ့အစိုးရအဖွဲ့က နိုင်ငံရဲ့နယ်မြေ အများအပြားကို ထိန်းချုပ်နိုင်မှု ကျဆင်းနေဆဲပါ။

 

ယခုနှစ်ထဲမှာ လေကြောင်းအင်အားကို အလွန်အမင်းအသုံးပြုခဲ့ပြီး ပြီးခဲ့တဲ့အပတ်က လူ ၁၇၀ ကျော်ကို သေဆုံးစေခဲ့တဲ့ ပဇီကြီးရွာကို လေကြောင်းတိုက်ခဲ့မှုဟာ အဆိုးဝါးဆုံးဖြစ်ခဲ့ကာ ဒါက ရှေ့နှစ်ထဲ ရွေးကောက်ပွဲ လုပ်နိုင်ရန် တော်လှန်‌ရေးအင်အားစုတွေကို နှိမ်နင်းဖို့ မင်းအောင်လှိုင်အနေနဲ့ ဘယ်လောက်တောင် အလျင်လို နေသလဲ ဆိုတာကို ပေါ်လွင်စေပါတယ်။

 

၁၀ နှစ်တာ ဒီမိုကရေစီကာလအတွင်း ရရှိခံစားခဲ့ရတဲ့ လွတ်လပ်မှုနဲ့ မျှော်မှန်းချက်တွေကို ဓားပြတိုက်ယူခံခဲ့ရလို့ ဒေါသထွက်ကုန်တဲ့ လူငယ်မျိုးဆက်တွေ ဦးဆောင်မောင်းနှင်နေတဲ့ အတိုက်ခံအင်အားစုတွေဟာလည်း ပိုပြီး အင်အားကောင်းလာကာ လက်နက်တပ်ဆင်မှုတွေလည်း ပိုကောင်းလာပါတယ်။

 

သို့ပေမယ့်လည်း အတိုက်အခံတွေနဲ့ ညှိနှိုင်းပါမယ်လို့ အာဆီယံကိုပေးထားတဲ့ ကတိကဝတ်တွေနဲ့ စစ်အတွက် ကုန်ကျစရိတ်တွေကို ထည့်မစဥ်းစားဘဲ စစ်တပ်က ၎င်းရဲ့စစ်ဆင်ရေးတွေကို ဆက်လက်ဆင်နွှဲနေဆဲပါ။

 

မြန်မာရဲ့မြို့တိုင်းမှာဆိုရင် စစ်အခြေစိုက်စခန်းတွေရှိနေပြီး စစ်စခန်းတစ်ခုရဲ့အပြင်ဖက်မှာဆိုရင်ဘယ်တော့မှ မတွန့်ဆုတ်စတမ်း၊ တိုင်းပြည်အတွက်ဆို ချွေးနဲ့ သွေးပေးရန်အသင့်ဆိုတဲ့ ဆောင်ပုဒ်ကို အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာနဲ့ ရေးထိုးထားတဲ့ဆိုင်းဘုတ်တစ်ခုကို ကျွန်တော်တို့တွေ့ခဲ့ပါတယ်။

 

စစ်ဗိုလ်တွေရဲ့စိတ်ထဲမှာတော့ ၁၉၄၈ ခုနှစ်၊ မြန်မာနိုင်ငံလွတ်လပ်ရေးရခဲ့ကတည်းက စလာတဲ့ အမျိုးသား ညီညွတ်ရေးအတွက် သူတို့တိုက်ပွဲဝင်နေရတယ်လို့ မှတ်ယူနေပါတယ်။ အရာရာဟာ ဒုတိယအကြိမ်အဖြစ် ပြန်ကြော့လာပါတယ်။

 

ကျွန်တော်တို့ ဖေါင်တော်ဦးဘုရားကိုရောက်တဲ့နေ့ကဆိုရင် ဘုရားကိုလာဖူးလေ့ရှိတဲ့သူတွေ လျော့နည်းနေပါ တယ်။ ဘုရားဖူးလာတဲ့အဖွဲ့လေး ဖွဲ့ပဲရှိပါတယ်။

 

ဒေါ်အောင်ဆန်းစုကြည် အင်းလေးကိုအလည်လာစဥ်က ရိုက်ထားတဲ့ပုံတွေဟာလည်း နံရံပေါ်မှာ ဂုဏ်ယူစွာနဲ့ ရှိနေဆဲပါ။ သူ့ဓာတ်ပုံတွေဘေးမှာလည်း သူ့ကို ဖြုတ်ချအာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင်ရဲ့ပုံတွေရှိပါတယ်။

 

သူ့ကိုယ်သူ ဧည့်လမ်းညွှန်တစ်ယောက်ပါလို့ ပြောတဲ့အမျိုးသမီးတစ်ယောက်နဲ့ ကျွန်တော် စကားစမြည် ပြောခဲ့ပါသေးတယ်။ ကမ္ဘာလှည့်ခရီးသွားတွေလာဖို့ အလားအလာမရှိပေမယ့် သူကအလွန်သန့်ရှင်းသပ်ရပ်စွာ ဝတ်ဆင်ထားပါတယ်။ ကျွန်တော့်အနေနဲ့ မြန်မာကို ဘယ်လိုမြင်လဲ၊ အခုလို အန္တရာယ်ရှိတဲ့ကြားက ကျွန်တော် မြန်မာကိုလာရတာ မကြောက်ဘူးလားလို့ သူက မေးခဲ့ပါတယ်။

 

စစ်အာဏာသိမ်းတာနဲ့ပတ်သက်ပြီး အင်းလေကန်အနီး နေထိုင်သူတွေက ဘယ်လိုခံစားရသလဲ၊ သူတို့ စိတ်ညစ်ကြသလားလို့ ကျွန်တော်က သူ့ကိုမေးလိုက်တော့ သူက သုန်မှုန်သွားပြီး ကျွန်တော့်ကိုစိုက်ကြည့်ကာ သူ့မျက်လုံးတွေက မျက်ရည်တွေစို့လာပါတယ်။

 

ငါ ပျော်တဲ့ပုံ ပေါက်နေလား၊ အာဏာမသိမ်းခင်ကာလတွေကို ပြန်သွားနိုင်ဖို့ပဲ ငါတို့မှာ ဆန္ဒရှိတယ်လို့ သူက ပြောပါတယ်။

 

ငါ ပျော်တဲ့ပုံ ပေါက်နေလား၊ အာဏာမသိမ်းခင်ကာလတွေကို ပြန်သွားနိုင်ဖို့ပဲ ငါတို့မှာ ဆန္ဒရှိတယ်လို့ သူက ပြောပါတယ်။

 

 

သူ့လို တခြားဘယ်နှစ်ယောက်ခံစားရမလဲဆိုတာ သိဖို့မဖြစ်နိုင်ပေမယ့်လည်း အတော်များမယ်ဆိုတာ သေချာပါ တယ်။ တိုင်းပြည်အတွက် သွေးခင်းလမ်းကိုရွေးခဲ့တဲ့ ခေါင်းမာတဲ့ စစ်အုပ်ချုပ်ရေးသမားတွေကတော့ ဒီအရေအတွက်ကို တွက်ချက်ရာမှာ အနည်းငယ်ကွာဟနေမှာပါ။

 

နိုင်ငံအများစုမှာ စစ်တပ်တစ်ခုစီ ရှိကြတယ်။ မြန်မာမှာတော့ စစ်တပ်ဆီမှာ တိုင်းပြည်တစ်ခုရှိနေတာလေ၊ ပြီးတော့ ဒီစစ်တပ်က တိုင်းပြည်ကို ဘယ်တော့မှကို လက်မလွှတ်တော့တာလို့ မြန်မာက ဟာသဥာဏ်ရွှင်သူတွေ ပြောကြတာရှိပါတယ်။

 

(BBC သတင်းဌာနမှ ဆောင်းပါးရှင် Jonathan Head ရဲ့ “Myanmar Civil War: We wish we could go back” ဆောင်းပါးကို ဘာသာပြန်သည်။)

 

ဓါတ်ပုံများ - BBC

 

Burma Associated Press

 

အာဏာသိမ်း
ရှမ်း
မြန်မာ
အင်းလေးကန်

Share With
bap-logo