bap-logo
Article

“သားသား ခြေထောက်တွေကိုပဲ ပြန်လိုချင်တယ်” (သို့) မြန်မာနဲ့ မြင့်တက်လာတဲ့ မြေမြှုပ်မိုင်းဘေး

116dR6L0tEWndHi18d1Fh-image

လွန်ခဲ့သော ၂ နှစ် က

နားကွဲမတတ် အလွန်ကျယ်လောင်တဲ့ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာတဲ့အချိန်မှာ သုံးနှစ်သား ကောင်ကလေး ဟာ သူ့အမေရဲ့ပေါင်ခွင်ထဲ ထိုင်နေရာကနေထပြီး ရှေ့ကို ခြေနှစ်လှမ်းပဲ လှမ်းရသေးတာပါ။

 

ပေါက်ကွဲမှုကနေထွက်လာတဲ့ မိုင်းစတွေဟာ မိခင်ဖြစ်သူရဲ့ မျက်နှာကို ထိမှန်ပြီး အမြင်အာရုံတွေ ဝေဝါးကုန် ပါတယ်။ မြန်မာပြည် အလယ်တောင်ပိုင်းဒေသက ရွာလေးတစ်ရွာနားမှာ လှေစောင့်နေစဉ် လူထူထပ်တဲ့ လှေဆိပ်မှာ ခုလိုပေါက်ကွဲမှုနဲ့ သားအမိနှစ်ယောက်ကကြုံခဲ့ရတာပါ။

 

ဒဏ်ရာရနေပေမယ့်လည်း မိခင်ဖြစ်သူက သူ့မျက်လုံး‌‌တွေကို အားကုန်သုံးဖွင့်ပြီး သားဖြစ်သူကို ရှာဖွေ နေခဲ့ပါတယ်။

 

မီးခိုးမှုန်များကြားမှာပဲ မိခင်က သူ့ရဲ့ သုံးနှစ်အရွယ်သားလေးကို တွေ့ရှိသွားပါတော့တယ်။ ဗုံးပေါက်ကွဲမှုကြောင့် ကလေးက မြေပြင်ပေါ်လဲနေပြီး ခြေချောင်းတွေ၊ ခြေထောက်တွေက အသားစတွေနဲ့အတူ ရုပ်ပျက်ဆင်းပျက် ဖြစ်နေပါတယ်။

 

" 'အရမ်းနာတယ်' လို့ သူက ငိုယိုပြီး ကျွန်မကို ပြောခဲ့ပါတယ်။ ဘာဖြစ်သွားသလဲဆိုတာကိုတောင် သူ မသိခဲ့ပါဘူး" လို့ မိခင်ဖြစ်သူက ပြန်ပြောပြပါတယ်။

 

သားဖြစ်သူက ဘာတွေဖြစ်ခဲ့တယ်ဆိုတာ မသိပေမယ့် မိခင်ကတော့ သိခဲ့ပါတယ်။

 

မိခင်ရဲ့ သားလေးဟာ မြေမြှုပ်မိုင်းတစ်လုံးကို နင်းမိသွားခဲ့တာပါ။

 

 

 

၁၉၉၇ ခုနှစ်၊ ကုလသမဂ္ဂမြေမြှုပ်မိုင်းတားမြစ်ရေးသဘောတူစာချုပ်ကို အတည်ပြုပြဌာန်းခဲ့ကတည်းက နိုင်ငံအများစုမှာ မြေမြှုပ်မိုင်းအသုံးပြုမှုကို တားမြစ်ခဲ့တာ ဆယ်စုနှစ်ပေါင်းများစွာရှိပါပြီ။

 

သို့ပေမယ့်လည်း ယင်းစာချုပ်အဖွဲ့နိုင်ငံမဟုတ်တဲ့ မြန်မာမှာတော့ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း မြေမြှုပ်မိုင်းအသုံးပြုမှုတွေက တဟုန်ထိုးမြင့်တက်လာသလို၊ လက်နက်ကိုင် ခုခံမှုတွေလည်း မြင့်တက်လာပါတယ်။

 

မြန်မာမှာ မြေမြှုပ်မိုင်းတွေကို စစ်ရေးပဋိပက္ခမှာပါဝင်တဲ့ အဖွဲ့အစည်းအသီးသီးက အသုံးပြုနေကြပြီး ကလေး ငယ်များ အပါအဝင် အရပ်သားတွေထိခိုက်ဒဏ်ရာရမှု မြင့်တက်လာတဲ့ကိစ္စအတွက် အားလုံးမှာ တာဝန် ရှိနေကြပါတယ်။

 

အကျိုးအမြတ်မယူတဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများ၊ ထိခိုက်နစ်နာသူများ၊ ၎င်းတို့ရဲ့ မိသားစုဝင်များ၊ ဒေသခံအကူအညီပေးရေးလုပ်သားများ၊ စစ်တပ်ဖက်ကနေ ဘက်ပြောင်း ခိုလှုံလာသူများနဲ့ စောင့်ကြည့်ရေးအဖွဲ့များကို AP သတင်းဌာနရဲ့ တွေ့ဆုံမေးမြန်းမှုများအပေါ် အခြေခံပြီး ယခုကဲ့သို့ သိရှိရခြင်း ဖြစ်ပါတယ်။

 

ကုလသမဂ္ဂရဲ့ ၂၀၂၂ ခုနှစ်ကိန်းကဏန်းများအရ မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ လက်နက် ပစ္စည်းများကြောင့် အရပ်သားထိခိုက်ဒဏ်ရာရမှုက ၄၀ ရာခိုင်နှုန်းရှိပါတယ်။ ဒါတောင် ပဋိပက္ခကာလအတွင်း စောင့်ကြည့်ပြီး တိကျတဲ့ အချက်အလက်ရဖို့ ခက်ခဲတာကြောင့် ရရှိတဲ့စာရင်းတွေက လျော့ပေါ့ရရှိတာမျိုးသာ ဖြစ်ကြောင်း ကျွမ်းကျင်သူများက ဆိုကြပါတယ်။

 

အချက်အလက်အပြည့်အစုံမရပေမယ့်လည်းမြန်မာမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သူဦးရေတိုးလာခြင်းက အများဆုံး မှတ်တမ်းတစ်ခုဖြစ်ကြောင်း ကျွမ်းကျင်သူများက သဘောတူခဲ့ကြပါတယ်။

 

အမြင်အားဖြင့်တော့ ဘယ်နေရာမှ ဘေးမကင်းပါဘူး။ ပြီးခဲ့တဲ့ နှစ်က မိုင်းကြောင့် ထိခိုက်ပျက်စီးမှုတွေဟာ နေပြည်တော်ကလွဲလို့ ပြည်နယ်နဲ့ တိုင်းဒေသကြီးအနှံ့မှာဖြစ်ပွားခဲ့ကြောင်း ကမ္ဘာ့မြေမြှုပ်မိုင်း အသုံးပြုမှု ခြေရာခံတဲ့အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ မြေမြှုပ်မိုင်းစောင့်ကြည့်ရေးအဖွဲ့က ဆိုခဲ့ပါတယ်။

 

စစ်တပ်က အရပ်သားတွေကို လူသားဒိုင်းအဖြစ် အသုံးချတာမျိုးတွေလည်းတွေ့ရပါတယ်။ ဒီလို အသုံးချတာဟာ ဆယ်စုနှစ်ပေါင်းများစွာရှိနေပြီဖြစ်ပေမယ့် မိုင်းနင်းပေါက်ကွဲမှုတွေ မြင့်တက်လာခြင်းနဲ့အတူ ဒီကိစ္စက စိုးရိမ်စရာ ဖြစ်လာပါတယ်။

 

မြန်မာစစ်တပ်က ၄င်းတို့ရဲ့တပ်ဖွဲ့တွေကို မြေမြှုပ်မိုင်းရန်ကနေ ကာကွယ်ဖို့ရန်အတွက် စစ်ကြောင်းတွေ အရှေ့ကနေ ပြည်သူတွေကို အတင်းအဓမ္မလမ်းလျှောက်စေခိုင်းတာမျိုးတွေရှိကြောင်း AP ရဲ့ လေ့လာ ဆန်းစစ်မှု တွေအရ သိရပါတယ်။

 

လူနေအိမ်တွေ၊ ကျေးရွာတွေ၊ လူသွားလမ်းတွေ၊ ဘုရားကျောင်း၀န်းတွေ၊ ယာခင်းတွေ၊ ဆက်သွယ်ရေး တိုင်တွေ၊ တရုတ်စီးပွားရေးလုပ်ငန်းစုများရှိရာ ရေနံနဲ့ သဘာ၀ဓာတ်ငွေ့သယ်ဆောင်ရာ ပိုက်လိုင်းတွေနဲ့ ကြေးနီတွင်းတွေ မှာလည်း မြန်မာစစ်တပ်က မြေမြှုပ်မိုင်းများ တည်ထောင်ထားကြောင်း ပြည်တွင်းနဲ့ ပြည်ပ နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့များရဲ့ အဆိုအရ သိရပါတယ်။

 

အတိတ်ကာလက မြေမြှုပ်မိုင်းတွေအသုံးပြုတာနဲ့ပတ်သက်ပြီး လူသိများတဲ့ မြန်မာစစ်တပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ကတော့ AP က ပေးပို့ထားတဲ့ မေးခွန်းတွေကိုတော့ တုန့်ပြန်ဖြေကြားခြင်း မရှိခဲ့ပါဘူး။

 

တိုက်ပွဲတွေပြီးဆုံးသွားခဲ့မယ်ဆိုရင်တောင် မြေမြှုပ်မိုင်းဆိုတဲ့အရာဟာ မြေပြင်မှာ ကျန်ရှိနေခဲ့တတ်ပါတယ်။ စစ်မက်ဖြစ်ပွားမှုတွေပြီးဆုံးလို့ နှစ်များစွာကြာပြီးတာတောင် အဲဒီလို ကျန်နေခဲ့တဲ့မိုင်းတွေကို တက်နင်းမိသူတွေ ဟာ သေရာပါဒဏ်ရာရရင်ရ၊ ဒါမှမဟုတ် ၄င်းတို့ကို အသက်သေဆုံးစေတဲ့အထိ ဘေးသင့်စေပါတယ်။

 

စစ်မက်ဖြစ်ပွားမှုတွေပြီးဆုံးလို့ နှစ်များစွာကြာပြီးတာတောင် အဲဒီလို ကျန်နေခဲ့တဲ့မိုင်းတွေကို တက်နင်းမိသူတွေဟာ သေရာပါ ဒဏ်ရာရရင်ရ၊ ဒါမှမဟုတ် ၄င်းတို့ကို အသက်သေဆုံးစေတဲ့ အထိ ဘေးသင့်စေပါတယ်။

 

 

ဒီလိုသေကြေထိခိုက် ဒဏ်ရာရစေမယ်ဆိုတဲ့စိတ်တစ္ဆေဟာ လာမယ့်နှစ်များစွာအထိ မြင့်မားဖို့သာ ရှိပါတယ်။ ပဋိပက္ခတွေပြီးဆုံးသွားတာ ကာလကြာရှည်တဲ့တိုင်အောင် သန်းချီတဲ့မြေမြှုပ်မိုင်းတွေကြောင့် ထိခိုက်ဒဏ်ရာရ၊ သေဆုံးရသူတွေဟာ အီဂျစ်နဲ့ ကမ္ဘောဒီယားအပါအ၀င် နိုင်ငံအများမှာ ယနေ့ထက်တိုင် ရှိနေဆဲပါ။

 

မြေမြှုပ်မိုင်းတစ်ခုကို ထောင်ထားတာဟာ မကောင်းဆိုးဝါးတစ်ကောင်ကို လွှတ်ထားသလိုပါပဲ။ မိုင်းဆိုတာမှာ ရန်သူရယ်၊ မိတ်ဆွေရယ်လို့ ရှိတာမဟုတ်ပါဘူး။ သေနတ်တစ်လက်တောင် သူချိန်တွယ် ဦးတည်ရာအရပ်ကိုပဲ ပစ်ခတ်တာမို့လားလို့ အာဏာသိမ်းပြီးနောက် စစ်တပ်အင်ဂျင်နီယာတပ်ကို စွန့်ခွာပြီး ဘက်ပြောင်းလာခဲ့တဲ့ အသက် ၂၆ နှစ်ရှိ တပ်စုမှူးတစ်ယောက်က ပြောပါတယ်။

 

မြန်မာမှာ စစ်တပ်ကိုစွန့်ခွာပြီး ဘက်ပြောင်းခို၀င်လာတဲ့စစ်သားတွေဟာ ၄င်းတို့နဲ့ ၄င်းတို့ရဲ့ မိသားစု၀င်တွေကို စစ်တပ်ရဲ့လက်တုံ့ပြန်မှုကနေ ကာကွယ်ပေးဖို့အတွက် သိုသိုသိပ်သိပ်နေရပါတယ်။ မြန်မာမှာ သတင်းထောက် တွေနဲ့ လက်ခံစကားပြောတဲ့သူအများစုဟာ ဖမ်းဆီထိန်းသိမ်းခံရတာမဟုတ်ရင် အကြမ်းဖက်တိုက်ခိုက်ခံရ တာတွေ ကြုံတွေ့ရတတ်ပါတယ်။

 

မြန်မာမှာ မကြာခဏပေါ်ပေါက်မြဲ ပြဿနာတစ်ခုဖြစ်တဲ့ မြေမြှုပ်မိုင်းနဲ့ လက်နက်အချို့ မမျှော်လင့်ဘဲ ပေါက်ကွဲ ပျက်စီးမှုတွေက လွန်ခဲ့တဲ့ နှစ် ၄၀ က အခြေအနေထက် ပိုဆိုးလာပါတယ်။

 

စစ်တပ်က တိုင်းပြည်အာဏာကို သိမ်းပိုက်ပြီးနောက် နိုင်ငံရဲ့နေရာအတော်များများမှာ မြေမြှုပ်မိုင်းများ ထောင် ကြရာကနေ ဒီပြဿနာကအတော်ကြီးထွားလာတယ်လို့ မြန်မာ့အရေးကိုစောင့်ကြည့်နေတဲ့ ကုလ မြေမြှုပ်မိုင်း ကျွမ်းကျင်သူ ကင် ၀ရန် (Kim Warren) က ဆိုပါတယ်။

 

၂၀၂၂ ခုနှစ်မှာပဲ ပြည်သူ ၃၉၀ ဦးဟာ မြေမြှုပ်မိုင်းရဲ့သားကောင်ဖြစ်ခဲ့ရပြီး ဒါဟာ ၂၀၂၁ ခုနှစ်ကထက် ၃၇ ရာခိုင်နှုန်းတိုးလာတာဖြစ်ကြောင်း၊ ၄င်းတို့အထဲက ၃၄ ရာခိုင်နှုန်းက ကလေးသူငယ်တွေဖြစ်ပြီး၊ ကလေး သူငယ် ထိခိုက်မှုဟာ ၂၀၂၁ ခုနှစ်ကထက် ၂၆ ရာခိုင်နှုန်းတိုးလာခြင်းဖြစ်ကြောင်း ယူနီဆက်ရဲ့ အချက်အလက်များအရ သိရပါတယ်။ ၄င်းအထဲမှ လူ ၁၀၂ ဦး သေဆုံးခဲ့ရပြီး ၂၈၈ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

 

 

မြန်ဆန်တိကျတဲ့အချက်အလက် စီမံတဲ့စနစ်မရှိခြင်း၊ ပဋိပက္ခဖြစ်ပွားရာဒေသ၀န်းကျင်မှာ ထိလွယ်ရှလွယ် ဖြစ်ခြင်းနဲ့ ဒဏ်ရာရထိခိုက်သူတွေကို ဂရုတစိုက်ဆေးကုသပေးဖို့ ခက်ခဲခြင်း စတဲ့အကြောင်းတွေကြောင့် မှတ်တမ်းမတင်နိုင်တဲ့ ဖြစ်ရပ်တွေလည်းရှိကြောင်း ၀ါရန်က ဆိုခဲ့ပါသေးတယ်။

 

မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရ၊ သေဆုံးသူစာရင်းတွေကို ကျွန်တော်တို့က အမြဲလျော့ပေါ့ပြီးပဲ တွက်ချက်လို့ရနိုင်တယ်။ ဒီအရေအတွက်က ဘယ်လောက်များနိုင်သလဲ။ လက်ရှိထက် နှစ်ဆလောက် ရှိတယ်လို့ ပြောရင်လည်း ဖြစ်နိုင်သလောက်နီးပါးပဲ သုံးဆဆိုရင်လည်း..ဖြစ်နိုင်တာပဲလေလို့ မြန်မာ့ မြေမြှုပ်မိုင်း စောင့်ကြည့်ပညာရှင်ဖြစ်တဲ့ Yeshau Moser-Puangsuwan က ဆိုခဲ့ပါတယ်။

 

မြန်မာ့လူဦးရေ ၅၆ သန်းနီးပါးနဲ့ယှဉ်ရင် ခုလိုမြေမြှုပ်မိုင်းကြောင့်ထိခိုက်ဒဏ်ရာရတဲ့ အရေအတွက်က နည်းတယ် ဆိုပေမယ့်လည်း ခုနှစ်ပိုင်းထဲ မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသေကြေသူတွေ တိုးလာခြင်း၊ သတင်းအတိ အကျ မရရှိခြင်း၊ ဆယ်စုနှစ်ပေါင်းများစွာဖြစ်လာနေတဲ့ ပဋိပက္ခမှာ ဖျက်အားများတဲ့ မိုင်းတွေကို အသုံးပြု နေခြင်းတို့က မနှစ်မြို့ဖွယ်ပဲဖြစ်ကြောင်း ကျွမ်းကျင်သူများက ၀န်ခံကြပါတယ်။

 

အထူးသဖြင့် ယခုဆောင်းပါးရဲ့အစမှာပါရှိတဲ့ လှေဆိပ်မှာ မြေမြှုပ်မိုင်းနင်းမိခဲ့တဲ့ ကလေးငယ်လို ထိခိုက် ဒဏ်ရာ ရကြတဲ့ ကလေးငယ်တွေအတွက် ကျွမ်းကျင်သူတွေက စိုးရိမ်ပူပန်ကြပါတယ်။

 

သေစေနိုင်လောက်တဲ့မြေမြှုပ်မိုင်းတွေနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်နက်တွေဆိုတာ ဘယ်လိုဆိုတာကို အတော် များများက မသိကြဘဲ ကလေးတချို့ဆိုရင် မိုင်းတွေကို ကောက်ယူကစားတာမျိုးတောင် ရှိပါတယ်။

 

 

 

ပဋိပက္ခဖြစ်ရပ်တွေအတွင်း ကလေးအများစုက ကျောင်းမသွားနိုင်တော့ဘဲ သူတို့ကိုလည်း ကြီးကြပ် ထိန်းကျောင်းမှုတွေ အားနည်းကုန်ပါတယ်။ ကုလရဲ့ စာရင်းများအရ အာဏာသိမ်းပြီးနောက် မြန်မာမှာ ပြည်သူ . သန်းကျော်က နေရပ်ရွှေ့ပြောင်းရန် တွန်းအားပေးခံခဲ့ရပြီး ကလေးတွေနဲ့ အခြားသူတွေဟာ ၄င်းတို့နဲ့ ရင်းနှီးကျွမ်း၀င်ခြင်းမရှိတဲ့အရပ်တွေကို ရွှေ့ပြောင်းခဲ့ရပါတယ်။

 

မြေမြှုပ်မိုင်းနင်းမိတဲ့ ပြည်သူအများစုက ၄င်းတို့ရဲ့နေ့စဥ်ဘ၀မှာ ပုံမှန်လှုပ်ရှားသွားလာရာကနေပဲ မိုင်းနင်း မိတာကနေ ထိခိုက်ဒဏ်ရာရကြတာမျိုးပါ။ ပြီးတော့ သူတို့ရဲ့ဘ၀တွေဟာ သေတပန်သက်တဆုံးထိ ပြောင်းလဲ သွားပါတော့တယ်။

 

၂၀၂၁ ခုနှစ်၊ မတ်လက ရှမ်းပြည်နယ်က ဆယ်ကျော်သက်အရွယ် ၀မ်းကွဲညီအစ်ကို နှစ်ယောက်ဟာ ၄င်းတို့ရဲ့မိသားစုပိုင်စိုက်ခင်းက ကန်စွန်းဥတွေကိုတူးဖို့ အိမ်ကနေထွက်ခွာသွားပြီးနောက်မှာပဲ အိမ်မှာ ကျန်ခဲ့တဲ့ ဖခင်ဖြစ်သူက ကြီးမားတဲ့ပေါက်ကွဲသံတစ်ခုကို ကြားလိုက်ရပါတယ်။

 

ဖခင်ဖြစ်သူက သူ့ရဲ့ သားဖြစ်သူနဲ့ တူဖြစ်သူကို အကူအညီပေးနိုင်ဖို့ အလျင်အမြန် ပြေးသွားခဲ့ပေမယ့်လည်း နောက်ကျသွားပါပြီ။ ညီအစ်ကို နှစ်ယောက်လုံးက မိုင်းနင်းမိကာ ယင်းနေရာမှာပဲ ဆုံးပါးခဲ့ပါတယ်။ ခန္ဓာကိုယ်အသားစတွေနဲ့ရောထွေးပြီး စုတ်ဖွာကုန်တဲ့အ၀တ်စတွေကိုကြည့်ရင်း အသက် ၄၇ နှစ်ရှိဖခင်ဖြစ်သူက ငိုကြွေးခဲ့ပါတော့တယ်။ ဖြစ်စဉ်ဆိုးကြီးဖြစ်ပွားပြီးတဲ့နောက် စိုက်ခင်းကို သွားရတဲ့အခါမျိုးမှာလည်း မျက်ရည်ကျရလေ့ရှိပါတယ်။

 

ခန္ဓာကိုယ်အသားစတွေနဲ့ရောထွေးပြီး စုတ်ဖွာကုန်တဲ့အ၀တ်စ တွေကို ကြည့်ရင်း အသက် ၄၇ နှစ်ရှိ ဖခင်ဖြစ်သူက ငိုကြွေးခဲ့ပါတော့တယ်။

 

 

ဒါပေမယ့်လည်း ဒီစိုက်ခင်းက မိသားစုလုပ်ငန်းဖြစ်တာမို့ ကျွန်တော်ကတော့ အလုပ်လုပ်ဖို့စိုက်ခင်းကို သွားမြဲ သွားနေရမှာပါလို့ ၄င်းရဲ့လုံခြုံရေးကြောင့် အမည်မဖေါ်လိုတဲ့ ဖခင်ဖြစ်သူက ဆိုခဲ့ပါတယ်။

 

နောက်အဖြစ်အပျက်တစ်ခုကတော့ ချင်းပြည်နယ်မှာပါ။ မေလရဲ့နေသာတဲ့တစ်ရက်မှာ အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ လယ်သမားတစ်ယောက်က သူ့ရဲ့စပါးခင်းမှာ ပေါင်းနှုတ်ပြီးအိမ်ပြန်လမ်းမှာပဲ မြေမြှုပ်မိုင်း နင်းမိခဲ့ပါတယ်။ ဒီအိမ်ပြန်လမ်းဟာ သူအစဥ်အမြဲအသုံးပြုနေကျ အိမ်ပြန်လမ်းလေးလည်း ဖြစ်ပါတယ်။

 

ပေါက်ကွဲမှု့က ကျွန်တော့်ကို ဝါးမြိုလိုက်သလိုပါပဲ။ ကျွန်တော့်ရဲ့ဝန်းကျင်တစ်ခုလုံးက မီးခိုးလှုံးတွေနဲ့ အပြည့် ဖြစ်သွားခဲ့တယ်။ ကျွန်တော်သေပြီလို့တောင်ထင်ခဲ့တာ။ ပေါက်ကွဲမှုဖြစ်ပြီးရော ခြေထောက်က အရိုးတွေ ကိုတောင်တွေ့လိုက်ရတယ်။။ ကျွန်တော့် ညာဖက်ခြေထောက်က ခြေကျင်းဝတ်အထိကို လုံးဝ ပျက်စီးသွား ခဲ့တာလေ။ ကျွန်တော့် ခန္ဓာကိုယ်တစ်ခုလုံးက မီးမြိုက်ခံထားရသလိုပဲ ပူလောင်နေတာ။ အရေပြားတွေကလည်း မဲလို့ပါပဲလို့ လုံခြုံရေးအရ အမည်မဖေါ်လိုသူ ချင်းပြည်နယ်သား တစ်ယောက်က AP ကို ပြောပြခဲ့ပါတယ်။

 

၎င်းဟာ ဆေးရုံးမှာ ၁၈ ရက်ခန့် တက်ရောက်ကုသခဲ့ရပြီး သူ့ရဲ့ညာခြေထောက် ဒူးအောက် လေးလက်မ နေရာ လောက်ကနေ ဖြတ်ပစ်ခဲ့ရပါတယ်။ ဒီပေါက်ကွဲမှုတွေကြောင့် ထိခိုက်ဒဏ်ရာရသူတွေနဲ့ မိသားစုတွေက ဘယ်သူ တွေမှာ တာဝန်ရှိတယ်ဆိုတာ မသိကြပါဘူး။ စစ်တပ်ရော၊ စစ်တပ်ကို ဆန့်ကျင်တိုက် ခိုက်နေတဲ့ အဖွဲ့တွေကပါ မြေမြှုပ်မိုင်းကို သုံးနေကြလို့ဖြစ်ပါတယ်။

 

စစ်တပ်ကထောင်ခဲ့တဲ့ မြေမြှုပ်မိုင်း ၁၀၀ နီးပါးကို ကျွန်တော်တို့ဖယ်ရှားခဲ့ပြီး ဒါတွေကို ကျွန်တော်တို့ရဲ့ လက်လုပ်လက်နက်တွေလုပ်တဲ့အခါမှာ ပြန်အသုံးပြုသွားမှာဖြစ်ပါတယ်လို့ စစ်တပ်ကိုခုခံတိုက်ခိုက်ဖို့ ဖွဲ့ထား တဲ့ စစ်ကိုင်းတိုင်းက ဒေသကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောခဲ့ပါတယ်။

 

မိုင်းဆိုတာ ရန်သူကို တိုက်ဖို့အတွက် မရှိမဖြစ်တဲ့လက်နက်တစ်မျိုးလည်းဖြစ်ပါတယ်လို့ လည်းသူက AP ကို ပြောခဲ့ပါတယ်။

 

လက်နက်အဖြစ် ပြန်လည်အသုံးပြုဖို့ ၎င်းတို့စစ်ရေးပြုရာအရပ်တွေမှာ မိုင်းတွေကို ဖြုတ်ယူကြတာဟာ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ လုပ်ရိုးလုပ်စဉ်ပါပဲ။

 

သူတို့က မိုင်းတွေကိုဖြုတ်ယူပြီး နေရာသစ်တစ်ခုကို ရွှေ့ပြောင်းတပ်ဆင်တာမျိုးပါ။ ဒါက ကျွန်တော်တို့ ပြောတဲ့ မိုင်းရှင်းလင်းရေးဆိုတာမျိုးမဟုတ်ပါဘူးလို့ Moser-Puangsuwan က ဆိုခဲ့ပါတယ်။

 

ရွာသားတွေကို မြေမြှုပ်မိုင်းတည်နေရာကို သတိပေးပြောကြားတာမျိုးတွေရှိတာကြောင့် အရပ်သားတွေ ထိခိုက် ဒဏ်ရာရမှု မဆိုစလောက်နည်းပါးကြောင်း ဒေသခံတွေနဲ့ဖွဲ့စည်းထားတဲ့ လက်နက်ကိုင် အဖွဲ့တွေက ဆိုပေမယ့် လည်း အရပ်သားထိခိုက်ဒဏ်ရာရမှုကို ကာကွယ်တားဆီးနိုင်ဖို့ဆိုတာ မဖြစ်နိုင်ကြောင်း Moser-Puangsuwanနဲ့ ကျွမ်းကျင်သူများက ဆိုခဲ့ပါတယ်။

 

သူတို့တွေက မည်သူမည်၀ါရယ်လို့ ခွဲခြားနိုင်ခြင်းမရှိတဲ့ လက်နက်ကို အသုံးပြုနေတာပါ။ ပေါက်ကွဲပြီ ဆိုတာနဲ့ ရန်သူပဲဖြစ်ဖြစ်၊ ကိုယ့်ဖက်ကစစ်သည်ပဲဖြစ်ဖြစ်၊ အရပ်သားပဲဖြစ်ဖြစ် မိုင်းဆိုတာ သူ့အနားက ဖြတ်သွားတဲ့ ဘယ်သူကိုမဆိုပေါ့ သေစေနိုင်မယ်၊ ဒါမှမဟုတ် ထိခိုက်ဒဏ်ရာရစေနိုင်တာမျိုးပါလို့ Moser-Puangsuwan က ဆိုခဲ့ပါတယ်။

 

ကျွန်တော်ရယ်၊ ကျွန်တော့်ရဲ့ ကိုယ်၀န်ဆောင်အမျိုးသမီးရယ်၊ ငါးနှစ်အရွယ် ကျွန်တော့်သမီးလေးနဲ့ တခြား အရပ်သား ၁၀ ဦးခန့်ကို စစ်ကြောင်းရှေ့ကနေ လမ်းလျှောက်စေခဲ့ပါတယ်။ ကျွန်တော်တို့ကို သေနတ်ဒင်တွေနဲ့ လည်း နောက်ကနေ ထုရိုက်တာမျိုး လုပ်ခဲ့ပါသေးတယ်လို့ ချင်းပြည်နယ်က ဒေသခံ တစ်ဦးက ၎င်းရဲ့ဖြစ်စဉ်ကို ပြန်ပြောခဲ့ပါတယ်။

 

ချင်းပြည်နယ်က ယင်းဖြစ်စဥ်မှာဆိုရင် အရပ်သားတွေဟာ မိုင်းကွင်းထဲမှာ ဘယ်ခြေလှမ်းက မိုင်းနင်းမိမလဲ ဆိုတဲ့ စိုးရိမ်စိတ်နဲ့အတူ တုံ့ဆိုင်းတုံ့ဆိုင်းနဲ့ ဖြည်းဖြည်းချင်း လမ်းလျှောက်နေစဥ်မှာပဲ ၄င်းတို့ကို အလယ်မှာ ထားပြီး စစ်တပ်ဆန့်ကျင်တဲ့လက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်တပ်အကြား တိုက်ပွဲဖြစ်ခဲ့ကြောင်းကို ယင်းဒေသခံက ဆက်ပြောခဲ့ပါတယ်။

 

ဒီနေ့ကတော့ ငါသေမယ့်နေ့ပဲလို့ အဲဒီအချိန်တုန်းက ကျွန်တော်တွေးခဲ့တယ်လို့ ၄င်းက ဆက်ပြောခဲ့ပါတယ်။ ဒါပေမယ့် သူတို့တွေ မြေမြှုပ်မိုင်းအန္တရာယ်ကနေ ကင်းလွတ်ခဲ့ပါတယ်။

 

အခြားပြည်နယ်တွေမှာဖြစ်ပွားခဲ့တဲ့ အလားတူဖြစ်ရပ်များကိုလည်း မြေမြှုပ်မိုင်းစောင့်ကြည့် လေ့လာရေး ဆိုင်ရာ အစီရင်ခံစာတွေမှာ ဖေါ်ပြခဲ့ပြီး ဒါဟာ နိုင်ငံတကာလူသားချင်းဆိုင်ရာ စာနာထောက်ထားမှုနဲ့ လူ့အခွင့် အရေး ဥပဒေကို ကြီးကြီးမားမား ချိုးဖေါက်တာပဲဖြစ်ကြောင်းကိုပါ ထည့်သွင်းရေးသားထားပါတယ်။

 

၂၀၂၂ ခုနှစ်မှာ မြန်မာနဲ့ ရုရှကသာ မြေမြှုပ်မိုင်းအသစ်တွေကို အသုံးပြုခဲ့တယ်လို့ မြေမြှုပ်မိုင်း စောင့်ကြည့်ရေး အဖွဲ့ရဲ့အဆိုအရ သိရပါတယ်။ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကလည်း ရုရှတပ်တွေက ယူကရိန်းနိုင်ငံ Izium မြို့ကိုသိမ်းပိုက်ခဲ့စဥ်က ယူကရိန်းဘက်ကလည်း လူကို တိုက်ရိုက် ထိခိုက်စေတဲ့ မိုင်းတွေကို အသုံးပြု ခဲ့တယ်လို့ ဇန်န၀ါရီလက ပြောဆိုခဲ့ပါတယ်။

 

မြန်မာက စစ်အုပ်စုဆန့်ကျင်ရေးတပ်ဖွဲ့များအပါအ၀င် မြေမြှုပ်မိုင်းအသုံးပြုခဲ့တဲ့ အစိုးရမဟုတ်တဲ့တပ်ဖွဲ့တွေ ရှိတဲ့နိုင်ငံတွေဟာ အနည်းဆုံး နိုင်ငံတောင် ၂၀၂၂ မှာ ရှိခဲ့ကြောင်း မြေမြှုပ်မိုင်း စောင့်ကြည့်ရေးအဖွဲ့က ဆက်လက်ဆိုခဲ့ပါတယ်။

 

၁၉၉၇ ခုနှစ် ကုလသမဂ္ဂမြေမြှုပ်မိုင်းတားမြစ်ရေးသဘောတူစာချုပ်ကို လက်မှတ်မထိုးထားတဲ့ နိုင်ငံတွေမှာ မြန်မာ၊ တရုတ်၊ ရုရှ၊ မြောက်ကိုရီးယား၊ တောင်ကိုရီးယားနဲ့ အမေရိကန်ပြည်ထောင်စုတို့ ပါဝင်ပါတယ်။

 

မြို့ပြပြောက်ကျားတပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုကနေ ကာကွယ်နိုင်ဖို့ ဖုန်းဆက်သွယ်ရေးတိုင်တွေနဲ့ လျှပ်စစ် မီးတိုင်တွေကဲ့သို့သော အခြေခံအဆောက်အအုံတွေရဲ့ဝန်းကျင်မှာ မြန်မာစစ်တပ်ရဲ့ မိုင်းထောင်မှုတွေဟာ ပိုမို များပြားလာကြောင်း မြေမြှုပ်မိုင်းစောင့်ကြည့်ရေးအဖွဲ့က ဆိုခဲ့ပါတယ်။

 

တရုတ်နောက်ခံပြုစီးပွားရေးလုပ်ငန်း နှစ်ခုဖြစ်တဲ့ စစ်ကိုင်းရှိ ကြေးနီတောင်စီမံကိန်းနဲ့ ရှမ်းပြည်မြောက်ပိုင်းရှိ ဓာတ်ငွေ့သယ်ပိုက်လိုင်းတို့ကို အကာအကွယ်ပေးတဲ့အနေနဲ့လည်း ယင်းစီမံကိန်း၀န်းကျင်တွေမှာ မြန်မာစစ်တပ် က မိုင်းထောင်တာတွေကိုလုပ်ခဲ့ကြောင်း Moser-Puangsuwan က ဆိုခဲ့ပါတယ်။

 

ခင်ဗျားတို့ပြောတဲ့အခြေအနေတွေကို ကျွန်တော်တို့ သတိမထားမိပါဘူး။ မြန်မာနဲ့ တရုတ်အကြား ပူးတွဲ ဆောင်ရွက်တဲ့ စီမံကိန်းတွေဟာ နှစ်နိုင်ငံစလုံးအတွက်ရော၊ မြန်မာပြည်သူတွေအတွက်ပါ လက်တွေ့ကျတဲ့ ဘုံအကျိုးကျေးဇူးတွေနဲ့အညီ ဆောင်ရွက်နေခြင်းဖြစ်ပါတယ်လို့ တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ ပြောရေး ဆိုခွင့်ရှိသူတစ်ဦးက AP ကို ဖက်စ်ပို့ပြောကြားခဲ့ပါတယ်။

 

ပေါက်ကွဲမှုတွေကနေ အသက်ရှင်သန်ကျန်ရစ်ခဲ့သူတွေအတွက် ဆေးပညာဆိုင်ရာ ကုသမှုခံယူဖို့ကလည်း မလွယ်ကူပါဘူး။ ဒေသအများစုက ဝေးလံခေါင်သီပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲကာ ဆေးပစ္စည်း ရရှိဖို့ကလည်းမလွယ်ကူပါဘူး။ ဆေးဝန်ထမ်းအင်အားလည်းမရှိပါဘူး။

 

မြန်မာနိုင်ငံက ကျန်းမာရေးလုပ်သားအများစုဟာ စစ်တပ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်တာတွေကြောင့် ပုန်းအောင်းနေထိုင်ရတာ (သို့) နိုင်ငံကို စွန့်ခွာထွက်လာရတာတွေ ရှိနေပါတယ်။

 

ထိခိုက်ဒဏ်ရာရသူအနည်းငယ်သာ ခြေတု၊ လက်တုတပ်ရခြင်းနဲ့ ပြန်လည်တည်ထောင်ရေးတွေကို လက်လှမ်း မီပါတယ်။

 

ယခုဆောင်းပါးအစက မိခင်ဖြစ်သူဟာ မိုင်းထိခဲ့တဲ့ သူ့ရဲ့ နှစ်အရွယ်သားငယ်ကို ရင်ဝယ်ပိုက်ပြီး ဆိုင်ကယ် တစ်တန်၊ လှေတစ်တန်နဲ့ ခရီးကီလိုမီတာပေါင်းများစွာ သွားခဲ့ကာ သားငယ်ကို ဆေးကုသ ကူညီပေးနိုင်မယ့်သူကို ထိတ်ထိတ်ပျာပျာ ရှာဖွေခဲ့ရတာပါ။

 

မိခင်ဖြစ်သူဟာ မိုင်းထိခဲ့တဲ့ သူ့ရဲ့ နှစ်အရွယ်သားငယ်ကို ရင်ဝယ်ပိုက်ပြီး ဆိုင်ကယ် တစ်တန်၊ လှေတစ်တန်နဲ့ ခရီးကီလိုမီတာပေါင်းများစွာ သွားခဲ့ကာ သားငယ်ကို ဆေးကုသ ကူညီပေးနိုင်မယ့်သူကို ထိတ်ထိတ်ပျာပျာ ရှာဖွေခဲ့ရတာပါ။

 

၎င်းတို့ဖြတ်ကူးဖို့ကြိုးစားနေတဲ့ မြစ်ရဲ့တစ်ဖက်ကမ်းမှာရှိတဲ့ဆေးခန်းလေးက ကလေးကို မော်ဖိန်း ထိုးပေးပြီး ရှေးဦးပြုစုကုသမှုတွေကို ပေးခဲ့ပါတယ်။

 

ယင်းထက်အနည်းငယ်ကြီးတဲ့ ဆေးရုံကိုဆက်သွားခဲ့ရပြီး ဆေးရုံက ဒဏ်ရာကိုပတ်တီးစည်းပေးပြီး သွေးသွင်း ကုသမှုကို ပြုလုပ်ပေးခဲ့ပါတယ်။ ဒါပေမယ့် သူ့ထက်ကြီးတဲ့ ဒေသတွင်းက ဆေးရုံကြီးကို ရောက်မှသာ ဆရာဝန် တွေက ကလေးရဲ့ ညာဖက်ခြေထောက်ကို ဒူးအောက်ကနေ၊ ဘယ်ဖက် ခြေထောက်ကို တင်ပါးအောက်ကနေ ဖြတ်ပြီး ကုသပေးနိုင်ခဲ့တာပါ။

 

ဆေးရုံတက်ကုသစားရိတ်ဟာ မိသားစုရဲ့လစဥ်ဝင်ငွေဖြစ်တဲ့ ငွေလေးသိန်းထက် ကျော် ပိုများခဲ့ပါတယ်။

 

ကလေးငယ်ဟာ လပေါင်းများစွာ ဘီးတပ်ကုလားထိုင်ကိုသာ အသုံးပြုသွားလာခဲ့ရပါတယ်။ သားသား ခြေထောက်တွေပဲ ပြန်လိုချင်တယ်လို့ ကလေးငယ်ဟာ သူနဲ့ရွယ်တူသူငယ်ချင်းတွေကစားတာကို အိမ်ပြတင်း ပေါက်က ငေးကြည့်ရင်း ပြောလေ့ရှိပါတယ်။

 

နိုဝင်ဘာမှာတော့ ခြေတုလက်တုနှင့် ပြန်လည်သန်စွမ်းရေးစင်တာကို သူတက်ရောက်ခွင့်ရခဲ့ပါတယ်။ ကြက်ခြေနီ အဖွဲ့က ကလေးအတွက် အရည်အသွေးရှိတဲ့ ခြေတုတွေထောက်ပံ့ခဲ့ပြီး ဒါကိုဘယ်လို အသုံးပြုရမယ်ဆိုတာကိုပါ သင်ပေးခဲ့ပါတယ်။

 

အခုတော့ အသက် နှစ်ရှိပြီဖြစ်တဲ့ ကလေးငယ်ဟာ အိမ်ကိုပြန်ရောက်နေပြီဖြစ်ပြီး သူ့ဘာသာ လှုပ်ရှား သွားလာနိုင်နေပြီဖြစ်ကာ မိခင်ကလည်း သူ့ရဲ့ပဲစိုက်ခင်းတွေဆီ အလုပ်ပြန်ဆင်းနိုင်ပြီ ဖြစ်ပါတယ်။

 

ကလေးက ပေါက်ကွဲမှုအကြောင်း မကြာခဏပြောနေပေမယ့်လည်း ဘာတွေဖြစ်ခဲ့တယ်ဆိုတာကိုတော့ သူ အစီအစဥ်တကျ ပြောနိုင်မယ်မဟုတ်ဘူးလို့ အမေဖြစ်သူကမြင်ပါတယ်။

 

သူ နားမလည်တာလည်းဖြစ်မှာပါ။ သူက သိပ်ငယ်လွန်းသေးတယ်လေလို့ မိခင်ဖြစ်သူက ဆိုခဲ့ပါတယ်။

 

(AP သတင်းဌာန၏ “I just want my legs back; Myanmar landmine casualties soar” ကို ဆီလျော်အောင် ဘာသာပြန်သည်။)

ဓါတ်ပုံများ - AP

 

Burma Associated Press

 

မြန်မာ
အရပ်သား
မြေမြုပ်မိုင်း

Share With
bap-logo