Article
စစ်ဘေးရှောင်ရာ
လွန်ခဲ့သော ၂ နှစ် က
ဧပြီ ၁၀
သွပ်မိုးထားပြီး တာလပတ်စများဖြင့် အကာလုပ်ထားသည့်တဲသည် လေတိုက်သည့်အခါ‘ဘတ်.....ဘတ်’ ဟု မြည်နေသည်။
တောင်ပေါ်ဒေသဖြစ်သောကြောင့် လေတဖြူးဖြူးတိုက်နေခြင်းသည် ပုံမှန်ရာသီဥတုအခြေအနေဟု ဆိုနိုင်သည်။ သစ်သားတိုင်များဖြင့် ဆောက်လုပ်ထားသည့် အိမ်များတွင် ကြမ်းခင်းအဖြစ် ဝါးကိုအသုံးပြုထားသည်။
စစ်ဘေးရှောင်များသည် အကာအရံနှင့်အခင်းအတွက် သစ်သားမသုံးနိုင်ပေ။ ကျွန်းနှင့် ပျဥ်းကတိုး မဟုတ်ဘဲ လက်ပံသားကဲ့သို့ သစ်ပွသည်ပင် တစ်တန်လျှင် လေးသိန်းခန့် ပေါက်ဈေးရှိသည်။ အများအားဖြင့် ထရံလည်း မသုံးနိုင်ကြပေ။
အိမ်အရှေ့တွင် သစ်အနည်းငယ်သုံးကာ ဝရံတာကပ်လုပ်ထားသည်ကို အချို့သောအိမ်တို့တွင် တွေ့ရသည်။ အချို့ အိမ်များတွင်မူ အိမ်နှင့်တွဲလျက်ဆောက်လုပ်ထားသည့် ဝါးကွပ်ပျစ်ခုံများရှိသည်။
ထမင်းစားချိန်တွင် ထိုကွပ်ပျစ်၌ တစ်ဦးပြီးတစ်ဦး ထမင်းထိုင်စားကြသည်။
ထိုမြင်ကွင်းတို့သည့် ကရင်နီဒေသ စစ်ဘေးရှောင်စခန်းတစ်ခုတွင်ဖြစ်သည်။
စစ်ဘေးရှောင်တို့၏ အိမ်များမှာ ကပ်မနေဘဲ ခပ်ခွာခွာ ဆောက်လုပ်ထားကြသည်။ ထို့ကြောင့် မိမိအိမ် အဝန်းအဝိုင်းနှင့် မိမိကဲ့သို့ သီးခြားဖြစ်နေသည်။ အိမ်များ၏ နောက်ဖေးဘက်ဆီတွင် ကိုယ်ပိုင် အိမ်သာတစ်လုံးစီ ရှိကြသည်။
အိမ်ဝန်းတစ်ခု၏ နောက်ဖေးမြေနေရာတွင် အိမ်သာနှင့်မြေအနည်းငယ်ခွာ၍ ဆလက်ပင်၊ ငရုတ်ပင်၊ နံနံပင်၊ ကိုက်လန်ပင် စသည့်အပင်ငယ်တို့ကို သူ့အကွက်နှင့်သူ စိုက်ပျိုးထားသည်။
၎င်းအပင်များအလယ်တွင် သင်္ဘောပင်တစ်ခုမှာ ထီးထီးကြီးရပ်လျက်ရှိသည်။ အသီးအချို့ရှိပြီး အစိမ်းသာ ရှိသေး သည်။ တစ်နိုင်တစ်ပိုင် စားသုံးရန်အတွက်ဟု ဆိုသည်။
ထိုသို့အပင်စိုက်ပျိုးနိုင်ရန် ရွာခံမြေပိုင်ရှင်ကို ခွင့်ပြုချက်တောင်းရပြီး ခွင့်ပြုမှသာ စိုက်ပျိုးခွင့်ရသည်။
စစ်ကောင်စီ စစ်ကြောင်းအန္တရာယ်ကြောင့် အရပ်သားတို့သည် စစ်ဘေးလွတ်သည့်အရပ်တွင် ရှောင်တိမ်းရင်း ယာယီနေထိုင်ခွင့်ရရန် ရွာခံလူကြီးများထံ ခွင့်ပြုချက်တောင်းရသည်။
ရွာခံလူကြီးများက စစ်ဘေးရှောင်များ လိုက်နာရမည့်စည်းကမ်းနှင့်တကွ စစ်ဘေးရှောင်များအတွက် မြေဧရိယာ သတ်မှတ်ပေးသည်။
စစ်ဘေးရှောင်များ ထိုမြေနယ်နိမိတ်တွင် နေထိုင်စဥ်အတွင်း ရွာခံလူကြီးများချမှတ်ထားသည့် စည်းကမ်းများကို လိုက်နာရသည်။
စစ်ဘေးရှောင်များလိုက်နာရသည့်စည်းကမ်းများတွင် ကျွန်းပင်၊ လက်ပံကဲ့သို့ အဖိုးတန်သည့်အပင်များကို မခုတ်ရခြင်းအပါအဝင် ပတ်ဝန်းကျင်အနှောက်အယှက် ဖြစ်စေနိုင်သည့် ဆူဆူညံညံ မူးယစ်သောက်စားခြင်းများ မပြုရခြင်းကဲ့သို့ စည်းကမ်းများအထိပါဝင်သည်။
စစ်ဘေးရှောင်များလိုက်နာရသည့်စည်းကမ်းများတွင် ကျွန်းပင်၊ လက်ပံကဲ့သို့ အဖိုးတန်သည့်အပင်များကို မခုတ်ရခြင်း အပါအဝင် ပတ်ဝန်းကျင်အနှောက်အယှက် ဖြစ်စေနိုင်သည့် ဆူဆူညံညံ မူးယစ်သောက်စားခြင်းများ မပြုရခြင်းကဲ့သို့ စည်းကမ်းများအထိပါဝင်သည်။
ဤဒေသ၌ မြေပိုင်ဆိုင်မှုနှင့် အသုံးချပိုင်ခွင့်သည် ကိုယ်ပိုင်ဥစ္စာ ပိုင်ဆိုင်မှု ဖြစ်ရုံသာမက မျိုးနွယ်သင်္ကေတကဲ့သို့ လည်း ဖြစ်သည်။ အလုပ်အကိုင် အခွင့်အလမ်းလည်းဖြစ်သည်။
ရွာများ၏အမည်သည် မျိုးနွယ်စုအမည်များနှင့်ဆင်တူသည်။ မြေယာပိုင်ဆိုင်မှုကို ပစ္စည်းဥစ္စာပိုင်ဆိုင်မှု တစ်ခု ထက် ပိုမိုအလေးထားကြသည်။
စစ်ဘေးရှောင်များသည် အိမ်ထောင်စုအလိုက် မိမိအဝန်းအဝိုင်းနှင့်မိမိ အိမ်ဆောက်နေထိုင်ကြသည်။ အလှုုရှင် များထံမှ ဆန်၊ ဆီ၊ ဆားကဲ့သို့ အခြေခံစားသောက်ကုန်များကို အိမ်ထောင်စုအလိုက် ထောက်ပံ့မှု ရသည်။ ပုံမှန်ထောက်ပံ့ကြေးဟူ၍မရှိပေ။
လက်ရှိအထိ စစ်ဘေးရှောင်များသည် အဖွဲ့အစည်းသို့မဟုတ် အခြားတစ်ဦးဦးတို့၏ အထောက်အပံ့များပေါ်တွင် မှီခိုရပ်တည်နေကြရဆဲဖြစ်သည်။ ယာများသည်လည်း ရွာတွင်ပင်ရှိရာ ထိုဒေသမှ စွန့်ခွာလာရာရသည်တွင် အလုပ်အကိုင်များသည်လည်း တစ်ပါတည်းယိုင်နဲ့ကုန်သည်။
အချို့စစ်ဘေးရှောင်များသည် စစ်ဘေးရှောင်အရပ်တွင် အိမ်ပြောင်းရွှေ့နေထိုင်ပြီး ယာလုပ်ငန်းကို ယာခင်းတွင် သွားရောက်လုပ်ကိုင်သည်။ စစ်ကောင်စီတပ်၏ အန္တရာယ်လည်းကင်းသည့် အခြေအနေရှိသော ယာခင်း ဧရိယာတို့တွင် ဖြစ်သည်။
အများအားဖြင့် ဒေသခံများနေထိုင်သည့်အိမ်နှင့် အလုပ်လုပ်သည့်ယာမြေများသည် တစ်နေရာတည်းတွင် မဟုတ် ကြပေ။ ထို့ကြောင့် အချို့အတွက် ရွာမှထွက်ပြေးလာရသော်လည်း မိမိပိုင်ယာမြေနယ်နိမိတ်တွင် အန္တရာယ် ကင်းပါက သွားကာ အလုပ်လုပ်နိုင်ကြသည်။ အချို့မှာ မိသားစုသည် စစ်ဘေးရှောင် စခန်းတွင်နေခဲ့ပြီး ယာလု ပ်မည့်သူသည် သွားရလာရအလှမ်းဝေးသဖြင့်ယာအနီးတွင်ပင် တဲထိုးနေသည်။
မိသားစုမှာ စစ်ဘေးရှောင်စခန်းတွင်ပင် ကျန်နေခဲ့ရခြင်း၏ အကြောင်းများမှ တစ်ချက်မှာ စာသင်ရန် အခွင့်အရေး ရှိသောကြောင့်လည်း ဖြစ်သည်။
စစ်ဘေးရှောင်စခန်းတစ်ခုတွင် ကျောင်းသားဦးရေနှင့် ဆရာ၊ ဆရာမ ရရှိနိုင်မှုပေါ်မူတည်၍ အနိမ့်ဆုံး မူလတန်း အထိ စာသင်ကြားပေးနိုင်ကြသည်။ အချို့စခန်းများတွင် အလယ်တန်းအထိ သင်ကြားပေးကြသည်။ အထက်တန်း အတွက်မူ အထက်တန်းကျောင်းဖွင့်သည့်ရွာများသို့ သွားရောက် တက်ကြရသည်။
ကရင်နီဒေသတွင် ရွာအလိုက်ကိုယ်ထူကိုယ်ထကျောင်းများသာမက သက်ဆိုင်ရာအဖွဲ့အစည်းများမှ ဆောင်ရွက် ပေးသည့် ကျောင်းများလည်းရှိကြသည်။ ထို့ကြောင့် စစ်ဘေးရှောင်ရခြင်းမရှိသည့် ရွာများတွင် စာသင်ကျောင်း များရှိပြီး သင်ကြားမှုများပြန်လည်လည်ပတ်နေလျက်ရှိသည်။
လွိုင်ကော်မြို့တွင် စစ်ကောင်စီ၏ ကျောင်းများက လည်ပတ်လျက်ရှိသည်။
စစ်ဘေးရှောင်အများစုသည် ကိုယ်ပိုင်မြေယာရှိရာအရပ်ကို စွန့်ခွာလာရသဖြင့် လယ်ယာလုပ်ငန်းလည်း မလုပ် ကိုင်နိုင်ကြတော့ပေ။ ကျောက်တောင်ပေါသည့်ထိုအရပ်တွင် ကျောက်ထုခြင်း၊ ဆောက်လုပ်ရေး လုပ်ငန်းများကဲ့သို့ နေ့စားကျပန်းအလုပ်များသည် ၎င်းတို့အတွက် ဝင်ငွေရနိုင်ရာလမ်းကြောင်းဖြစ်သည်။
ဧပြီ ၆ ထုတ်ကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူသားချင်းစာနာမှုဆိုင်ရာသတင်းလွှာအရ ယခုနှစ် မတ် ၂၇ အထိနေရပ်စွန့်ခွာထွက်ပြေးရသူပေါင်း နိုင်ငံတစ်ဝန်းတွင် ၁.၈ သန်း နီးပါးရှိသည်။ ယင်းတို့တွင် ၁.၄ သန်းမှာ ပဋိပက္ခနှင့်မလုံခြုံမှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူများ ဖြစ်သည်ဟု ထိုသတင်းလွှာတွင် ဆိုထားသည်။
တိုးတက်သောကရင်နီပြည်သူ့အင်အားစု၏ မတ် ၁ ရက်စွဲဖြင့်ထုတ်ပြန်ချက်အရ အာဏာသိမ်းကာစ ၂၀၂၁ ဖေဖော်ဝါရီ ၁ မှ နှစ်နှစ်အကြာ ၂၀၂၃ ဖေဖော်ဝါရီ ၂၈ အတွင်း စစ်ရှောင်နေစဥ် သေဆုံးသူဦးရေ ၁၃၀ ခန့် ရှိသည်။
ဒီမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းတစ်ခုတွင်ပင် စစ်ဘေးရှောင်စခန်း ၉၈ ခုအထိရှိကြောင်း ကရင်နီပြည်စစ်ဘေးရှောင်ကူညီရေးကွန်ယက်မှ ၎င်းတို့လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသည်။ ကရင်နီဒေသတွင် နေရပ် စွန့်ခွာစစ်ဘေးရှောင်ရသူဦးရရေ ၂ သိန်းခန့်ရှိသည်။
အခြားရွာမြေတွင် လာရောက်နေထိုင်ရသဖြင့် ရွာခံများအနှောက်အယှက်မဖြစ်အောင် ဂရုစိုက်နေထိုင်ရကြောင်း ဒီမော့ဆိုမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတစ်ခုမှ အသက်လေးဆယ်ဝန်းကျင်ခန့်အမျိုးသမီးတစ်ဦးကပြောသည်။
၎င်းတွင် အလယ်တန်းကျောင်းသားအရွယ် သားတစ်ဦးရှိပြီး ၎င်းတို့စစ်ရှောင်ရာ ရွာအတွင်းတွင်ပင် ကျောင်းသွား တက်ရသည်။
၎င်းတို့စစ်ရှောင်စခန်းတွင် မူလတန်းအထိ သင်ကြားပေးနိုင်သော စာသင်ကျောင်းရှိသည်။ အလယ်တန်းကျောင်းသားများက ရွာအတွင်းရှိစာသင်ကျောင်းတွင်သွားတက်ကြရသည်။
အလယ်တန်းကလေးများကျောင်းသွားလျှင် အားလုံးစုဖွဲ့သွားကြသည်။
နာရီဝက်ခန့်လမ်းလျှောက်သွားရသည့်ခရီးတွင် သူစိမ်းများနှင့် အမူးသမားများလည်း ရှိတတ်သောကြောင့် မိန်းကလေး ကျောင်းသူများအတွက် စိတ်မချသောကြောင့်ဟုဆိုသည်။
“ တစ်ခုခုဖြစ်သွားရင် ဘာမှမတတ်နိုင်တော့ဘူးလေ “ ဟုလေသံဝဲဝဲဖြင့်ဆိုသည်။
အလယ်တန်းကျောင်းသားများ စစ်ရှောင်စခန်းတွင်ပင်စာသင်ခွင့်ရသည်အထိ ၎င်းတို့မူလတန်းကျောင်းကို အဆင့်မြှင့်နိုင်ရန်မှာ ၎င်း၏ဆန္ဒဖြစ်သည်။
နောက်ထပ်အကြောင်းပြချက်တစ်ခုမှာ နေ့လယ်စာ သို့မဟုတ် တစ်နေ့စာထမင်းကျွေးသည့်အလှုုရှင်လာလျှင် အလယ်တန်းကလေးများ ကျောင်းသွားနေချိန်နှင့် တိုက်ဆိုင်နေသည်များသောကြောင့် ထိုကလေးများ ဟင်းကောင်းလွတ်သည်ကများသည်ဟုဆိုလေသည်။
နေ့လယ်စာ သို့မဟုတ် တစ်နေ့စာထမင်းကျွေးသည့်အလှုုရှင် လာလျှင် အလယ်တန်းကလေးများ ကျောင်းသွားနေချိန်နှင့် တိုက်ဆိုင်နေသည်များသောကြောင့် ထိုကလေးများ ဟင်းကောင်းလွတ်သည်က များသည်ဟု ဆိုလေသည်။
ညနေစာအလှုုကိုတော့ ကျောင်းပြန်လာချိန်ဖြစ်သဖြင့် မီသည်ဟုဆိုသည်။
အလှုုရှင်မှ ထမင်းလာကျွေးခြင်းမရှိသည့်နေ့များတွင် အနီးအနားမှ ဟင်းသီးဟင်းရွက်များ ခူးစားခြင်းဖြင့် ဟင်းတစ်ခွက်ဖြစ်ကြောင်းဆိုလေသည်။
ထို့နေ့က ညနေပိုင်းအလှုုရှင်များရောက်နေရာ ထမင်းမစားမီကလေးများနှင့် ဂိမ်းဆော့နေကြသည်။ အလယ်တန်း ကလေးများလည်း ကျောင်းမှပြန်လာကြပြီဖြစ်သဖြင့် ဂိမ်းလှုပ်ရှားမှုအစီအစဥ်တွင်အတူပါဝင်နေကြသည်။
ဂိမ်းတွင် တစ်ဦးနှင့်တစ်ဦးစက်ဝိုင်းသဏ္ဍန်ပြုရန် လက်ကိုင်ကြရာတွင် အလယ်တန်းကောင်လေးနှင့် ကောင်မလေး နှစ်ဦးမှာ မဝံ့ရဲဘဲ ရှက်ရွံ့နေကြသဖြင့် ဆက်မကစားနိုင်ဖြစ်နေသည်ကို မူလတန်းကလေးများက ကြည့်ရင်း လက်ညိုးထိုး ရယ်နေကြသည်။
စစ်ဘေးရှောင်စခန်းမှကလေးများသည် ၎င်းတို့ဆရာမ၏ဦးဆောင်မှုဖြင့် ယောက်ျားလေး မိန်းကလေး အတူကစား ကြရင်း ပူးပေါင်းဆောင်ရွက်မှုကို လေ့ကျင့်ပေးထားသည်ဖြစ်ပြီး အလှုုရှင်များနှင့် မကြာခဏ ဂိမ်းကစားကြရရာ မူလတန်းကလေးများအတွက် ကစားပွဲတွင် လက်ကိုင်ရခြင်းသည်မဆန်း။
သင်ကြားသည့်ပုံစံအနည်းငယ်ကွဲသည့် ရွာအတွင်းကျောင်းတွင် အချိန်ကုန်များသော အလယ်တန်းအရွယ် ဆယ်ကျော်သက်ကလေးများအတွက်မူ လက်မကိုင်နိုင်သဖြင့် ဆရာမက ကြားမှဝင်ကာ လက်ကိုင်ပေးရခြင်းဖြင့် ကစားပွဲကိုအသက်ဆက်ရသည်။ ကစားပွဲထဲရှိ အင်္ကျီအမဲ ဝတ်ထားသည့် ၎င်း၏သား အလယ်တန်းကျောင်းသား ဆယ်ကျော်သက်သည်လည်း မိန်ကလေးများနှင့်ပတ်သက်ပြီးအလွန် ဂဂျီဂဂျောင်များ ကြောင်း အလယ်တန်း ကျောင်းသား၏ မိခင်ကဆိုသည်။
“ ရှက်နေကြတာ၊ သူတို့က ဒီဘက်မှာ အချိန်ကုန်တာနည်းတယ်" ဟု အလယ်တန်းကျောင်းသားများကို ညွှန်ပြရင်း ၎င်းက ရှင်းပြသည်။
အလှုုရှင်များလာပါက ကလေးအားလုံးလိုလို ထွက်လာကာ ဂိမ်းကစားခြင်း ကပြခြင်းများ လုပ်ကြသည်။ ထိုနည်း များကို ဝါသနာမပါသူမရှိသကဲ့သို့ပင်။ အချို့မိခင်များသည် ၎င်း၏ အရပ်နှစ်ပေပင်မပြည့်သည့်ကလေးကို ပွေ့ချီကာ ကစားဝိုင်းသို့ အတင်းထည့်သည်လည်းရှိသည်။
သီချင်းသံကြားတွင် ကလေးမှာ လိုက်ကရမည့်အစား မျက်စိသူငယ်ဖြင့် ရပ်နေလေသည်။ မူလတန်းကလေးများကတော့ သီချင်းနှင့်သင်ပေးထားသည့် ကကွက်များကိုပင် အလွတ်ရကာဝိုင်းကနေကြသည်။
ဤသို့ဖြင့် စစ်ဘေးရှောင်များအား ထမင်းကျွေးမွေးခြင်းအစီအစဥ်သို့ရောက်လေသည်။
လက်ရှိ ကရင်နီဒေသကို စစ်ကောင်စီသည် စစ်ကြောင်းလေးကြောင်းဖြင့် အင်အားတိုးချဲ့ကာ ထိုးစစ်ဆင်နေပြီး နေရပ်စွန့်ခွာစစ်ဘေးရှောင်ရသည့်ဦးရေလည်းပိုမိုမြင့်တက်လာသည်။
ထို့ကြောင် အလုပ်အကိုင် ယိုယွင်းမှုလည်းမြင့်တက်လာပြီး အခြားသူများ၏ထောက်ပံ့မှုကို ပိုမိုမှီခိုနေရသည်။ ယင်းအနေအထားသည် မည်သည့်ကာလအထိကြာမည်ကို အသိချင်ဆုံးမှာ စစ်ဘေးရှောင်များပင်ဖြစ်လိမ့်မည်။
ပုံများ-KNDF
Burma Associated Press