Article
ခဲယမ်းလိုအပ်မှုကြောင့် စွန့်လွှတ်နေရသည့် စိုးမိုးနယ်မြေ
လွန်ခဲ့သော ၂ နှစ် က
ဧပြီ ၁၇။
ပျက်စီးဆုံးရှုံးသွားသည့်အရာများအတွက် ယူကျုံးမရဖြစ်ကာ တငိုငိုဖြစ်နေသည့် ဇနီးကို အားပေး နေရသည့် ကိုကြာရိုး ကိုယ်တိုင်သည်လည်း ကြိတ်ငိုနေရသည်။
နေအိမ်တွင် စက်ယက်ကန်းစင်လေးခုထောင်ကာ မိသားစုတစ်နိုင်တစ်ပိုင် လုပ်ငန်းလုပ်ကိုင်သည့် ကိုကြာရိုး (အမည်လွှဲ) သည် ၎င်း၏ အိမ်သာမက အသက်မွေးဝမ်းကျောင်းဖြစ်သည့် ယက်ကန်း စက်များအားလုံးလည်း မီးရှို့ခံလိုက်ရခြင်းဖြစ်သည်။
၎င်း၏ယက်ကန်းရုံအား အမှီသဟဲပြုကာ အလုပ်အကိုင်ရနေသည့် ဒေသခံအချို့သည်လည်း ကိုကြာရိုးနှင့်အတူ အလုပ်အကိုင်မဲ့သွားခဲ့သည်။
“တို့တွေ အသက်ငယ်ကြသေးတာပဲ ပြန်ရှာလို့ရပါတယ်” ဟု လူမမည်ကလေးနှစ်ဦးလည်းရှိသည့် ဇနီးသည်ကို နှစ်သိမ့်ရသည်။
“တို့တွေ အသက်ငယ်ကြသေးတာပဲ ပြန်ရှာလို့ ရပါတယ်” ဟု လူမမည်ကလေးနှစ်ဦးလည်းရှိသည့် ဇနီးသည်ကို နှစ်သိမ့်ရသည်။
၎င်းဆုံးရှုံးသွားသည့်စက်မှာ တစ်လုံးလျှင် ကာလတန်ဖိုး သိန်းလေးဆယ်ခန့်ရှိသည့်အပြင် မီးလောင် ထားသည့် အဟောင်းများမှာလည်း ပြန်ပြင်သုံးရန် မဖြစ်နိုင်သည့်အခြေအနေဖြစ်သည်။ ထို့ကြောင့် ယက်ကန်းလုပ်ငန်းကို ပြန်လည်ထူထောင်ရန် မျှော်လင့်ချက်မရှိသလောက်ပင်ဟု ကိုကြာရိုးက ဆိုသည်။
ယက်ကန်းလုပ်ငန်းပိုင်ရှင် ကိုကြာရိုးသည် နေ့စားလိုက်သည့် ကျပန်းအလုပ်သမားဘဝသို့ ရုတ်ချည်း ကူးပြောင်းသွားသည်။
ဤဖြစ်စဥ်သည် ရွှေဘိုမြို့နယ်၊ တည်ပင်ရွာကို စစ်ကောင်စီတပ်၏ မီးရှို့မှုကြောင့် အခြေအနေပျက်သွားရသူ တစ်ဦး၏ ဒုက္ခအကြပ်အတည်း ဖြစ်သည်။
တည်ပင်ရွာတွင်ထိုသို့ နေအိမ်နှင့်ဥစ္စာပစ္စည်းများကိုဆုံးရှုံးရသူဦးရေ ၄၅၀ ဝန်းကျင်ခန့်ရှိသည်။ နေအိမ်အဆောက်အဦပေါင်း ၁၂၀ ခန့်ပျက်စီးခဲ့ရသည်။
တည်ပင်ရွာသည် လယ်ယာလုပ်ငန်းလုပ်ကိုင်သူများထက် ယက်ကန်းလုပ်ငန်းလုပ်ကိုင်သူ ဦးရေ ပိုများသည်။
ဘိုးဘွားစဉ်ဆက် ယက်ကန်းလုပ်လာသည့် တည်ပင်ရွာတွင် အိမ်တိုင်းနီးပါး လက်ယက်ကန်း သို့မဟုတ် စက်ယက်ကန်း တစ်ခုအနည်းဆုံးပိုင်ဆိုင်ကြသည်။
ယက်ကန်းစက်ရုံများသာမက တစ်နိုင်တစ်ပိုင် မိသားစုယက်ကန်းလုပ်ငန်းလည်း များစွာရှိသည်။ ယခုအကြိမ် မီးရှို့ခံရခြင်းတွင် အရှို့ခံရသည့်အိမ်များတွင်ရှိသည့် ယက်ကန်းများလည်းပါဝင်သည်။ သိမ်းထားသည့် မျိုးစပါးနှင့် စားရန်သိုလှောင်ထားသည့် စပါးများလည်း မီးထဲပါသွားကြသည်။
စစ်ကောင်စီတပ်သည် မြေကြီးထဲမြုပ်ကာသိမ်းထားသည့် စပါးများကိုပင်ဖော်၍ မီးရှို့သွားခြင်း ဖြစ်ကြောင်း ပြန်လည်ထူထောင်ရေးတွင် လုပ်အားပေးပါဝင်နေသည့် ဒေသခံလူငယ်တစ်ဦးဖြစ်သူ မောင်မြင့်(အမည်လွဲ)က ပြောသည်။
တည်ပင်ရွာမီးရှို့ခံရပြီးသည့်နောက်တွင် ကျေးရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များနှင့် ဒေသခံကာကွယ် ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး ရွာအတွင်းအပျက်အစီးများကို ရှင်းလင်းခြင်းနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို ဆောင်ရွက်ကြသည်။
မီးရှို့ခံရပြီးနောက် ဒေသခံများသည် မိမိတို့ရွာသို့ မပြန်လိုကြတော့သည်အထိ စိတ်ထိခိုက် ကြကြောင်း တည်ပင်ရွာ၏ ကျေးရွာအုပ်ချုပ်ရေးတာဝန်ခံတစ်ဦးဖြစ်သည့် ဦးခိုင်ကြီးကပြောသည်။
“ လာနေပြီ...လာနေပြီ၊ ပြေး..ပြေး ဆိုတာမျိုးတွေအော်တာပေါ့ “ ဟု မီးရှို့ခံရပြီးနောက် စိတ်ထိခိုက် ကာ စိတ်ပုံမှန်မဟုတ်တော့ဘဲ အော်နေသည့်သူအချို့ရှိကြောင်း ၎င်းကပြောသည်။
“ လာနေပြီ...လာနေပြီ၊ ပြေး..ပြေး ဆိုတာမျိုးတွေအော်တာပေါ့ “ ဟု မီးရှို့ခံရပြီးနောက် စိတ်ထိခိုက် ကာ စိတ်ပုံမှန်မဟုတ်တော့ဘဲ အော်နေသည့်သူ အချို့ရှိကြောင်း ၎င်းကပြောသည်။
ထိုသူများအတွက် ကျေးရွာကျန်းမာရေးဆိုင်ရာ တာဝန်ယူထားသည့်သူ ပေးသည့်ဆေး တိုက်ထားသည်ဟု ဆိုသည်။ ကျေးလက်သည်ယခင်ကတည်းက ကျန်းမာရေးစောင့်ရှောက်မှု အားနည်းသည် ဖြစ်ရာ ယခုကဲ့သို့စစ်ရေးကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့်အချိန်တွင် စိတ်ထိခိုက်မှုကဲ့သို့ ဖြစ်စဥ်များအတွက် ဆေးဝါးနှင့် ကုသနိုင်မှု လိုအပ်ချက်ကြီးမားသည်။ ရွာအတွင်းကျန်းမာရေးစောင့်ရှောက်မှုပေးသူသည် စိတ်ရောဂါကု ဆရာဝန်မဟုတ်သည့်အပြင် စိတ်ရောဂါဝေဒနာအတွက် လိုအပ်သည့်ဆေးဝါးအဆင်သင့်ရှိမရှိမှာလည်း မသေချာပေ။
စစ်ကြောင်းထိုးမှုကြောင့် အခြားရွာများသို့ စစ်ရှောင်သွားကြရသည့်ဒေသခံများကို ရွာတွင်ပြန်လည်နေထိုင်ရန်ပင် မနည်းဆော်ဩခဲ့ရကြောင်း ဦးခိုင်ကြီးကပြောသည်။
အကြောင်းမှာ မီးရှို့ခံရပြီး ရွာတွင်လုံခြုံရေးစိတ်မချကြတော့ခြင်းနှင့် မိမိအိမ်အပျက်အဆီးများအား ရင်မဆိုင်ဝံ့ကြခြင်း ဖြစ်သည်။
စစ်ကိုင်းတိုင်းတွင် ၂၀၂၁ အာဏာသိမ်းမှုကာလအတွင်း ယခုနှစ် ၂၀၂၃ ဖေဖော်ဝါရီ ၂၈ အထိ စစ်ကောင်စီနှင့် လက်အောက်ခံ အဖွဲ့အစည်းများ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားပြည်သူ နေအိမ် ပေါင်း ၆၀,၄၅၉ လုံး ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု သုတေသနအဖွဲ့တစ်ခုဖြစ်သည့် Data For Myanmar ၏ ထုတ်ပြန်ချက်က ဆိုသည်။
စစ်ကိုင်းတိုင်းသည် တိုင်းရင်းသားလက်နက်ကိုင်များ၏ လွတ်မြောက်နယ်မြေများကဲ့သို့ အခိုင်အမာ စိုးမိုးထားနိုင်သည့် နယ်မြေဟူ၍ အသေအချာမရှိသေးပေ။ ထို့ကြောင့် စစ်ဒဏ်မှလွတ်မြောက်နိုင် သည့် ဧရိယာဟူ၍ မရှိသောကြောင့် ဤနေရာတွင် ယခုအကြိမ်တွင် စစ်ရှောင်နိုင်သော်လည်း နောင်တွင် စစ်ကြောင်းထိုးမခံရနိုင်ဟု တပ်အပ်မပြောနိုင်ပေ။
ထို့ကြောင့် စစ်ကောင်စီစစ်ကြောင်းကြောင့် ရွာတစ်ရွာမှ ဒေသခံအများစု ထွက်ပြေးတိမ်းရှောင်သွား သည့် စစ်ကိုင်းတိုင်းအတွင်းမှ အခြားရွာများသည်လည်း နောင်တွင်စစ်ကောင်စီစစ်ကြောင်းမထိုးဟု မပြောနိုင်ပေ။ မည်သည့်ဒေသမှ စစ်ကောင်စီစစ်ကြောင်းဒဏ်မှ ကင်းလွတ်နိုင်သည်ဟူ၍မရှိရာ မိမိရွာ သို့မဟုတ် ဒေသကို ကာကွယ်စိုးမိုးနိုင်ခြင်းသည် ဒေသခံလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ၏ ဦးတည်ရာဖြစ်သည်။
ဖေဖော်ဝါရီအတွင်း စစ်ကြောင်းထိုးပြီးနောက် ကျေးရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ ကျေးရွာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်းကာ ဒေသအတွင်း မီးရှို့ခံရသည့် အကြွင်းအကျန်များကို ရှင်းလင်းခြင်း၊ ဒေသခံများကို နေရပ်သို့ ပြန်ပို့ဆောင်ပေးခြင်း၊ အပျက်အစီးများ တွက်ချက်ခြင်း စသည့်ဒေသတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လုပ်ကိုင်နေသည်။
သို့သော်နေအိမ်များကို ပြန်လည်တည်ဆောက်နိုင်မှုနည်းသေးသည့်အပြင် ဒေသခံများလည်း စီးပွားရေးလုပ်ငန်းကို ပြန်လည် နလန်မထူနိုင်ကြတော့ပေ။
ထိုနောက် နောက်ဆက်တွဲများသည် ဆက်တိုက် ပေါ်ပေါက်လာသည်။ ယင်းကိုဖြစ်ပွားစေသည့် စစ်ကောင်စီစစ်ကြောင်းကိုတားဆီးနိုင်သည်မှာ ဒေသအတွင်းရှိ လက်နက်ကိုင်ကာကွယ်ရေး တပ်ဖွဲ့များ ဖြစ်သည်။ သို့သော် ကာကွယ်ရေးတပ်ဖွဲ့များ ကိုယ်တိုင်ပင် ကျည်အင်အားနှင့် လက်နက်အင်အား မလုံလောက်ကြသည်ဖြစ်ရာ စစ်ကောင်စီစစ်ကြောင်းကို ကောင်းစွာခုခံတော်လှန်၍ ဒေသခံပြည်သူ များကို ကာကွယ်မှုပြုလုပ်နိုင်ရန်မှာဝေဝါးနေဆဲပင်။
“လူအင်အားရှိတယ်၊ ကျတော်တို့မှာ ကျည်မလုံလောက်ဘူး" ဟု ဒေသခံ ကာကွယ်ရေးအဖွဲ့ဝင် (LPDF) တစ်ဦး၏ စကားကို အနီးမှ ရဲဘော်က “ ဟုတ်တယ်၊ အဓိက က အဲ့ဒါပဲ” ဟူသော စကားဖြင့်ပင် ထောက်ခံလေသည်။
“လူအင်အားရှိတယ်၊ ကျတော်တို့မှာ ကျည်မလုံ လောက်ဘူး" ဟု ဒေသခံ ကာကွယ်ရေးအဖွဲ့ဝင် (LPDF) တစ်ဦး၏ စကားကို အနီးမှ ရဲဘော်က “ ဟုတ်တယ်၊ အဓိက က အဲ့ဒါပဲ” ဟူသော စကားဖြင့်ပင် ထောက်ခံလေသည်။
ယခုနှစ် ဖေဖော်ဝါရီ ၂၀ တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် ဒေသအတွင်းရှိ လက်နက်ကိုင် ကာကွယ်ရေးအဖွဲ့အစည်းများ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ကြသည်။ ဒေသခံ ကာကွယ်ရေး အဖွဲ့အစည်းများဘက်မှ လက်နက်အင်အားမမျှတမှုနှင့် ကျည်မလုံလောက်မှု တို့ကြောင့် ပြန်ဆုတ်ခဲ့ရသည့် ထိုခုခံတိုက်ပွဲ အကြောင်းကို ပြောနေကြခြင်းပင်။
အပြန်အလှန်တိုက်ခိုက်မှုသည် ၁၀ မိနစ်ခန့်သာ ကြာမြင့်ခဲ့သည်ဟု တည်ပင်ရွာမှ ဇေယျာသွေး ဒေသခံ ကာကွယ်ရေး (LPDF)တပ်ဖွဲ့ အဖွဲ့ဝင်တစ်ဦးကပြောသည်။ လက်နက်မလုံလောက်မှုကြောင့် ကာကွယ်ရေး အဖွဲ့အစည်းများ ပြန်ဆုတ်သွားသည့်အခါ ၎င်းတို့ရွာသည် စစ်ကောင်စီ စစ်ကြောင်း၏ မီးတင်ရှို့ခြင်း ခံရတော့သည်။
တစ်ရွာလုံး ရက်အတန်ကြာစစ်ဘေးရှောင်ခဲ့ရသည်။
ထိုရွာသို့ စစ်ကြောင်းမထိုးမီတွင် အနီးအပါးမှ ရွာများတွင် ရွာစဥ်ပတ်၍ စစ်ကြောင်းထိုး မီးရှို့မှုများ ကျူးလွန်လာခဲ့ပြီးဖြစ်သည်။
ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီစစ်ကြောင်းသည်နှစ်ပတ်ခန့်အတွင်း ရွှေဘိုမြို့နယ်ရှိ ရွာ ၉ ရွာကို မီးရှို့ဖျက်ဆီးမှု ကျူးလွန်ခဲ့သည်။
ဒေသခံကာကွယ်ရေးတပ်ဖွဲ့များသည် စစ်ကောင်စီတပ်၏စစ်ကြောင်းကို ပြန်လှန်ခုခံခဲ့ကြသော် လည်း လက်နက်အင်အားမမျှတပေ။ လက်နက်ရှိလျှင်ပင် ကျည်သုံးနိုင်သည့် အခြေအနေကွာဟ သည်။ တည်ပင်ရွာသို့စစ်ကြောင်းမထိုးခင် အခြားရွာများကို စစ်ကြောင်းထိုးလာသောကြောင့် ဒေသ အတွင်းရှိ လက်နက်ကိုင်ကာကွယ်ရေးတပ်ဖွဲ့များသည် ကျည်အသုံးပြုရကျပ်တည်းခဲ့ရသည်။
ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ၏ထိုအားနည်းချက်သည် စစ်ကောင်စီတပ်အတွက် အားသာချက် ဖြစ်နေသည်။
ကာကွယ်ရေးတပ်ဖွဲ့များ နောက်ဆုတ်သွားသောအခါ စစ်ကောင်စီသည် ထိုနယ်မြေကို စစ်ကြောင်းရှေ့ဆက် ထိုးနိုင်သည်။ စစ်ကြောင်းထိုးပါကလည်း ပြည်သူများ၏ဥစ္စာပစ္စည်းများကို ဖျက်ဆီးခြင်း၊ခိုးယူခြင်း၊ အိမ်မွေး တိရိစ္ဆာန်များကို သတ်ဖြတ်စားသောက်ခြင်းအပြင် ၎င်းတို့နှင့်တွေ့ဆုံသည့် ဒေသခံများကို ပေါ်တာဆွဲခြင်းနှင့် သတ်ဖြတ်ခြင်းတို့ကို ကျူးလွန်လေ့ရှိသည်။
စစ်ကောင်စီတပ်ကို ထောက်ပံ့ပေးသည့် ဒေသခံအဖွဲ့အစည်းဖြစ်သည့် ပျူစောထီးများသည် ရွာအတွင်းရှိ တော်လှန်ရေးအင်အားစုများကို ဖော်ထုတ်သတင်းပေးခြင်း လမ်းပြဆောင်ရွက်ပေး ခြင်းဖြင့် နေ့စားခသာမက တော်လှန်ရေးအင်အားစုများပိုင် ဥစ္စာပစ္စည်းများ၊ လယ်၊ ယာ၊ ကျွဲ၊ နွား စသည်တို့ကို သိမ်းယူပိုင်ဆိုင်နိုင်သည့် အခွင့်အရေးနှင့်အာဏာ ရကြသည်။
၂၀၂၁ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရင်း အရပ်သားပြည်သူများမှ ပေါက်ဖွားလာသည့် စစ်ကိုင်း တိုင်းအတွင်းရှိ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များသည် ဒေသခံများ၏ အထောက်အပံ့များဖြင့် အဓိက ထား ရပ်တည်နေလျက်ရှိသည်။ ပြည်သူများ၏ဥစ္စာပျက်ဆီးခြင်းနှင့် ဆင်းရဲခြင်းသည် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များအတွက် ဆုံးရှုံးနစ်နာခြင်းပင်ဖြစ်သည်။
ထို့ကြောင့် မြေပြင်ရှိဒေသခံကာကွယ်ရေးတပ်ဖွဲ့များတွင် ကျည်လုံလောက်မှုမရှိခြင်းနှင့် လက်နက် လုံလောက်မှု မရှိခြင်းသည် ထိုဒေသရှိပြည်သူများကို အန္တရာယ်ကျရောက်စေရုံသာမက ကာကွယ်ရေး တပ်ဖွဲ့များ၏ ရပ်တည်နိုင်စွမ်းကိုလည်း ထိခိုက်စေလာသည်။
Burma Associated Press
Top News
လွန်ခဲ့သော ၉ နာရီ က
လွန်ခဲ့သော ၉ နာရီ က