Article
“တံတားနားက အဘိုးအို”
လွန်ခဲ့သော ၂ နှစ် က
သံမဏိကိုင်းမျက်မှန်တပ်ထားပြီး ညစ်ထေးနေသည့် အဝတ်များ ဝတ်ထားသော အဘိုးအိုတစ်ဦးသည် လမ်းဘေး တစ်နေရာတွင် ငုတ်တုတ်ထိုင်နေ၏။
သူ၏အရှေ့တွင် မြစ်ငယ်လေးတစ်စင်း ဖြတ်သန်းစီးဆင်းနေပြီး ယင်းမြစ်ပေါ်တွင် ယာယီဗောတံတားလေး တစ်ခု ကန့်လန့်ဖြတ်ထိုးထားသည်။ မြင်းလှည်း၊ နွားလှည်းနှင့် ကားငယ်များ၊ ယောကျ်ားများ၊ မိန်းမများနှင့် ကလေးငယ်များသည် တံတားပေါ်မှတဆင့် မြစ်ကို ဖြတ်ကူးနေကြလေသည်။
တစ်ဖက် တံတားအဆုံးတွင် မြင်းလှည်းတစ်စီးသည် အနည်းငယ် မတ်စောက်သည့် မြစ်ကမ်းပေါ်သို့ မတက်နိုင်ဘဲ ယိမ်းထိုးနေလေရာ ပြည်သူ့ရဲဘော်အချို့က ဘေးမှနေ၍ လှည်းဘီးကို လက်များဖြင့် တွန်းတင် ပေးနေကြသည်ကိုလည်း တွေ့ရသည်။
ဒီလိုပုံစံဖြင့်ပင် လှည်းများ၊ ကားများသည် မြစ်တစ်ဖက်ကမ်းသို့ ရောက်သွားကြပြီး တံတားနှင့်ဝေးရာသို့ ဦးတည်ထွက်ခွာသွားကြလေသည်။
ဒေသခံများ၊ လယ်သမားများသည်လည်း တံတားကိုဖြတ်ကူးပြီးနောက် ခြေကျင်းဝတ်ခန့်ထူသည့် ဖုန်များ ကြားထဲမှနေ၍ တံတားနှင့်ဝေးရာဆီကို ဖြည်းဖြည်းချင်း လျှောက်လှမ်းသွားကြ၏။
သံမဏိကိုင်းမျက်မှန်တပ်ထားသည့် အဘိုးအိုတစ်ဦးသာ တံတားလေးအနီးရှိ လမ်းဘေးတစ်နေရာတွင် တုတ်တုတ်မျှ မလှုပ်ဘဲ ထိုင်လျက်ရှိနေသည်။ သူသည် မောပန်းလွန်းသဖြင့် တစ်စက်ကလေးမှ မလှုပ်ချင်တော့ပြီ။
ထိုအချိန်၌ ကျွန်တော်၏ တာဝန်မှာ တံတားကိုဖြတ်ကူးပြီး (စစ်ဘေးရှောင်များ ထွက်ခွာလာသည့် ဒေသရှိ) ရန်သူ ခြေကုပ်စခန်းများ၏ တည်နေရာနှင့် ၎င်းတို့၏ စစ်ကြောင်းရောက်ရှိနေသည့်နေရာကို ထောက်လှမ်းပြီး သတင်းပို့ရန်ဖြစ်၏။
ကျွန်တော်သည် ထိုကိစ္စများကိုဆောင်ရွက်ပြီးဖြစ်၍ ယာယီဗောတံတားဆီသို့ ပြန်ရောက်လာခြင်း ဖြစ်ပေသည်။
တံတားပေါ်တွင် လှည်းနှင့် ခြေကျင်လျှောက်ဖြတ်ကူးသူ အနည်းငယ်သာ ကျန်တော့သည်။ သို့သော် အဘိုးအို ကတော့ ထိုနေရာတွင် ထိုင်နေဆဲဖြစ်သည်။
“အဘိုးဘယ်က လာသလဲဗျ” ကျွန်တော်က ထိုင်နေသည့် အဘိုးအိုကို စကားစဆိုလိုက်သည်။
“------မြို့ ကပါ” ဟု အဘိုးအိုက ပြုံးလျက်ပြန်ဖြေ၏။
ထိုမြို့သည် အဘိုးအို၏ မွေးရပ်ဇာတိဖြစ်သည်။ သက်တမ်းတလျှောက် နေထိုင်လာခဲ့သည့် သူချစ်သော မြို့၏ အမည်ကို နှုတ်မှ ဖွင့်ဟပြောရခြင်းသည် သူ့ကို ကြည်နူးစေသော စိတ်ကလေး ဖြစ်စေ၏။ ထို့ကြောင့်လည်း ပြုံးခြင်းဖြစ်ပေသည်။
“ကျုပ် တိရစ္ဆာန်လေးတွေ မွေးပြီး စောင့်ရှောက်တယ်ကွဲ့” ဟု အဘိုးအိုက ဆက်ပြောသည်။
ကျွန်ုပ်က သိပ်ပြီးနားမရှင်းလှသော်လည်း “ဪ” ဟုသာ ပြန်ဖြေလိုက်၏။
“ဟုတ်တယ် မောင်ရဲ့။ ကျုပ်အိမ်မှာ တိရစ္ဆာန်လေးတွေမွေးထားတာ။ ပြီးတော့ ကျုပ်က ဒီမြို့ထဲက ထွက်လာတဲ့ လူတွေထဲမှာ နောက်ဆုံးထွက်လာတဲ့သူပဲကွဲ့” ဟု အဘိုးအိုက ရှင်းပြသည်။
“ဟုတ်တယ် မောင်ရဲ့။ ကျုပ်အိမ်မှာ တိရစ္ဆာန်လေးတွေ မွေးထားတာ။ ပြီးတော့ ကျုပ်က ဒီမြို့ထဲက ထွက်လာတဲ့ လူတွေထဲမှာ နောက်ဆုံးထွက်လာတဲ့သူပဲကွဲ့” ဟု အဘိုးအိုက ရှင်းပြသည်။
အဘိုးအို၏ ပုံစံကို ခန့်မှန်းကြည့်သောအခါ သိုး၊ ဆိတ် သို့မဟုတ် ကျွဲအုပ်၊ နွားအုပ်များ မွေးမြူ၊ ထိန်းကျောင်း သည့် နွားကျောင်းသားကြီး တစ်ယောက်နှင့်လည်း မတူပါ။
ကျွန်တော်သည် အဘိုးအိုဝတ်ထားသည့် မဲညစ်ညစ် အဝတ်အစား၊ ဖုန်မှုန့်များတင်နေသည့် ညိုမှိုင်းသော မျက်နှာနှင့် သံမဏိကိုင်း မျက်မှန်တို့ကို တစ်ခုချင်း စူးစမ်းကြည့်ရှူရင်း
“အဘိုးက ဘာတိရစ္ဆာန်တွေကို မွေးတာလဲဗျ” ဟု မေးလိုက်သည်။
“အစုံပဲ.....ဒါပေမယ့်..ကျုပ်သူတို့ကို ထားခဲ့ရတယ်” ဟု အဘိုးအိုက ခေါင်းကို လှုပ်ရမ်းရင်း ဆိုသည်။
ထိုအချိန်၌ ကျွန်တော်သည် ယာယီတံတားလေးကို တစ်လှည့်၊ စစ်ရှောင်များ ထွက်ခွာလာခဲ့သည့် နေရာဘက်ကိုတစ်လှည့် လှမ်းမျှော်ကြည့်ရင်း ရန်သူ့စစ်ကြောင်းတစ်ခု အဆိုပါနေရာမှနေ၍ မည်သည့်အချိန် ပေါ်လာလေလိမ့်မလဲဟု စိုးရိမ်ကြောင့်ကြလျက်ရှိနေ၏။
ရန်သူ့စစ်ကြောင်းမှ ပစ်လိုက်သည့် လက်နက်ကြီးသံတစ်စွန်းတစ်စများ ထွက်ပေါ်လာလေမလားဟုလည်း နားစွင့်နေမိသည်။ သို့သော် အဘိုးအိုကတော့ ထိုနေရာတွင် ထိုင်နေဆဲပင်။
“ဘာကောင်တွေ မွေးတာလဲ အဘိုး” ဟု ကျွန်တော်က အဘိုးအိုကို ထပ်မေးလိုက်သည်။
“တိရစ္ဆာန်လေး သုံးမျိုးမွေးထားတာပါ..”
“ဆိတ်လေး နှစ်ကောင်ရယ်၊ ကြောင်လေးတစ်ကောင်ရယ်၊ ပြီးတော့ ခိုက ဖိုမစုံတွဲ လေးတွဲရယ်ပေါ့။” ဟု ၎င်းက ဆိုသည်။
“အဘိုး..ဒီကောင်လေးတွေ အားလုံးကို ထားခဲ့ရတာပေါ့” ဟု ကျွန်တော်က ပြန်မေးလိုက်သောအခါ..
“ဟုတ်တယ်။ အမြောက်ရန်ကြောင့်ပေါ့။ အဲသည်က ရဲဘော်ခေါင်းဆောင်တစ်ယောက်က အမြောက်မှန်မှာ စိုးလို့ ဆိုပြီး ကျုပ်ကို မြို့ကနေ ထွက်ခိုင်းလေရဲ့...”
ကျွန်တော်သည် ဗောတံတား၏ ဟိုမှာဘက်အဆုံး၌ နောက်ဆုံးလက်ကျန် လှည်းတချို့ မြစ်ကမ်းပါးပေါ်သို့ အလောသုံးဆယ် တက်နေကြပုံကို ကြည့်နေရင်း “အဘိုးမှာ မိသားစုမရှိဘူးလား” ဟု ဆက်မေးလိုက်သည်။
“မရှိဘူး မောင်ရင်ရဲ့...။ ခဏတုန်းက ကျုပ်ပြောခဲ့တဲ့ တိရစ္ဆာန်လေးတွေနဲ့ပဲ ကျုပ်က အတူနေနေတာ..”
၎င်းကပင် ဆက်၍..
“အင်း… ကြောင်လေးကတော့ သူ့ဘာသာသူ ရှာစားနိုင်တယ်။ ကြောင်တွေက နေတတ်ထိုင်တတ်တဲ့ ကလေး ဆိုတော့ သေချာပေါက် အဆင်ပြေမှာပါ။ ဒါပေမယ့် အခြားကလေးတွေ ဘယ်လိုနေပြီး ရှေ့ဆက်ကြမလဲတော့ မတွေးတတ်ဘူး။”
“ဟုတ်ကဲ့..ဒါနဲ့ အဘိုးက..ဘယ်ဘက်ကလဲ”
ကျွန်တော်က ပြည်တွင်းစစ်အတွင်း အဘိုးအို မည်သည့်ဘက်ခြမ်း အားပေးသည်ကို သိလို၍ မေးလိုက်ခြင်း ဖြစ်သည်။
“ကျုပ်ဘယ်ဘက်ခြမ်းကမှ မနေပါဘူး..”
“ကျုပ် အသက် ၇၆ နှစ်ရှိပြီ...။ ဒီအထိရောက်အောင် ၇ မိုင်လောက် လမ်းလျှောက်ခဲ့ရတယ်..။ ဒါပေမယ့် ရှေ့ကိုတော့ ဆက်သွားနိုင်တော့မယ်မထင်ဘူးကွယ်..”
“ဒီနေရာက ရပ်နေဖို့ ကောင်းတဲ့နေရာမဟုတ်ဘူး အဘိုးရဲ့..” ဟု ကျွန်တော်က ပြောလိုက်သည်။
“တကယ်လို့ အဘိုး တံတားကို ကူးပြီးသွားရင်တော့ တံတားဟိုဘက်က လမ်းပေါ်မှာ ----မြို့ကိုသွားမယ့် ကား သုံးလေးစီးတော့ ရှိတယ်..”
“ကျုပ် ဒီမှာ ခဏစောင့်လိုက်ပါဦးမယ်ကွယ်...ပြီးရင်တော့ သွားတာပေါ့။ ကားတွေက ဘယ်ကို သွားတာလဲ.. မောင်ရင်....” အဘိုးက ပြန်ပြော၏။
“---မြို့ကိုလေ.. အဘိုးရဲ့”
“ကျုပ်တော့ အဲဒီဘက်မှာ အသိဆိုလို့ တစ်ယောက်မှတောင်မရှိဘူး။ ဒါပေမယ့် ကျေးဇူးပါပဲကွယ်။ တကယ်.. ကျေးဇူးတင်ပါတယ်...”
အဘိုးအိုသည် ထိုစကားကိုပြောပြီးနောက် ခံစားချက်ကင်းမဲ့ပြီး မောပန်းနွမ်းလျနေသော မျက်လုံးများဖြင့် ကျွန်တော့်ကို ကြည့်လိုက်၏။ ထို့နောက် သူ၏စိုးရိမ်ပူပန်မှုကို ထပ်မံဖွင့်ဟပြန်လေသည်။
“.. ကြောင်လေးကတော့ အဆင်ပြေမှာပါ။ ဒီကလေးကိုတော့ စိတ်ချပါတယ်...။ သူ့အတွက် ပူစရာကို မလိုတာ အဘိုးသိတယ်။ ဒါပေမယ့် တခြားကလေးတွေကတော့...၊.အင်း..ဒီကလေးတွေရဲ့ အခြေအနေကို မောင်ရင် ဘယ်လိုများထင်မိသလဲကွဲ့....”
“..ဟုတ်..အဘိုး။ သူတို့လည်း အဆင်ပြေသွားမှာပါ…”
“မောင်ရင်..ဒီလိုပဲ ထင်တယ်ပေါ့…”
“ဒါပေါ့ အဘိုးရဲ့..” ဟု ကျွန်တော်က အဘိုး၏ အမေးကို ပြန်ဖြေရင်း တံတားတစ်ဖက်ကမ်းကို လှမ်းကြည့် လိုက်သည်။ တံတား၏ ဟိုဘက်အဆုံး၊ မြစ်ကမ်းပေါ်၌ လှည်းတစ်စီးမှ မရှိတော့ပြီ။
အဘိုးအိုက စကားဆက်ပြန်၏။
“...ဒါပေမယ့် အဘိုးက အမြောက်ကြီးတွေရဲ့ ရန်ကြောင့် ခုလိုထွက်လာရတာဆိုတော့ ကျန်ခဲ့တဲ့ ကလေးတွေ ကျတော့ ဒီအမြောက်ကြီးတွေအောက်မှာ ဘယ်လိုနေကြလိမ့်မတုန်း…”
“အဘိုး...ငှက်လှောင်အိမ်တွေကို ဖွင့်ပေးထားခဲ့သေးလား..”
“အင်း...ဖွင့်ထားခဲ့တယ်..”
“ဒါဆို..သူတို့ ပျံသွားမှာပါ..၊”
“ဒါပေါ့..ခိုတွေကတော့ သေချာပေါက် ပျံသွားမှာပေါ့။.. ဒါပေမယ့် တခြားမပျံနိုင်တဲ့ ကလေးတွေ ကျတော့ရော..။ အင်း ဒီကလေးတွေကိစ္စကို မတွေးပဲနေတာပဲ ကောင်းပါတယ်လေ...။”
“ဒါပေါ့..ခိုတွေကတော့ သေချာပေါက် ပျံသွားမှာပေါ့။.. ဒါပေမယ့် တခြားမပျံနိုင်တဲ့ ကလေးတွေ ကျတော့ရော..။ အင်း ဒီကလေးတွေကိစ္စကို မတွေးပဲနေတာပဲ ကောင်းပါတယ်လေ...။”
“ကဲ..အဘိုး..ကျွန်တော်တော့ သွားရတော့မယ်ဗျ..။ အဘိုးလည်း ထပြီးလမ်းလျှောက်တော့လေနော်. .ဒီကနေ သွားကြစို့လား..” ဟု ကျွန်တော်က တိုက်တွန်းလိုက်သည်။
“ကျေးဇူးပါကွယ်..” ဟု ဆိုပြီး အဘိုးသည် မတ်တပ်ရပ်လိုက်သည်။ ထို့နောက် ခြေထောက်ကို ခေတ္တများ လှုပ်ခါလိုက်သည်။ ပြီးနောက် ဖုန်များကြားထဲသို့ပင် ပြန်ပြီး ထိုင်ချလိုက်လေသည်။
“..ကျုပ်ဒီကလေးတွေကို မွေးပြီး အဖော်ပြုနေခဲ့တာဗျ..၊”
“ကျုပ် ဒီကလေးတွေကို ကျွေးမွေးစောင့်ရှောက်ပြီး သူတို့ကို အဖော်ပြုပြီးတော့ပဲ နေနေခဲ့တာပါ…”
အဘိုးအိုသည် စကားကို ဖြည်းဖြည်းနှင့် လေးလေး ပြောနေပြန်၏။ ဒီတစ်ခါတော့ ကျွန်တော့်ကို ပြောဆိုနေခြင်း မဟုတ်တော့။
ယခု ကျွန်တော့်တွင် အဘိုးအိုနှင့်ပတ်သက်ပြီး လုပ်ပေးစရာ ဘာမှမကျန်တော့ပေ။
ထိုနေ့သည် အီစတာတနင်္ဂနွေနေ့ (ခရစ်ယာန်ဘာသာတွင် ခရစ်တော် ပြန်လည်ရှင်သန်ထမြောက်သည့် အထိမ်းအမှတ်အဖြစ် မတ်လနှင့် ဧပြီလအတွင်း ပျော်ပွဲရွှင်များကျင်းပသည့်အချိန်) ဖြစ်ပြီး ဖက်ဆစ်စစ်တပ်၏ စစ်ကြောင်းသည် အဘိုးအိုထိုင်လျက်ရှိသည့် ----နေရာဘက်သို့ ချီတက်လာနေသည့် အချိန်လည်းဖြစ်သည်။
ကောင်းကင်မျက်နှာကျက်ပေါ်တွင်မူ တိမ်ဆိုင်တိမ်လိပ်များက အှုံ့ဆိုင်းတွဲခိုလျက်ရှိနေပြီး ဝန်းကျင် တစ်ခုလုံး ညိုမှိုင်းနေလေရာ ဖက်စစ်စစ်တပ်၏ လေယာဉ်များ ဒီနေရာကို လတ်တလော ပျံသန်းလာနိုင်ဦးမည် မဟုတ်သေးပေ။
ထိုကဲ့သို့ ရန်သူ့လေယာဉ်များ မလာနိုင်သေးခြင်းနှင့် ကြောင်များ မိမိကိုယ်ကို ဂရုစိုက်နိုင်သည့် အလေ့အထ ရှိခြင်းသည် ထိုအချိန်၌ အဘိုးအိုတွင် ရှိနေသမျှ ကံအကောင်းဆုံးအရာများသာ ဖြစ်လေတော့သည်။
(အမေရိကန် စာရေးဆရာ အားနက် ဟဲမင်းဝေး၏ စပိန်ပြည်တွင်းစစ်နောက်ခံ ၀တ္တုတိုတစ်ပုဒ်ဖြစ်သည့် The Old Man at the Bridge ကို ပြန်ဆိုထားခြင်းဖြစ်ပါသည်။ အဘိုးအို၏ ဇာတိမြို့မှာ ဆန်ကားလိုစ့် (San Carlos) ဖြစ်ပြီး တံတားတည်ရှိရာနေရာမှာ Embro Delta ဖြစ်ကာ စစ်ရှောင်များထွက်ခွာရာမြို့မှာ ဘာစီလိုနာမြို့ဖြစ်ပါသည်။)
Illustration credit to Sebastian GarcÃa Schnetzer
Top News
လွန်ခဲ့သော ၁၆ နာရီ က
လွန်ခဲ့သော ၅ ရက် က