Politics
အမြန်လမ်းတစ်လျှောက် စစ်ဆေးရေးဂိတ်အနီး ကားပေါ် ဖုန်းသုံးတဲ့ ခရီးသွားအချို့ ရိုက်နှက်ခံရမှု ရှိနေ
လွန်ခဲ့သော တစ်နှစ် က
သြဂုတ်၁၀။
ရန်ကုန်၊ နေပြည်တော် အမြန်လမ်းတစ်လျှောက် စစ်ဆေးရေးဂိတ်တွေအနီး ဖြတ်သွားတဲ့ ကားပေါ်က ခရီးသွားတွေ ဖုန်းသုံးတာတွေ့ရင် စစ်ကောင်စီတပ်သားတွေ ကားပေါ်အထိ တက်ပြီး ကိုယ်ထိ လက်ရောက် ရိုက်နှက်တာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
အမြန်လမ်းတစ်လျှောက်က express ကားတွေ စစ်ဆေးရေးဂိတ်အနီး ရောက်ချိန် ဖုန်းမသုံးကြဖို့ ခရီးသည်တွေကို ကားမောင်းသူတွေနဲ့ ယာဥ်အကူတွေက သတိပေးတာတွေ ပြုလုပ်နေကြတယ်လို့ ခရီးသွားသူအချို့က ပြောပါတယ်။
ဖုန်းသုံးသူကိုတွေ့ပါက စစ်ကောင်စီတပ်သားတွေက ကားပေါ်ထိ တက်ကာ ပါးရိုက်တာ၊ သေနတ်ဒင်နဲ့ ခေါင်းကိုထုရိုက်တာတွေ ပြုလုပ်နေတယ်ဆိုပြီး သိရပါတယ်။
"စစ်ဆေးရေးဂိတ် ရောက်ပြီဆိုတာနဲ့ ကားသမားက လူစာရင်းစာရွက် ပြတယ်၊ စစ်တပ်ကကောင်တွေကို မှတ်ပုံတင်ပြရတယ်၊ အိပ်နေတဲ့သူတွေကိုလည်း မျက်နှာစစ်တာတွေလုပ်တယ်၊ တော်တော်ဆိုးတယ်၊ လာစစ်တဲ့သူအချို့ဆို အရက်က မူးနေသေးတာ"လို့ ခရီးသည် တစ်ဦးက ပြောပါတယ်။
စစ်ဆေးရေးဂိတ်တွေမှာ ယူနီဖောင်းဝတ်ထားတဲ့ စစ်သား၊ ရဲနဲ့ အရပ်ဝတ်အချို့ ရှိနေပြီး ယာဥ်မောင်းသူ တွေက သူတို့ကားကို အနှောင့်အယှက်မပေးအောာင် ငွေပေးတာမျိုးတွေ ပြုလုပ်နေကြရပါတယ်။
စစ်ဆေးရေးဂိတ်အနီးနားမှာတော့ ဂိတ်ကတာဝန်ရှိသူတွေကို ငွေပေးရန်မလိုကြောင်းနဲ့ ငွေတောင်းခံပါက တိုင်ကြားဖို့ ဖုန်းနံပါတ်တွေကို ဗီးနိုင်းဆိုင်းဘုတ်တွေတပ်ကာ အသိပေးထားပေမယ့် ကားအများစုက ငွေကြေးပေးနေရတယ်လို့ ကိုယ်တိုင်ကြုံရသူတွေက ပြောကြပါတယ်။
Burma Associated Press
Related Articles
- နိုင်ငံခြားငွေလဲလှယ်မှု စည်းမျဉ်းများ မြန်မာဗဟိုဘဏ် တင်းကျပ်
- မြန်မာစစ်တပ်၏ စစ်ရာဇဝတ်မှုများ အကြိမ်ရေစိပ်လာပြီး အရှက်မဲ့လာကြောင်း ကုလစုံစမ်းရေးမှ ဖော်ထုတ်
- ခေတ်စနစ်သစ်ပြောင်း စံတန်ဖိုးများအား လမ်းလွဲစေသည့် မည်သည့် နိုင်ငံရေး အခင်းအကျင်းမျိုးကိုမဆို ငြင်းပယ်ဟု NUCC ဆို
- နွေဦးတော်လှန်ရေးကို ရင့်မှည့်သော တော် လှန်ရေးအဖြစ် ရှုမြင်ရန် ယာယီသမ္မတ သတိပေး