Article
အိန္ဒိယနိုင်ငံမှ ဆင်အုပ်များ အနီးအနား နေထိုင်နေရသည့် ဘဝများ
လွန်ခဲ့သော တစ်နှစ် က
ဆင်ကောင်ရေ တိုးပွားလာပြီး ၎င်းတို့၏ ကျင်လည်ကျက်စားရာ နေရာများ လျော့နည်းလာသည့်အတွက် အိန္ဒိယ ဆင်များသည် လူများနှင့် ထိပ်တိုက် ပိုမိုရင်ဆိုင်လာရသည်။
အိန္ဒိယနိုင်ငံတောင်ပိုင်း Tamil Nadu ပြည်နယ်ရှိ O’valley မြို့ဝန်းကျင်ကို ဗြိတိသျှအင်ပါရာက ပြင်ဆင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သည်။ ယခင်က မရှိခဲ့ဖူးသော တစ်ချိန်က စုစည်းနေသည့် နယ်မြေများကို စိတ်မနှံ့သည့် ခွဲစိတ်ဆရာဝန်တစ်ဦးကဲ့သို့ ပိုင်းခြားခြင်း ပြုလုပ်ခဲ့သည်။ အနောက်ဘက် မြစ်ကမ်းပါးများပေါ်သို့ ဦးတည်သည့် မိုင်ထောင်ချီသည့် သက်တမ်းရင့် မိုးသစ်တောများဖြင့် စိမ်းလန်းစိုပြေနေသည့် တောင်တန်း တစ်ခု၏ တောင်စောင်းများပေါ်တွင် လက်ဖက်၊ ဖာလာနှင့် ကျွန်းစိုက်ခင်းများ စိုက်ပျိုးကြသည်။ စိုက်ခင်းများ အတွက် လုပ်သားများ စုဖွဲ့စီမံရန် အားထုတ်မှုအဖြစ် လူမှုအသိုင်းအဝိုင်းတစ်ခုလုံးကို ရွှေ့ပြောင်းခဲ့သည်။
တခါတလေ ဆင်တစ်ကောင်က တစ်နေရာမှာ စားသောက်နေတာ တွေ့မယ်။ တခြားနေရာကိုလည်း သွားချင်သွားမယ်။ တစ်နှစ်ကြာတဲ့ အခါ ပြန်လာပြန်တယ်။ သူတို့က အလေ့အထ အစွဲရှိတဲ့ သတ္တဝါတွေပဲ
သို့သော် ဗြိတိသျှတို့ မတိုင်မီ ကာလကြာမြင့်စွာကပင် ၎င်းနေရာတွင် ဆင်များ ရှိခဲ့ကြသည်။ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုနှင့် ပရမ်းပတာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်မှုများက ၎င်းတို့၏ ရှေးဟောင်း ပထဝီဝင် မြေပြင်ကို ယိုယွင်းကျဆင်းစေသော်လည်း အင်ပါယာက နယ်မြေပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ချိန်တွင် ဆင်များ အကြား ဖြတ်သန်းချီတက်ကြခဲ့ကြပြီး ယခုအချိန်ထိ ဆက်လက်သွားလာနေကြဆဲဖြစ်သည်။ ရာစုနှစ် များ ကြာမြင့်လာသောအခါ ဆင်အုပ်များသည် စားကျက်မြေမှသည် ရေထွက်ပေါက်များအထိ မတူကွဲပြားသော လမ်းကြောင်းများ သို့မဟုတ် “စင်္ကြံများ” ဖော်ဆောင်လာကြပြီး ၎င်းတို့၏ အမှတ်အသား ဗဟုသုတတို့ကို ငယ်ရွယ်သည့် မျိုးဆက်များသို့ လက်ဆင့်ကမ်းခဲ့ကြသည်။ “သူတို့က တစ်နေ့ကို ၂၀ - ၂၅ ကီလိုမီတာ အထိ လမ်းလျှောက်ကြတယ်။ သူတို့ခန္ဓာကိုယ်က အဲဒီလို လျှောက်ဖို့ လိုအပ်တယ်။ ဒါက ကျွန်တော်တို့ မနက်အိပ်ရာ ထပြီး ပြေးသလိုပေါ့။” ဟု O’ Valley ရှိ လယ်သမားများနှင့် အလုပ်သမားများ၏ အဖွဲ့တစ်ခုကို ဦးဆောင် နေသည့် M. S. Selvaraj က ပြောသည်။ “တခါတလေ ဆင်တစ်ကောင်က တစ်နေရာမှာ စားသောက်နေတာ တွေ့မယ်။ တခြားနေရာကိုလည်း သွားချင်သွားမယ်။ တစ်နှစ်ကြာတဲ့အခါ ပြန်လာပြန်တယ်။ သူတို့က အလေ့အထ အစွဲရှိတဲ့ သတ္တဝါတွေပဲ။”
၎င်း ဆင်ရိုင်းများ ရှိနေကြဆဲဖြစ်ပြီး အရေအတွက်မှာ ၁၉၇၀ ခုနှစ်မှ စတင်၍ တိုးပွားလာခဲ့သည်။ ၎င်းကဲ့သို့ တိုးပွားလာခြင်းမှာ ထိန်းသိမ်းစောင့်ရှောက်ရေး ပုံစံတစ်ခု၏ အောင်မြင်မှု အမှတ်အသားတစ်ခု ဖြစ်သည်။ ၎င်းထိန်းသိမ်းစောင့်ရှောက်မှုပုံစံမှာ လူများထံမှ ဆင်များအတွက် နေရာသီးသန့်ခွဲထုတ်ပေးလိုက်ပြီး ၎င်းနေရာ သည် သစ်တောထူထပ်သည့်နေရာဖြစ်လာကာ ဆင်များ ကြာရှည်နေထိုင်နိုင်သည့် နေရာဖြစ်လာစေသည်။ သို့သော် ဆင်ကောင်ရေ များပြားလာသောအခါ အစားအစာ၊ ရေနှင့် နယ်မြေများ ပိုမိုလိုအပ်လာသည်။ တကယ်တမ်းတွင်မူ ၎င်းအရာများမှာ နည်းပါးလာသည်။ မကြာသေးသောနှစ်များအတွင်း ပိုမိုပူပြင်းလာသည့် နွေရာသီများကြောင့် ရေထု ခမ်းခြောက်သွားခဲ့သည်။ မုတ်သုံကာလအတွင်း ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ် ကြောင့် မိုးကြာရှည်စွာ ရွာသွန်းပြီး မြေပြိုမှုများ ဖြစ်ပေါ်ခဲ့သည်။ အခြေချနေထိုင်မှု အသစ်များ ပျံ့နှံ့လာခြင်းနှင့် ဆောက်လုပ်ရေးစီမံကိန်းများကြောင့် သစ်တောပြုန်းတီးကာ ဆင်တို့၏ ကျင်လည်ကျက်စားရာနေရာများနှင့် စင်္ကြံများ ပျောက်ဆုံးကုန်သည်။ ရလဒ်အားဖြင့် တိရစ္ဆာန်များသည် မြစ်ရှိရာသို့ဦးတည်နေသည့် တောင်စောင်းများ (Ghats) တွင် နေထိုင်သော လူများနှင့် ပဋိပက္ခဖြစ်စေရန် အတင်းအကျပ် ပို့ဆောင်ပေးမှု တိုးမြင့်လာသည်။ ထို့အတွက် နှစ်ဘက်လုံးမှ သေဆုံးမှုများ ရှိခဲ့ပြီး နဂိုကပင် ဆင်းရဲသည့် လူများ နေထိုင်ရာ နေရာများမှ အိမ်များ၊ သက်မွေးလုပ်ငန်းများ ပျက်စီးခဲ့ကြသည်။
ကျွန်တော်တို့ လူတွေကိုရော ဆင်တွေကိုရော ဖယ်ထုတ်ပစ်ဖို့ မလုပ်နိုင်ဘူး၊ တစ်ခုတည်းသော နည်းလမ်း ကတော့ အတူတကွ ယှဉ်တွဲ နေထိုင်ရေးပဲ
အိန္ဒိယနိုင်ငံတစ်ဝှမ်းရှိ ဆင်စင်္ကြံ ဒါဇင်များစွာမှာ အလားတူ ဒုက္ခများ ရင်ဆိုင်နေရပြီး အစိုးရနှင့် အစိုးရ မဟုတ်သည့် NGO အဖွဲ့များက မျိုးတုန်းပျောက်ကွယ်လုနီးပါး အာရှဆင်များကို ကာကွယ်ရန် ကြိုးစား နေကြသည်။ နှစ်စဉ် ပျမ်းမျှ ဆင်ကောင်ရေ တစ်ရာခန့်နှင့် လူ ၄၀၀ ခန့် သေဆုံးကြရသည်ဟု ၂၀၁၇ ခုနှစ်တွင် Wildlife Trust of India က တွေ့ရှိခဲ့သည်။ ၂၀၂၀ ခုနှစ် အစိုးရစာရင်းဇယားများအရ လူသေဆုံးမှု တိုးပွားလာသည်ဟု ဖော်ပြထားသည်။ ၎င်းသေဆုံးမှုများကို တားဆီးရန် ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ကိုင်သူများ အနေဖြင့် တောရိုင်းတိရစ္ဆာန်များကို လူ့အသိုင်းအဝိုင်းမှ တင်းကျပ်စွာ ခွဲထုတ်ထားခြင်း မဟာဗျူဟာကို ပြန်လည်စဉ်းစားရန် လိုအပ်လာသည်။ အိန္ဒိယကဲ့သို့သော နိုင်ငံတွင် ကျေးလက်နေ လူ့အသိုင်းအဝိုင်းမှာ သစ်တောအရင်းအမြစ်များကို မှီခိုနေရပြီး ရှေးယခင်ကပင် တိရစ္ဆာန်များနှင့် မည်ကဲ့သို့ ယှဉ်တွဲနေထိုင်ရမည်၊ လူသားအခြေချနေထိုင်မှုအတွက် လိုအပ်သော ဖြေရှင်းချက်မှန်သမျှ၊ ၎င်းတို့ဘာသာဘာဝ နည်းလမ်းဖြင့် ထည့်သွင်းစဉ်းစားထားသည့် ဘဝနေထိုင်နည်းတို့ကို သင်ယူခဲ့ကြပြီးဖြစ်သည်ဟု ထိန်းသိမ်းစောင့် ရှောက်ရေး လုပ်ကိုင်သူများနှင့် ဒေသခံခေါင်းဆောင်များက ပြောသည်။
“ကျွန်တော်တို့ လူတွေကိုရော ဆင်တွေကိုရော ဖယ်ထုတ်ပစ်ဖို့ မလုပ်နိုင်ဘူး။” ဟု Nature Conversation Foundation တွင် လူသား-ဆင် အပြန်အလှန် ထိတွေ့ဆက်ဆံမှုအကြောင်း လေ့လာခဲ့သည့် ဂေဟဗေဒပညာရှင် Ganesh Raghunathan က ပြောသည်။ “တစ်ခုတည်းသော နည်းလမ်းကတော့ အတူတကွ ယှဉ်တွဲ နေထိုင်ရေးပဲ။”
ဆင်စင်္ကြံတစ်ခု
အိန္ဒိယတောင်ပိုင်းနှင့် အနောက်ပိုင်း ပြည်နယ်ခြောက်ခုကို ဖြန့်ကျက်ထားသည့် ၆၂,၀၀၀ စတုရန်းမိုင် ကျယ်ပြန့်သည့် တောင်တန်းတစ်ခု၏ အနောက်ဘက် မြစ်ရှိရာသို့ ဦးတည်နေသည့် တောင်စောင်းများ (Ghats) တွင် ဆင်များက ၎င်းတို့ ကျင်လည်ကျက်စားရာဒေသတစ်ခုအဖြစ် စိုစွတ်သော၊ တောင်ခြေမှ အမြဲစိမ်း သစ်တောများ၊ အပေါ်ဘက်တွင် ခြောက်သွေ့သော ရွက်ကြွေတောများနှင့် လှိုင်းထနေသော မြက်ခင်းပြင်များကို သိမ်းယူထားကြသည်။ ကာလကြာရှည်ဖော်ဆောင်ထားသည့် ဆင်စင်္ကြံတစ်ခုသည် Tamil Nadu ပြည်နယ် အနောက်မြောက်ဘက်မှ အရှေ့တောင်ဘက်၊ Moyar မြို့မှ Masinagudi မြို့သို့ ထနောင်းမျိုးဝင်နှင့် သရက္ခန် အနီပင် တောအုပ်များကို ဖြတ်သန်းသွားသည်။ ၎င်းဒေသတွင် ဗြိတိသျှတို့က တောအုပ်ဧကပေါင်း ထောင်ချီ၍ ကော်ဖီနှင့် လက်ဖက်စိုက်ခင်းများအဖြစ် ပြောင်းလဲခဲ့သည်။ (ဗြိတိသျှပြတိုက်သည် ၁၈၈၀ ခုနှစ်များမှ Moyar ကော်ဖီကုမ္ပဏီမှ ထုတ်ပေးသည့် အစုရှယ်ယာ အသိအမှတ်ပြုလက်မှတ်ကို ထိန်းသိမ်းထားသည်။) ၁၉၇၀ ခုနှစ်များတွင် အိန္ဒိယအစိုးရက ၎င်းစင်္ကြံကို ဇီဝထိန်းသိမ်းစောင့်ရှောက်မှုနယ်မြေအဖြစ် သတ်မှတ်ခဲ့သည်။
သို့ရာတွင် နောက်ပိုင်း ဆယ်စုနှစ်များစွာအတွင်း ၎င်းဒေသကို ဖြတ်၍ လမ်းများဖောက်လုပ်ခြင်း၊ ရွာသားများ၏ နွားအုပ်များ တောအုပ်တွင်း သင်းကွဲသွားလာခြင်း၊ ရေအားလျှပ်စစ်စီမံကိန်း ချဲ့ထွင်ခြင်းတို့ စတင်လာခဲ့သည်။ ဆင်များက ၎င်းတို့ အစာရှာရာမြေနေရာများ ပြောင်းလဲနေခြင်း၊ ရေထွက်ပေါက်များ ပိတ်ဆို့နေခြင်းတို့ကို တွေ့ရှိသောအခါ အချို့က အခြားသို့ ဦးတည်ပြန့်ကျဲသွားကြသည်။ အချို့မှာ Masinagudi ၏ အရှေ့တောင်ဘက်ရှိ မိုင်ဒါဇင်အတန် ကွာဝေးသည့် Selvaraj နေထိုင်ရာ O’ Valley သို့ ရောက်ရှိသွားကြသည်။
Selvaraj ကိုယ်တိုင်ပင်လျှင် နယ်ချဲ့နှောင့်ယှက်မှု၏ ထုတ်ကုန်တစ်ခုဖြစ်သည်။ ၁၇၀၀ ခုနှစ် နှောင်းပိုင်းများတွင် သူ၏ ဘိုးဘေးများသည် Tamil Nadu အခြားတနေရာမှ ဗြိတိသျှ လဘက်စိုက်ခင်းများရှိရာ သီရိလင်္ကာ အလယ်ပိုင်းသို့ စာချုပ်အလုပ်သမားများအဖြစ် အတင်းအကျပ် ရွှေ့ပြောင်းခံခဲ့ရသည်။ ၁၉၆၀ ခုနှစ်များ အလယ် နောက်ပိုင်းမှသာ အိန္ဒိယနှင့် သီရိလင်္ကာတို့ သဘောတူစာချုပ်ချုပ်ဆိုပြီး ၎င်းမိသားစု ထောင်ပေါင်းများစွာ အိန္ဒိယသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။ ဆယ်ကျော်သက် Selvaraj နှင့် ၎င်း၏ မိဘများ ၁၉၇၉ ခုနှစ်တွင် မြူထူထပ်ပြီး တောင်တန်းပေါများသည့် Gudalur ခရိုင်မှ O’ Valley မြို့အနီး အခြေချနေထိုင်ခဲ့ကြသည်။
အိန္ဒိယ၏ ထိုဒေသတွင် ပြည်နယ်သုံးခု ပေါင်းဆုံကြသည်။ Selvaraj သည် အမြဲမိုးရွာနေပုံရသည့် shola ပင် တောအုပ်များရှိသည့် တောင်ခြေတွင် လမ်းလျှောက်နိုင်သည်။ ထို့နောက် ကျွန်းပင်များ၏ မတ်စောက်မှုနှင့် ပန်းအိပင်တောအုပ်များမှ ရာသီအလိုက် ရွက်ကြွေများကို ကြည့်ရှုနိုင်သည်။ ပြီးလျှင် ပေါ့ပါးသွက်လက်သော Nilgiri tahr အုပ်များ (ဒေသမျိုးရင်း ဆိတ်တစ်မျိုး) သိမ်းပိုက်ထားသည့် မြက်ခင်းပြင်များကို ကြည့်ရှုနိုင်သည်။ ၎င်းမျိုးစိတ်အားလုံးမှာ Ghats မှ မျိုးရင်းများဖြစ်ပြီး အချို့မှာမူ (ဥပမာ ကျွန်းသစ်) တို့ကို ယခင် ဗြိတိသျှ၊ ယခုအခါ အိန္ဒိယ အိမ်ယာများတွင် ရည်ရွယ်ချက် ရှိရှိ စိုက်ပျိုးထားခြင်းဖြစ်သည်။ ဆင်များကို တောထဲတွင် တွေ့ရခြင်းမှာ သဘာဝအတိုင်းသာဖြစ်၍ ၎င်းတို့ကို လူများ၏ လမ်းကြောင်းသို့ လမ်းလွဲဝင်ရောက်လာသည်မှာ အလွန်ရှားပါးသည်ဟု Selvaraj က မှတ်မိနေသည်။
ကျွန်တော်တို့ရဲ့ လယ်ကွင်းတွေ၊ ပိန္နဲပင်တွေ၊ ငှက်ပျောပင်တွေကို သူတို့ တွေ့ရတယ်လေ။ ဒီတော့ သူတို့ ဒီမှာ လာစားဖို့ စွဲဆောင်နေတာပေါ့
သို့သော် ဆင်စင်္ကြံအတွင်းသို့ လူများ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကျူးကျော်ဝင်ရောက်သည်နှင့်အမျှ ပြောင်းလဲသွားခဲ့သည်။ လွန်ခဲ့သည် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း တရားမဝင် သစ်ထုတ်ဂိုဏ်းများက စားကျက်မြေများကို ဖျက်ဆီးလိုက်ကြသည်ဟု Selvaraj က ပြောသည်။ အဝေးပြေးလမ်းမသစ်များ၊ ရထားလမ်းသစ်များ၊ ခွင့်ပြုချက်လိုင်စင် မရှိသည့် ဟိုတယ်နှင့် အပန်းဖြေစခန်းများ၊ တားမြစ်မှုမရှိသည့် သတ္တုတူးဖော်ရေးများက Ghats အနောက်ဘက်ကို ဖြန့်ကျက် ပေါ်ပေါက်လာသည်။ ဆင်များသည် ၎င်းတို့၏ ကျင်လည်ကျက်စားရာနေရာများမှ မောင်းထုတ်ခံရသည်။ “အခုတော့ သူတို့ O’ Valley ကိုလည်း လာတယ်။ တခြားရွာတွေကိုလည်း လာတယ်။” ဟု ၎င်းက ပြောသည်။ “ကျွန်တော်တို့ရဲ့ လယ်ကွင်းတွေ၊ ပိန္နဲပင်တွေ၊ ငှက်ပျောပင်တွေကို သူတို့တွေ့ရတယ်လေ။ ဒီတော့ သူတို့ ဒီမှာ လာစားဖို့ စွဲဆောင်နေတာပေါ့။” ဆာလောင် နေသည့် ဆင်များနှင့် သတိပြုနေသည့် ရွာသားများ တွေ့ဆုံသောအခါ ရန်လိုအကြမ်းဖက်မှုများ မကြာခဏ ဖြစ်ပေါ်လေ့ ရှိခြင်းမှာ အံ့ဩစရာမဟုတ်ဟု ၎င်းက ထောက်ပြသည်။
ဆင်သွားတဲ့လမ်း
၂၀၂၂ ခုနှစ် နွေရာသီတွင် အသက် ၅၂ နှစ်အရွယ်ရှိ Sri Nathan Sangili သည် အခြားသူတစ်ဦးထံမှ ငှားရမ်းထားသည့် မြေတွင် လက်ဖက်ခြံလုပ်ကိုင်ရန် O’ Valley မှ ထွက်ခွာလာသည်။ သူ၏ လမ်းကြောင်းတွင် ဆင်အရိပ်အရောင် ရှိ၊ မရှိ မေးမြန်းပြီး ဆင်လုံးဝမတွေ့ရကြောင်း သေချာအောင် မေးမြန်းခဲ့သည်ကို သူမ၏ ဇနီး Yoga က မှတ်မိနေသည်။ သို့ရာတွင် ၎င်း၏ လက်ဖက်ခြံအနီး သစ်တောတစ်နေရာတွင် Sangili သည် ဆင်တစ်ကောင်နှင့် တွေ့၍ အသတ်ခံခဲ့ရသည်။ “ကောင်လေးတစ်ယောက်က သူ့ဖုန်းသံမြည်နေတဲ့နေရာနောက် လိုက်ရှာရင်း သူ့ကို တိုက်ခိုက်ပြီး အသတ်ခံရတဲ့နေရာမှာ အလောင်းကို တွေ့ရတာပဲ။” ဟု Yoga က ပြောသည်။ “ကျွန်မ မခံမရပ်နိုင် ငိုရလွန်းလို့ မျက်ရည်တောင် မထွက်တော့ပါဘူး။”
O’ Valley ကဲ့သို့ Ghats အနောက်ပိုင်း ၎င်းနေရာများတွင် Sangili ကဲ့သို့ ကြေကွဲဖွယ် အဖြစ်အပျက်များမှာ စိုးရိမ်ဖွယ် ပုံမှန် တိုးတက်ဖြစ်ပျက်နေသည်။ ၎င်းကဲ့သို့ သေဆုံးမှုမှာ သုံးလအတွင်း သုံးကြိမ်မြောက်ဖြစ်သည်။ Sirukundra ရွာမှ ကုန်စုံဆိုင်ပိုင်ရှင် Parameswaran Ganeshan သည် ပြီးခဲ့သည့် ဆယ်စုနှစ် နှစ်ခုအတွင်း ဆင်များက ၎င်း၏ ဆိုင်ကို အကြိမ် ၅၀ ခန့် ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။ အသက် ၄၉ နှစ်အရွယ်ရှိ ကလေး နှစ်ဦး၏ ဖခင် Kunjalavi Moidhu သည် သူ၏ ဇနီးဖြစ်သူ Mumtaj ကို ဆင်တစ်ကောင်က နှာမောင်းဖြင့်ပတ်၍ ကျောက်နံရံသို့ ပစ်ပေါက်ပြီး နင်းချေသည်ကို ကြည့်ရှုနေခဲ့ရသည်။ Kannampalli ရွာတွင် လွန်ခဲ့သည့် နှစ်အနည်းငယ် Rajan Chellan သည် ၎င်း၏ အိမ်ကို ဆင်တစ်ကောင် ဖျက်ဆီးနေသည်ကို မြင်ခဲ့ရသည်။ သူသည် Kattunayakars မျိုးနွယ်စု အသိုင်းအဝိုင်းမှ ဖြစ်ပြီး ၎င်းတို့သည် ဆင်များ၊ အခြားတောရိုင်း တိရစ္ဆာန်များနှင့် ရာစုနှစ်များစွာ အတူတကွ နေထိုင်ရန် သတ်မှတ်ထားသည့် “မျိုးနွယ်စု” များစွာအနက် တစ်ခု ဖြစ်သည်။ “ကျွန်တော်တို့ တောထဲမှာပဲ အမြဲနေခဲ့တာပါ။ ဒီလို တိုက်ခိုက်မှုမျိုး အရင်က တစ်ခါမှ မမြင်ဖူးဘူး။” ဟု ၎င်းက ပြောသည်။
ဆင်များနှင့် ရင်ဆိုင်ခြင်းကို ရှောင်ရှားရန် လူများက အဆင်မပြေမှုများမှသည် ခက်ခဲကြမ်းတမ်းမှု မျိုးစုံသည့် ပြုပြင်ချိန်ညှိမှုများ ပြုလုပ်ရသည်။ လယ်သမားများက ပိန္နဲပင်၊ သရက်ပင်နှင့် အခြားသော ဆင်များကို စွဲ ဆောင်သည့် အပင်များ မစိုက်ပျိုးရတော့ပေ။ ရွာသားများသည် ညရောက်သည်နှင့် အိမ်တွင်းတွင်သာ နေကြရသည်။ အလုပ်သမားများက အိမ်များနှင့် စိုက်ခင်းများပတ်လည်တွင် လျှပ်စစ်စည်းရိုးများဖြင့် ကာကွယ် ပေးရန် တောင်းဆိုကြသည်။ “kumkis” ဟု ခေါ်သည့် ဖမ်းဆီးရမိသော ဆင်များကို လေ့ကျင့်ပေးရပြီး ကာလ ရှည်ကြာစွာ ဆင်များကို ပြုစုစောင့်ရှောက်ပေးနေသည့် ဌာနေတိုင်းရင်းသားများဖြစ်သော Malasar တို့ကို လူတို့အခြေချနေထိုင်သည့်ဒေသမှ ဆင်ဆိုးများ မောင်းထုတ်ပေးရန် သစ်တောဌာနက အကူအညီတောင်းရသည်။ ၎င်းမှာ အငြင်းပွားဖွယ် အလေ့အထတစ်ခုဖြစ်ပြီး တရားမဝင်ပြုကျင့်ခြင်းဟု သံသယဖြစ်ဖွယ်ရှိကြောင်း တိရစ္ဆာန်အခွင့်အရေး တက်ကြွလှုပ်ရှားသူများက စောဒက တက်ကြသည်။
ဇီဝမျိုးကွဲ အများကြီး ပါဝင်တဲ့ တစ်ဧက တောင်မှ ဆင်တွေကို ထိန်းသိမ်း စောင့်ရှောက်ရာမှာ အထောက်အပံ့ ရနိုင်ပါတယ်။ သစ်တောနဲ့ ဆင်တွေကို လူတွေကပဲ ကယ်တင်နိုင်တာပါ
အခြားသူများက ရုတ်ရုတ်သဲသဲမဖြစ်ဘဲ လက်တွေ့ကျသည့် ချဉ်းကပ်မှု ပိုမိုပြုလုပ်ကြသည်။ အာဏာပိုင်များက တောင်ခြေ အနီးအနားတွင် ဆင်များကို တွေ့ရပါက မီးအနီပြပေး၍ ၎င်းနေရာကို လူအများ ရှောင်ကြဉ်နိုင်စေရန် သတိပေးအချက်ပြမီးများ တပ်ဆင်ထားသည်။ ကျယ်ပြန့်သော ပြန်လည်တည်ဆောက်ရေး စည်းရုံး လုပ်ဆောင်မှု၏ အစိတ်အပိုင်းအဖြစ် Nature Conservation Foundation က ဆင်များ စားသုံးသည့် မျိုးစိတ် အပါအဝင် မကြာသေးမီက လျော့ပါးသွားသော ဒေသမျိုးရင်း အပင်များအပါအဝင် အပင်မျိုးစိတ်သစ်တောများ စုံလင်စွာ ပြန်လည် ဖြည့်တင်းပေးနေသည်။
“သစ်တောရဲ့ အရည်အသွေးက သစ်တောရဲ့ အရွယ်အစားထက် ပိုပြီး အရေးကြီးပါတယ်။” ဟု NCF မှ ထိန်းသိမ်းစောင့်ရှောက်ရေး ဂေဟပညာရှင် Srinivasan Kashinathan က ပြောသည်။ “ဇီဝမျိုးကွဲ အများကြီး ပါဝင်တဲ့ တစ်ဧက တောင်မှ ဆင်တွေကို ထိန်းသိမ်းစောင့်ရှောက်ရာမှာ အထောက်အပံ့ ရနိုင်ပါတယ်။”
NCF မှ ဇီဝဗေဒပညာရှင်များက သစ်တောကို အနှောင့်အယှက်မဖြစ်စေရန် သစ်တောအစွန်အဖျား သို့မဟုတ် လမ်းဘေးမှ မျိုးစေ့များကို စုဆောင်းကြသည်။ ထို့နောက် ပျိုးခင်းများတွင် တခါတရံ ငါးနှစ်ခန့်ကြာသည်အထိ အပင်ပေါက်များဖြစ်သည်အထိ ပျိုးထား၍ ရွေးချယ်ထားသည့် သစ်တောခွင်များတွင် အပင်ပေါက်များ စိုက်ပျိုးကြသည်။
၎င်းနည်းလမ်းသည် Selvaraj ဆန္ဒရှိသကဲ့သို့ အစိုးရက သစ်ထုတ်သူများ၊ တရားမဝင် တည်ဆောက်ရေး လုပ်ကိုင်သူများကို ဖြိုခွင်းခြင်းနှင့် အဝေးပြေးလမ်းမအသစ် စီမံကိန်းများရေးဆွဲရာတွင် ပိုမို မျှော်မြင် သုံးသပ်ခြင်းတို့ကဲ့သို့ လုပ်ရပ်များကို မမီသေးပေ။ သို့သော် ၎င်းတို့သည် ဤမြင်ကွင်းမှ လူတို့၏ အရေးကြီးပုံကို အသိအမှတ်ပြုကြပြီး ၎င်းတို့၏ ဘဝများနှင့် အလုပ်များအတွက် နေရာချန်ပေးထားပါသည်။ တက်ကြွ လှုပ်ရှားသူများနှင့် မူဝါဒချမှတ်သူများသည် တောရိုင်းတိရစ္ဆာန် ကာကွယ်ရန် အကောင်းဆုံးနည်းလမ်းမှာ လူများ ကို သူတို့၏ မြေပေါ်တွင် ဆွေစဉ်မျိုးဆက် နေထိုင်ခဲ့ကြလျှင်ပင် ပို၍ ပို၍ ဝေးကွာသော နေရာသို့ ပြောင်းရွှေ့စေခြင်းဖြစ်သည်ဟု ယုံကြည်နေခြင်းကို Selvaraj က မကျေမနပ် ညည်းညူပြောဆိုသည်။
စစ်မှန်သည့် ဖြေရှင်းချက်မှာ လူများအတွက်ရော၊ တိရစ္ဆာန်များအတွက်ပါ လုပ်ဆောင်ရန်ဖြစ်သည်ဟု ၎င်းက ယူဆသည်။ “သစ်တောနဲ့ ဆင်တွေကို လူတွေကပဲ ကယ်တင်နိုင်တာပါ။” ဟု ၎င်းက ပြောသည်။
ကိုးကား - The Washington Post
ပုံစာ - အိန္ဒိယနိုင်ငံ Tamil Nadu ပြည်နယ်မှ Valparai ဒေသတွင် ပုဂ္ဂလိကပိုင် လဘက်ခင်းအတွင်း ဖြတ်သန်းသွားလာသည့် ဆင်အုပ်တစ်အုပ်။ (Photo: Bhagi Siva)
Top News
လွန်ခဲ့သော ၅ ရက် က
လွန်ခဲ့သော ၁၃ ရက် က
လွန်ခဲ့သော ၁၃ ရက် က