Opinion
မြဝတီအမှတ်(၂) တံတား တိုက်ပွဲ (သို့) ကရင်တွေ မညီညွတ်လို့ ပျက်ပြယ်သွားတဲ့ ရည်မှန်းချက်တခု
လွန်ခဲ့သော ၂ ရက် က
BAP၊ ဇွန် ၁။
မြန်မာ-ထိုင်း နယ်စပ် မြဝတီ အမှတ်(၂) တံတားကို ပြန်ဖွင့်လိုက်ပြီဆိုတော့ လွန်ခဲ့တဲ့ ၂ နှစ်ကျော်က အဖြစ်အပျက်တွေ တန်းစီပြီးပေါ်လာတယ်။
အဲဒီနေ့ (၂၀၂၄ ခုနှစ် ဧပြီလ ၂၀) မှာ မြဝတီအမှတ်(၂) တံတားအောက်မှာ ပိတ်မိနေတဲ့ အာဏာသိမ်း စစ်သားတွေကို အပြီးသတ်ရှင်းလင်းဖို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က စီစဉ်ကြတယ်။
မြဝတီမှာ ရှိနေတဲ့ DKBA၊ BGF တွေက အဲဒီနေ့မှာ တော်လှန်ရေးတပ်ဖွဲ့တွေကို အခွင့်အရေး ပေးတား တယ်။ BGF လို အဖွဲ့တွေ မြို့ထဲကနေထွက်ပြီး မြဝတီမြို့ပြင်က ခြံဝင်းကျယ်ကြီးတွေမှာ စုပြီးနေနေတာ တွေ့ရတယ်။ ဒီတိုက်ပွဲ အတွက် သူတို့ လက်ရှောင်ထားတယ်ဆိုတာကို တော်လှန်ရေးတပ်ဖွဲ့တွေကို သိစေချင်ပုံပါပဲ။
ကရင်တော်လှန်ရေးအင်အားစုဘက်ကလည်း KNU တပ်မဟာ(၇) က လူကြီးတချို့နဲ့ တပ်မဟာ(၆) ဗျူဟာမှူး ဗိုလ်မှူးကြီး စောနယ်ဒါးထူး (ခ) ဗိုလ်ရန်နိုင်တို့ ကော်ဘရာစစ်ကြောင်းက ဗိုလ်ဒါဘောတို့ အနီးကပ် ဦးစီးနေတဲ့အတွက် ဒီစစ်ဆင်ရေးရဲ့ အရေးပါပုံကို ခန့်မှန်းကြည့်လို့ရတယ်။
မနက် ၆ နာရီခွဲ ၇ နာရီလောက်မှာ သေနတ်စပေါက်ပြီးတဲ့နောက် တိုက်ပွဲစဖြစ်တယ်။
တဖက်ထိုင်းနိုင်ငံဘက်က ဂျန်မာတွေကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ဒရုန်းအသုံးပြု တိုက်ခိုက် လို့မရတဲ့အတွက် စစ်ပွဲက ပုံစံပြောင်းသွားတယ်။
ဒီတံတားအောက်က စစ်သားတွေဆိုတာလည်း မြဝတီမြို့စောင့်တပ်ဖြစ်တဲ့ ခလရ ၂၇၅ က အဖွဲ့တွေ။
သူတို့ကို ဒီနေရာကို ရွေ့ထားပေးတာလည်း ကရင်နယ်ခြားစောင့် BGF ပဲ။ သူတို့တွေ တံတားအောက်မှာ ဘန်ကာဆောက်ဖို့ ပစ်ကျင်းတွေလုပ်ဖို့ကူညီပေးတာလည်း BGF ပဲ။ ဒါ့အပြင် BGF တပ်ဖွဲ့ဝင် တချို့က လည်း အာဏာသိမ်းစစ်တပ်ရဲ့ ယူနီဖောင်းဝတ်ပြီးတိုက်ပေးခဲ့တယ်။ ဒါတွေက ၂၇၅ ကနေ ပြေးလာတဲ့ အရာရှိတယောက် ပြန်ပြောပြတာ။
ကျနော်တို့ မရလိုက်ဘူးဆိုတာလည်း ရှုံးတာပါပဲ
တဖြည်းဖြည်းနဲ့ တိုက်ပွဲက ပိုပြင်းထန်လာတယ်။ ပြင်းထန်လာတယ်ဆိုတာက စစ်တပ်က အမှတ်-၂ တံတားနဲ့ ပတ်ဝန်းကျင်တွေကို Y-12 လေယာဉ်တွေ၊ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေအပြင် ဖိုက်တာဂျက်တွေနဲ့ပါ ဗုံးကြဲပါတော့တယ်။
မြဝတီ တမြို့လုံးလုံး သေနတ်သံ ဗုံးသံတွေ ဆူညံနေတဲ့အချိန်အထိလည်း သွားသွားလာလာ အချို့က မပြတ်ဘူး။
တိုက်ပွဲကို ဇာတ်ပွဲကို ထွက်ကြည့်ကြသူတွေလည်းရှိတယ်။
ညနေပိုင်းရောက်တဲ့အထိ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ရည်မှန်းချက်ကို မရခဲ့ဘူး။ ဒါပေမဲ့လည်း စစ်တပ်ဘက်က ရဲမေတွေအပါအဝင် အကျအဆုံးများခဲ့တယ်။
“ကျနော်တို့ မရလိုက်ဘူးဆိုတာလည်း ရှုံးတာပါပဲ" တဲ့ တိုက်ပွဲမှာပါတဲ့ စနိုက်ဘာရဲဘော်က ပြောတယ်။
KNU ဘက်ကလည်း ဒီတပ်ဖွဲ့တွေကို အပြီးသတ်မရှင်းလင်းနိုင်ခြင်းနဲ့အတူ ထိုင်း-မြန်မာ နယ်စပ်ကို အလုံးစုံချုပ်ကိုင်နိုင်ရေး အိပ်မက်ကို လက်လွှတ်ခဲ့ရတယ်။
တိုက်ပွဲကြောင့် အသက် ၁၄ နှစ်အရွယ်အပါအဝင် အရပ်သား ၈ ဦးထက်မနည်း သေဆုံးခဲ့ရတယ်။
တော်လှန်ရေးတပ်ဖွဲ့ဘက်ကလည်း ထိခိုက်ကျဆုံးမှုရှိခဲ့တယ်။
ဧပြီ ၂၀ အမှတ်-၂ တံတားတိုက်ပွဲ အပြီး နောက်တရက်ကစလို့ မြဝတီဟာ သူဘာမှ မဖြစ်ခဲ့သလို ဆက်ပြီး လည်ပတ်ခဲ့တယ်။
နောက်ထပ် တရက်အကြာမှာ တံတားအောက် စစ်တပ်က BGF အကူအညီနဲ့ပဲ ခလရ-၂၇၅ ထဲကို ချောချောမောမော ပြန်ရောက်သွားခဲ့တယ်။
မြဝတီမြို့သိမ်းဖို့ အားခဲထားတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဟာ သင်္ကန်းညီနောင်အထိဆုတ်ပြီး ကော့ကရိတ်ကနေ တက်လာမဲ့ အောင်ဇေယျစစ်ဆင်ရေးရဲ့ စစ်ကြောင်း ခုခံဖို့ ဖြစ်လာခဲ့တယ်။
ဒီတိုက်ပွဲမှာ အမြတ်ထွက်သွားတာက ကရင်နယ်ခြားစောင့် BGF ပဲ။ သူတို့ဟာ မြဝတီတိုက်ပွဲအတွက် တော်လှန်ရေးတပ်ဖွဲ့တွေကို လမ်းကြောင်းဖွင့်ပေးခဲ့သလို အလုံးစုံသိမ်းပိုက်လို့မရအောင်လည်း စစ်တပ်ကို ကူညီပေးခဲ့တယ်။ အဲဒီနောက်မှာလည်း BGF နဲ့ DKBA ကပဲ မြဝတီကို စိတ်ကြိုက် ကြီးစိုးခဲ့တယ်။
အွန်လိုင်းလိမ်လည်မှုလုပ်ငန်းအပါအဝင် တရားမဝင်လုပ်ငန်းတွေကနေ ငွေကြေးအကြီးအကျယ်ရနေတဲ့ စစ်တပ်နဲ့လည်း အပစ်ရပ်ထားတဲ့ ကရင်လက်နက်ကိုင်တွေရဲ့ဂိမ်းမှာ KNU/KNLA အပါအဝင် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ မျှော်လင့်ချက်ကြီးခဲ့ကြတယ်။