Politics
လက်တုံ့ပြန်သည့်အနေဖြင့် အမေရိကန်နှင့် တရုတ်တို့ သတင်းထောက်များကို အပြန်အလှန် နှင်ထုတ်ခဲ့
လွန်ခဲ့သော ၁၃ နာရီ က
BAP ဘာသာပြန်။
ဘေဂျင်းအစိုးရက The New York Times သတင်းထောက်တစ်ဦးကို ပြည်နှင်ဒဏ်ပေးရန် ဆုံးဖြတ်ခဲ့ခြင်း အပေါ် အမေရိကန်ဘက်က တုံ့ပြန်သည့် လုပ်ရပ်အဖြစ် ထရမ့်အစိုးရအဖွဲ့က အမေရိကန်ပြည်ထောင်စုရှိ တရုတ်နိုင်ငံပိုင် Xinhua သတင်းဌာနတွင် လုပ်ကိုင်နေသော တရုတ်နိုင်ငံသားတစ်ဦး၏ ဗီဇာကို ပယ်ဖျက်လိုက်သည်။
ဤဗီဇာပယ်ဖျက်မှု သတင်းမှန်ကန်ကြောင်း ကိစ္စရပ်နှင့် နီးစပ်သူတစ်ဦးက အတည်ပြုခဲ့သည်။ အဆိုပါကိစ္စရပ်သည် ဗီဇာဆိုင်ရာ ပုဂ္ဂိုလ်ရေးလုံခြုံမှုနှင့် သက်ဆိုင်နေသောကြောင့် အမည်မဖော်ဘဲ ပြောခြင်းဖြစ်သည်။ နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတစ်ဦးကလည်း ဗီဇာပယ်ဖျက်ရန် အစီအစဉ်ရှိ ကြောင်း အတည်ပြုခဲ့သည်။
ဘေဂျင်းအစိုးရက The New York Times သတင်းစာ၏ တရုတ်နိုင်ငံအခြေစိုက် သတင်းထောက် Vivian Wang အား ပြည်နှင်ဒဏ်ပေးခဲ့ပြီးနောက် ထရမ့်အစိုးရအဖွဲ့၏ အပြန်အလှန် တုံ့ပြန်သည့် လုပ်ရပ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ Wang နှင့် မည်သို့မျှ သက်ဆိုင်မှုမရှိသည့် DealBook အစီအစဉ် (The New York Times သတင်းစာက ကျင်းပသည့် အဆင့်မြင့်ဆွေးနွေးပွဲ)တွင် ထိုင်ဝမ်ခေါင်းဆောင် ပါဝင်လာမှု ကြောင့် ဘေဂျင်းအစိုးရက ယခုကဲ့သို့ နှင်ထုတ်ခဲ့ခြင်း ဖြစ်ပုံရသည်။ တရုတ်အစိုးရ၏ အမေရိကန် သတင်းထောက်များ ပြည်နှင်ဒဏ်ပေးမှုအပေါ် အမေရိကန်အစိုးရက တိုက်ရိုက် လက်တုံ့ပြန်ခဲ့သည့် ဖြစ်စဉ်မျိုးမှာ ဖြစ်ခဲသည်။
ထရမ့်အစိုးရအဖွဲ့၏ အပြန်အလှန် တုံ့ပြန်သည့် လုပ်ရပ်ကို ပထမဆုံး ဖော်ပြခဲ့သည့် နယူးယောက်တိုင်းမ်စ် သတင်းစာက မိမိတို့ သတင်းစာတိုက်အနေဖြင့် မည်သည့်အစိုးရကိုမျှ သတင်းမီဒီယာ လုပ်ပိုင်ခွင့် လက်မှတ်များ ပယ်ဖျက်ရန် သို့မဟုတ် သတင်းထောက်တစ်ဦးဦး၏ လုပ်ငန်းဆောင်တာများကို နှောင့်ယှက်ရန် တောင်းဆိုလေ့မရှိကြောင်း ပြောကြားခဲ့သည်။ သောကြာနေ့တွင် အဆိုပါ သတင်းစာ တိုက်က ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး တရုတ်နိုင်ငံတွင် ဝမ်အား သတင်းထောက်လုပ်ပိုင်ခွင့် ပြန်လည်ပေးအပ်ရန် နှင့် "သတင်းထောက်များ သတင်းရယူခွင့် လျော့ပါးလာနေသည့် အခြေအနေကို ပြောင်းလဲရန်" အစိုးရနှစ်ရပ်စလုံးကို တိုက်တွန်းခဲ့သည်။
နယူးယောက်တိုင်းမ်စ် သတင်းစာက မိမိတို့ သတင်းစာတိုက်အနေဖြင့် မည်သည့်အစိုးရကိုမျှ သတင်းမီဒီယာ လုပ်ပိုင်ခွင့် လက်မှတ်များ ပယ်ဖျက်ရန် သို့မဟုတ် သတင်းထောက်တစ်ဦးဦး၏ လုပ်ငန်းဆောင်တာများကို နှောင့်ယှက်ရန် တောင်းဆိုလေ့မရှိကြောင်း ပြောကြားခဲ့သည်
“Vivian Wang ကို ပြည်နှင်ဒဏ်ပေးဖို့ တရုတ်အစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ မှားယွင်းပါတယ်။” ဟု သတင်းစာတိုက်၏ အမှုဆောင်အယ်ဒီတာချုပ် Joseph Kahn က Time ၏ ကော်ပိုရိတ်ဝဘ်ဆိုက်တွင် ဖော်ပြထားသော ထုတ်ပြန်ချက်၌ ထည့်သွင်းပြောကြားခဲ့သည်။ ၎င်းက ဆက်လက်၍ “အခုလို အရေးကြီးတဲ့ အချိန်မျိုးမှာ သူမကို နှင်ထုတ်လိုက်တာဟာ ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံ အကြောင်း တိကျမှန်ကန်ပြီး ဘက်လိုက်မှုကင်းတဲ့အပြင် အသေးစိတ်ကျတဲ့ သတင်းတင်ပြချက်တွေကို ရယူဖို့ ကျွန်တော်တို့ရဲ့ ကမ္ဘာတစ်ဝန်းက စာဖတ်ပရိသတ်တွေအတွက် ပိုပြီးတော့တောင် ခက်ခဲသွားစေပါလိမ့်မယ်။” ဟု ပြောကြားခဲ့သည်။
ဝါရှင်တန်ဒီစီရှိ တရုတ်သံရုံးကမူ ယခုကိစ္စနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် တောင်းဆိုမှုကို ချက်ချင်း တုံ့ပြန်ခြင်းမရှိသေးပေ။
တရုတ်နိုင်ငံအတွင်း အမေရိကန်မီဒီယာများ ရောက်ရှိနေမှုမှာ ယခင်ကတည်းက လျော့နည်းနေပြီဖြစ်
ယခင်က သတင်းထောက် လုပ်ပိုင်ခွင့်လက်မှတ်များနှင့် ပတ်သက်၍ အငြင်းပွားမှုများ အကြိမ်ကြိမ် ဖြစ်ပွားခဲ့ပြီးနောက် တရုတ်နိုင်ငံအတွင်း အမေရိကန်မီဒီယာများ ရောက်ရှိနေမှု အားနည်းနေချိန်တွင် Wang သည် တရုတ်နိုင်ငံမှ ထွက်ခွာရခြင်းဖြစ်သည်။ ထို့ကြောင့် တရုတ်နိုင်ငံရှိ အမေရိကန် သတင်းဌာနခွဲ အချို့တွင် ဝန်ထမ်းအနည်းငယ်သာ ကျန်ရှိတော့သည့် အခြေအနေ ဖြစ်နေသည်။
“တရုတ်နိုင်ငံအကြောင်းကို နေရာတိုင်းက လူတွေ ပိုမိုနားလည်ဖို့ လိုအပ်ချက်ဟာ ဘယ်တုန်းက ထက်မဆို ပိုကြီးမားနေတဲ့ အချိန်မျိုးမှာ တရုတ်နိုင်ငံထဲမှာ အလုပ်လုပ်ကိုင်ခွင့်ပြုထားတဲ့ အမေရိကန် မီဒီယာဌာနတွေက သတင်းထောက် အရေအတွက်ဟာ စိုးရိမ်စရာကောင်းလောက်အောင် နည်းပါးတဲ့ အဆင့်ကို ကျဆင်းသွားခဲ့ပါပြီ၊” ဟု Kahn က ရေးသားခဲ့သည်။
DealBook Summit 2025 အစီအစဉ်တွင် ထိုင်ဝမ်သမ္မတ Lai Ching-te နှင့် အစီအစဉ်တင်ဆက်သူ Andrew Ross Sorkin တို့၏ ရိုက်ကူးထားသော အင်တာဗျူးတစ်ခုကို ထည့်သွင်းပြသခဲ့ပြီးနောက် ၂၀၂၀ ပြည့်နှစ်ကတည်းက အဆိုပါ သတင်းစာတိုက်၏ တရုတ်နိုင်ငံအခြေစိုက် သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သူ Wang ကို ပြည်နှင်ဒဏ်ပေးရန် ဘေဂျင်းအစိုးရက အရေးယူဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
Sorkin က ထိုင်ဝမ်ကို နိုင်ငံတစ်ခုဟု ခေါ်ဆိုခဲ့ပြီး Lai က ထိုင်ဝမ်ရေလက်ကြားတွင် ဘေဂျင်းအစိုးရ၏ ရန်လိုသော အပြုအမူများကို သတိပေးခဲ့ကာ “ထိုင်ဝမ်အနေနဲ့ မိမိကိုယ်ကိုယ် ကာကွယ်ဖို့ လိုအပ်တာမှန်သမျှ အားလုံးကို လုပ်ဆောင်သွားမှာပါ။” ဟု ကတိပြု ပြောကြားခဲ့သည်။
တရုတ်နှင့် အမေရိကန်တို့သည် ထိုင်ဝမ်ကိစ္စနှင့် ပတ်သက်၍ “ထိပ်တိုက်တွေ့ခြင်း သို့မဟုတ် ပဋိပက္ခပင် ဖြစ်ပွားနိုင်
တရုတ်အစိုးရသည် ထိုင်ဝမ်အပေါ် အချုပ်အခြာအာဏာ ပိုင်ဆိုင်ကြောင်း ကြေညာထားသည်။ ထိုင်ဝမ်သည် မော်စီတုံး၏ ကွန်မြူနစ်များ ပြည်တွင်းစစ်တွင် အနိုင်ရရှိခဲ့ပြီးနောက် ၁၉၄၉ ခုနှစ်တွင် ပြည်မကြီးမှ ခွဲထွက်ခဲ့ခြင်း ဖြစ်သည်။ မေလလယ်က ဘေဂျင်းမြို့တွင် သမ္မတ ဒေါ်နယ်ထရမ့်နှင့် ပြုလုပ်ခဲ့သည့် နောက်ဆုံးထိပ်သီးအစည်းအဝေးတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်က အဆိုပါကိစ္စရပ်ကို စနစ်တကျ မကိုင်တွယ်ပါက တရုတ်နှင့် အမေရိကန်တို့သည် ထိုင်ဝမ်ကိစ္စနှင့် ပတ်သက်၍ “ထိပ်တိုက်တွေ့ခြင်း သို့မဟုတ် ပဋိပက္ခပင် ဖြစ်ပွားနိုင်သည်။” ဟု သတိပေးခဲ့သည်။
အခြားသော အနောက်နိုင်ငံ မီဒီယာများကလည်း စိုးရိမ်တကြီး စောင့်ကြည့်နေကြ
The New York Times အပေါ် ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်သည် Laiကို အင်တာဗျူးနိုင်ခြေရှိပြီး ထိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကျွန်းစုအား အသံထွက်ခွင့်ပေးမည့် အခြားသော အနောက်နိုင်ငံ မီဒီယာများ အကြားတွင်လည်း စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်စေခဲ့သည်။ အကြောင်းမှာ ၎င်းတို့အနေဖြင့် တရုတ်နိုင်ငံ အတွင်း သတင်းတင်ပြနိုင်ခွင့် ဆုံးရှုံးနိုင်သည့် အန္တရာယ် ရှိနေသောကြောင့် ဖြစ်သည်။
နိုင်ငံခြားသား သတင်းထောက်အားလုံးသည် တရုတ်နိုင်ငံအတွင်း သတင်းတင်ပြရန်အတွက် တရုတ်နိုင်ငံ ခြားရေးဝန်ကြီးဌာန၏ အသိအမှတ်ပြုမှုကို ရယူရမည်ဖြစ်သည်။ ဘေဂျင်းအစိုးရသည် ၎င်းတို့၏ သတင်းရေးသားမှုကြောင့် တရုတ်ခေါင်းဆောင်ပိုင်းကို စိတ်အနှောင့်အယှက်ဖြစ်စေသည့် နိုင်ငံခြား သတင်းထောက်များကို နှင်ထုတ်ရန် သို့မဟုတ် ဝင်ခွင့်ပိတ်ပင်ရန်အတွက် သော်လည်းကောင်း၊ တရုတ်နိုင်ငံအပေါ် မလိုလားအပ်သော သို့မဟုတ် မရိုးသားသော သတင်းဖော်ပြမှုဟု ဘေဂျင်းက ရှုမြင်သည့်အရာအပေါ် မကျေနပ်မှုပြသရန်အတွက် သော်လည်းကောင်း ယခုကဲ့သို့ အသိအမှတ် ပြုခြင်းဆိုင်ရာနှင့် ဗီဇာမူဝါဒကို အသုံးချခဲ့သည်။
ဥပမာအားဖြင့် ၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားပြီးနောက် The Wall Street Journal စီးပွားရေးသတင်းစာတွင် “တရုတ်နိုင်ငံသည် အာရှ၏ အစစ်အမှန် လူမမာကြီးဖြစ်သည်။” ဟု ခေါင်းစဉ်တပ်ထားသော သဘောထားအမြင်ဆောင်းပါးတစ်စောင်ကို ဖော်ပြခဲ့ပြီးနောက် တရုတ်အစိုးရက အဆိုပါ သတင်းစာမှ သတင်းထောက် သုံးဦးကို ပြည်နှင်ဒဏ်ပေးခဲ့သည်။
အမေရိကန်-တရုတ် ဆက်ဆံရေး ပိုမိုဆိုးရွားလာသည်နှင့်အမျှ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် ၂၀၂၀ ပြည့်နှစ်တွင် တရုတ်နိုင်ငံ၏ အဓိက သတင်းမီဒီယာအချို့ကို “နိုင်ငံခြား မစ်ရှင်များ” အဖြစ် သတ်မှတ်ခဲ့သည်။ ဥပမာအားဖြင့် ဆင်ဟွာသတင်းဌာနသည် အုပ်ချုပ်သူ တရုတ်ကွန်မြူနစ်ပါတီက ပေးအပ်ထားသော တာဝန်အရ ပါတီနှင့် အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် ဆောင်ရွက်ရပြီး ၎င်းတို့၏ တရားဝင်သတင်းများကို ဖြန့်ဝေပေးခြင်းလည်း ပါဝင်သည်။
တရုတ်ဘက်ကလည်း အပြန်အလှန်အားဖြင့် အမေရိကန်မီဒီယာများတွင် လုပ်ကိုင်နေသော သတင်းထောက်များအတွက် ဗီဇာထုတ်ပေးမှုကို ပြင်းထန်စွာ ကန့်သတ်ခဲ့သည်။
တရုတ်နိုင်ငံခြားသတင်းထောက်များအသင်း (Foreign Correspondents’ Club of China) ၏ အဆိုအရ ၂၀၂၀ ပြည့်နှစ် ပထမနှစ်ဝက်အတွင်း The Washington Post၊ The New York Times နှင့် The Wall Street Journal တို့တွင် လုပ်ကိုင်နေသော နိုင်ငံခြားသတင်းထောက် အနည်းဆုံး ၁၈ ဦး ပြည်နှင်ဒဏ်ပေးခြင်း ခံခဲ့ရသည်။ အဆိုပါအဖွဲ့၏ နှစ်ပတ်လည် စစ်တမ်းအရ အခြားသော သတင်းထောက်အများအပြားကို တစ်လမှ သုံးလအထိသာ သက်တမ်းရှိသည့် ဗီဇာတိုများကိုသာ ထုတ်ပေးခဲ့ကြောင်း သိရသည်။
နောက်ပိုင်းတွင် အစိုးရနှစ်ရပ်စလုံးသည် တစ်ကြိမ်တည်းသော သဘောတူညီချက်တစ်ခုကို ရရှိခဲ့ကြပြီး အမေရိကန်မီဒီယာများအနေဖြင့် တရုတ်ပြည်မကြီးသို့ သတင်းထောက် အရေအတွက်အနည်းငယ် စေလွှတ်ခွင့် ရရှိခဲ့သည်။ Wang သည်လည်း ထိုသတင်းထောက်များထဲမှ တစ်ဦးဖြစ်သည်။
ပုံစာ - ၂၀၂၆ ခုနှစ် မေလ ၁၅ ရက် သောကြာနေ့၊ ပေကျင်းမြို့ Zhongnanhai ဥယျာဉ်သို့ သွားရောက်လည်ပတ်အပြီး ပြန်လည်ထွက်ခွာစဉ် တရုတ် သမ္မတ ရှီကျင့်ဖျင်နှင့် စကားပြောဆိုနေသည့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် (ယာ)။ (Evan Vucci/Pool Photo via AP)
Burma Associated Press
Top News
လွန်ခဲ့သော ၁၃ နာရီ က
လွန်ခဲ့သော ၆ ရက် က
လွန်ခဲ့သော ၁၂ ရက် က