bap-logo
Politics

နယူးယောက်ရဲအရာရှိက သေနတ်ဖြင့်ပစ်ခတ်၍ ၁၃ နှစ်အရွယ် မြန်မာဒုက္ခသည် ကလေးတစ်ဦးသေဆုံး

5mMIx2AvEQMJrXO2t_v15-image

လွန်ခဲ့သော ၃ လ က

 

နယူးယောက် မြောက်ပိုင်းတွင် ရဲအရာရှိတစ်ဦးက အသက် ၁၃ နှစ်အရွယ် ယောက်ျားကလေးတစ်ဦးကို သေစေသည်အထိ ပစ်ခတ်ခဲ့ကြောင်း စနေနေ့က ထုတ်ပြန်ခဲ့သည် ဗီဒီယိုတွင် တွေ့ရှိရသည်။ ၎င်းကလေးငယ်သည် ရဲအရာရှိများကို သေနတ်ပုံတူဖြင့် ချိန်ရွယ်၍ ထွက်ပြေးခဲ့ပြီးနောက် မြေပြင်တွင် လှဲချ ထိန်းသိမ်းခံခဲ့ရသည်။

 

၎င်းဆယ်ကျော်သက်ကလေးသည် သောကြာနေ့ ၁၀ နာရီကျော်တွင် သေဆုံးခဲ့သည်။ မန်ဟက်တန် အနောက်မြောက်ဘက် ၂၄၀ မိုင် (၄၀၀ ကီလိုမီတာ) အကွာရှိ Utica မြို့တွင် ရဲအရာရှိများက လက်နက်ကိုင် ဓားပြတိုက်မှုတစ်ခုကို စုံစမ်းစစ်ဆေးနေစဉ် ဆယ်ကျော်သက်နှစ်ဦးကို ရပ်တန့်ခိုင်းခဲ့သည့်အချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြောသည်။

 

ဓားပြမှု သံသယရှိသူများနှင့် အသက် ၁၃ နှစ်အရွယ် ဆယ်ကျော်သက်နှစ်ဦးမှာ အသွင်အပြင် ဖော်ပြချက် ကိုက်ညီနေကြောင်း၊ ဓားပြမှုအပြီး နောက်တစ်ရက် အချိန်နှင့် နေရာ တူညီနေကြောင်း ရဲက ပြောသည်။ တစ်ဦးမှာ ပြည်နယ် ဥပဒေကို ချိုးဖောက်ရာ ရောက်သည့် လမ်းပေါ်တွင် လမ်းလျှောက်နေခြင်းဖြစ်သည်။

 

ရဲများ၏ ကိုယ်တွင် တပ်ဆင်ထားသည့် ကင်မရာမှ ဗီဒီယိုကို ထုတ်ပြန်ခဲ့ရာ အရာရှိတစ်ဦးက ၎င်းတို့တွင် လက်နက်ပိုင်ဆိုင်မှု ရှိ၊ မရှိ သိရှိနိုင်ရန် ခန္ဓာကိုယ် ရှာဖွေမှု ပြုလုပ်ရန် လိုအပ်သည်ဟု ပြောနေသည်ကို တွေ့ရသည်။ ချက်ချင်းပင် နှစ်ဦးအနက် တစ်ဦးက ထွက်ပြေးခဲ့သည်။ ရဲများက ၎င်းထွက်ပြေးသူမှာ Nyah Mwayဟု စိစစ်သိရှိခဲ့သည်။

 

အာဏာပိုင်များက Nyah Mway က လိုက်လံဖမ်းဆီးသည့် အရာရှိများကို သေနတ်ဖြင့် ချိန်လိုက်သည်ဟု ယူဆရသည့် အချိန်တွင် ဗီဒီယိုကို ခေတ္တရပ်တန့်လိုက်သည်။ ရဲတပ်ဖွဲ့က ကြည့်ရှုသူများ လက်နက်ကို မြင်သာစေရန် အနီရောင် စက်ဝိုင်းများ ထည့်သွင်းရန်အတွက် ဗီဒီယိုကို တည်းဖြတ်ပြင်ဆင်ထားသည်။

 

အရာရှိများက လက်နက်ငယ် တစ်လက်ဟု ယုံကြည်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ သို့သော် နောက်ပိုင်းတွင် ၎င်းမှာ ကျည်အိမ် အဖြုတ်အသွင်း လုပ်နိုင်သည့် Glock 17 Gen 5 လက်နက်ငယ် ပုံတူတစ်ခုဖြစ်သည်ဟု ဆုံးဖြတ်ခဲ့ကြသည်။

 

ဆယ်ကျော်သက်လူငယ်နှင့်မြေပြင်တွင် လုံးထွေးနေစဉ်အတွင်းအရာရှိများအနက် တစ်ဦးမှ လူငယ်ယောက်ျားကလေး၏ ရင်ဘတ်သို့ သေနတ်တစ်ချက် ပစ်ခတ်ခဲ့သည်ဟု Utica ရဲအကြီးအကဲ Mark Williams က ပြောသည်။

 

၎င်းဆယ်ကျော်သက်ကို အရာရှိများက ရှေးဦးသူနာပြုကုသခြင်း "ချက်ချင်းလုပ်ဆောင်ပေးခဲ့ကာ Wynn ဆေးရုံသို့ သယ်ဆောင်လာခဲ့သည်ဟု အကြီးအကဲက ပြောသည်။ ၎င်းဆေးရုံတွင် လူငယ် သေဆုံးခဲ့ခြင်းဖြစ်သည်။

 

ဆယ်ကျော်သက်လူငယ် ကိုင်ဆောင်ခဲ့သော ပုံတူသေနတ်မှာ "Glock အမှတ်အသား၊ လက္ခဏာ၊ အဖြုတ်အသွင်းလုပ်နိုင်သည့် ကျည်အိမ်၊ အမှတ်စဉ် နံပါတ်တို့ အားလုံး အစစ်ကဲ့သို့ မြင်တွေ့ရသည်။ဟု ရဲတပ်ဖွဲ့ပြောခွင့်ရ Lt. Michael Curley က အီးမေးလ်မှတဆင့် ပြောသည်။ "သို့ရာတွင် ၎င်းပုံတူသေနတ်မှာ ဘောလုံးငယ်များ၊ BB (ခဲ၊ သံမဏိလုံးများ) သာ ပစ်ခတ်နိုင်သည်။

 

ဘေးမှ ရပ်ကြည့်သူတစ်ဦးက Facebook တွင် တင်ပြခဲ့သည့် ဗီဒီယိုတွင် အရာရှိများအနက် တစ်ဦးက Nyah Mway နောက်သို့ ပြေးလိုက်ပြီး မြေပေါ်သို့ လှဲချခဲ့သည်ကို တွေ့ရသည်။ အခြား အရာရှိနှစ်ဦး ရောက်ရှိလာချိန်တွင်ပင် ဆယ်ကျော်သက်လူငယ်ကို ၎င်းအရာရှိက လက်သီးဖြင့် ထိုးနေသည်ကိုလည်း မြင်တွေ့ရသည်။ လူငယ် မြေပေါ်တွင် ရှိနေစဉ် သေနတ်သံ တစ်ချက် ကြားရပြီးနောက် အရာရှိများက လျင်မြန်စွာ မတ်တပ်ရပ်လိုက်ကြသည်။

 

သေနတ်ဖြင့် ပစ်ခတ်ခဲသည့် အရာရှိမှာ အဖွဲ့တွင် ခြောက်နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည့် Patrick Husnay ဟု စိစစ်သိရှိရသည်။ Husnay Bryce Patterson နှင့် Andrew Citriniti တို့ကို လစာခံစားခွင့်ပြုသည့် အုပ်ချုပ်မှုဆိုင်ရာခွင့်ယူစေခဲ့သည်။

 

ရဲတပ်ဖွဲ့၏ ခန္ဓာကိုယ်ပေါ်ရှိ ကင်မရာမှ ဗီဒီယိုမှာ ဝရုန်းသုံးကားမြင်ကွင်းဖြစ်သည်။

 

Nyah Mway က ထွက်ပြေးနေစဉ် ပုံတူသေနတ်ဖြင့် ရဲများကို ချိန်လိုက်သည်။ အရာရှိများက "သေနတ်!” ဟု ပြေးလွှားရင်း အချင်းချင်း အော်ဟစ်လိုက်ကြသည်။ Patterson က Nyah Mway ကို တွန်းလှဲပြီး လက်သီးဖြင့် ထိုးကာ မြေပေါ်တွင် လုံးထွေးနေကြစဉ် Husnay က သေနတ်ဖြင့် ပစ်လိုက်သည်။

 

အရာရှိများက ပထမတွင် Nyah Mway က ၎င်းဘာသာ သေနတ်ဖြင့် ပစ်ခတ်မိခြင်းဟု ယူဆခဲ့ကြသည်။ Patterson က "သူ ကျွန်တော့်ကို ပစ်လိုက်တာလား မသိဘူး။ဟု ပြောသည်။ ၎င်းက Nyah Mway ကို ရည်ညွှန်းသည် သို့မဟုတ် ၎င်း၏ အဖော် အရာရှိကို ရည်ညွှန်းသည်ကို ရှင်းလင်းစွာ မသိရပါ။ Patterson ကို ထိမှန်ခြင်း မရှိခဲ့ပါ။

 

ရပ်ကြည့်နေသူများက ရဲအရာရှိများကို အော်ဟစ်၍ မှတ်တမ်းတင်နေကြသည်။ အရာရှိတစ်ဦးကလည်း "အခု ငါတို့ သူ့ကို ကယ်ဖို့ ကြိုးစားနေတယ်။ဟု ပြန်လည် အော်ဟစ်ခဲ့သည်။

 

အခြားလူငယ်တစ်ဦးကို ရဲမော်တော်ယာဉ် အနောက်ပိုင်းတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး ပစ်ခတ်မှုတွင် မပါဝင်ခဲ့ပေ။

 

ထပ်မံ၍ ခြိမ်းခြောက်မှု အန္တရာယ်များ မရှိတော့သည်မှာ သေချာစေရေးအတွက် ပြုလုပ်ရသော ရဲများ၏ ပစ်ခတ်မှုအပြီး ပုံမှန် အမေးအဖြေပြုလုပ်ခြင်းမှ ၎င်း၏ "အများပြည်သူ လုံခြုံရေး ထွက်ဆိုချက်တွင် Husnay က "မြေပြင်ပေါ်သို့ တည့်တည့်သေနတ်တစ်ချက် ပစ်ခတ်ခဲ့ကြောင်း ဖြေဆိုထားသည်။ ၎င်းအနေဖြင့် Nyah Mway က အရာရှိများကို ပစ်ခတ်ခဲ့ခြင်း ရှိ၊ မရှိ မသိရှိကြောင်း၊ လက်နက်မှာ ၂၂ ကာလီဘာ လက်နက်ငယ်ဟု ထင်မြင်ခဲ့ကြောင်း ပြောသည်။

 

ရဲဌာန၏ ခန္ဓာကိုယ် ကင်မရာမှ ဗီဒီယိုကို ထုတ်ပြန်ပြီးနောက် ပစ်ခတ်မှုကြောင့် လူဦးရေ ၆၅၀၀၀ ရှိသော Utica တွင် လှုပ်ခတ်ခဲ့ကာ လူအများက မကျေမနပ် ပြစ်တင်ခဲ့ကြသည်။ ၎င်းမြို့တွင် မြန်မာနိုင်ငံမှ လူဦးရေ ၄၂၀၀ ကျော် ရှိသည်ဟု ဒုက္ခသည်များ ပြန်လည် နေရာချထားရေး ကူညီပေးနေသော အကျိုးအမြတ်မယူသည့်စင်တာ တစ်ခုထံမှ သိရသည်။

 

Nyah Mway သည် Donovan အလယ်တန်းကျောင်းမှ တန်း ကျောင်းသား တစ်ဦးဖြစ်ကြောင်း ဒေသတွင်း သတင်းများက ဖော်ပြကြသည်။ ၎င်းသည် မြန်မာနိုင်ငံတွင် မွေးဖွားသော ကရင်တိုင်းရင်းသားဒုက္ခသည်တစ်ဦးဖြစ်ကြောင်းလည်း ဖော်ပြကြသည်။

 

မြို့တော်ဝန် Williams နှင့် စကားပြန်တစ်ဦးတို့ ပရိသတ်၏ ထပ်ခါတလဲလဲ ဒေါသပေါက်ကွဲမှုများကြောင့် စနေနေ့တွင် ပြုလုပ်သော တင်းမာသည့် သတင်းစာရှင်းလင်းပွဲမှာ စောလျင်စွာ အဆုံးသတ်ခဲ့သည်။ လူငယ်၏ မိသားစုအပါအဝင် အသိုင်းအဝိုင်းအတွင်းမှ လူထုလည်း ၎င်းသတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့ကြသည်။

 

အရာရှိများ မူဝါဒနှင့် လေ့ကျင့်သင်ကြားမှုများကို လိုက်နာခြင်း ရှိ၊ မရှိ ရဲဌာနက ဌာနတွင်း စစ်ဆေးမေးမြန်းမှုတစ်ခု ပြုလုပ်နေသည်။ ပြည်နယ် ရှေ့နေချုပ်ကလည်း ပစ်ခတ်မှုမှာ တရား မျှတမှု ရှိ၊ မရှိ ဆုံးဖြတ်ရန် သီးခြား အမှုတစ်ခု ဖွင့်လှစ်သွားမည်ဖြစ်သည်။

 

ဒီလို ခက်ခဲတဲ့ အချိန်ကာလအတွင်းမှာ ကွယ်လွန်သွားသူရဲ့ မိသားစုကို ရင်ထဲက လှိုက်လှိုက်လဲလဲ ဝမ်းနည်းကြောင်း ပြောလိုပါတယ်။ဟု Williams က ပြောသည်။ "ဒါက ပါဝင်သူအားလုံးအတွက် ဝမ်းနည်းကြေကွဲဖွယ်ရာ၊ စိတ်ထိခိုက်စေတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပါတယ်။

 

ကိုးကား - AP

ပုံစာ - Utica ရဲဌာနမှ ထုတ်ပြန်ခဲ့သော Glock 17 Gen 5 လက်နက်ငယ် ပုံတူ။ (Utica, N.Y., Police Department via AP)

 

Burma Associated Press

အမေရိကား
ရဲတပ်ဖွဲ့
မြန်မာ
လူငယ်

Share With
bap-logo