Politics
တရုတ်အထူးတပ်များ မြန်မာနိုင်ငံထဲ ဝင်ရောက်ဟု သတင်းများထွက်ပေါ်
လွန်ခဲ့သော တစ်နှစ် က
တရုတ်နိုင်ငံတော်ကောင်စီဝင် ပြည်သူ့လုံခြုံရေးဝန်ကြီးနှင့် စစ်ကောင်စီအကြား သဘောတူညီမှုအရ လောက် ကိုင်မြို့ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းများကို ဖြိုခွင်းရန် တရုတ်နိုင်ငံအထူးတပ်ဖွဲ့များ မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်ခဲ့ ကြောင်း BBC က ဖော်ပြထားသည်။ ၎င်းအထူးတပ်ဖွဲ့များသည် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်)များရှိသည့် ဟိုတယ်ဝင်းများအတွင်း ဝင်ရောက်စီးနင်းနေကြပြီး စီမံချက်ကာလ မပြီးဆုံးသေးကြောင်းလည်း ဖော်ပြ ထားသည်။
ယင်းကဲ့သို့ တရုတ်အထူးတပ်ဖွဲ့များဝင်ရောက်မှုသတင်းမှာ တရုတ်နိုင်ငံ ကုန်စည်ပြပွဲတစ်ခုသို့ ဖိတ်ခေါ်ပြီး ဖမ်းဆီးထားသည့် ကိုးကန့်လုပ်ငန်းရှင် ၁၁ ဦးအနက် အချမ်းသာဆုံး သုံးဦးကို နိုဝင်ဘာ ၁၁ ရက်တွင် ရုပ်သံမှ ထုတ်ပြန် ပြသခဲ့ချိန်နှင့် အချိန်ကိုက်ထွက်ပေါ်လာခြင်းဖြစ်သည်။
ကိုးကန့်လုပ်ငန်းရှင် ၁၁ ဦးထဲက အချမ်းသာဆုံး သုံးဦး ကို တရုတ်နိုင်ငံက နိုဝင်ဘာ ၁၁ ရက် ညပိုင်းမှာ ရုပ်သံက တဆင့် ထုတ်ပြခဲ့ပါတယ်။
၎င်းရုပ်သံတွင် ဖမ်းဆီးခံသုံးဦးက ကျားဖြန့်လုပ်ကိုင်နေသူများကို တရုတ်ထံသို့ အပ်နှံရန်နှင့် တုံ့ပြန်မှုများ မပြုလုပ်ရန် ပြောကြားခဲ့သည်။
"ယခုတစ်ခေါက်ဖြစ်ပွားနေသည့် အရေးကြီးသော အခင်းအကျင်းသည် ဘယ်တုန်းကမှနဲ့မတူဘဲ မိသားစုဝင် များ၏ အသက်အန္တရယ်အတွက်လည်း ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း၊ စည်းစိမ်ဥစ္စာများလည်း လက်ရှိ ဖြစ်နေသည့် တိုက်ပွဲနှင့်အတူ ပျက်စီးသွားနိုင်ကြောင်း" အဖမ်းခံထားရသူသုံးဦးလုံးက ရုပ်သံကတဆင့် မိသားစု ဝင်များကို ပြောကြားခဲ့ကြောင်း BBC တွင် ဖော်ပြထားသည်။ လောက်ကိုင်မြို့တွင် အချမ်းသာဆုံး မိသားစု လေးစုရှိသည့်အနက် ပယ်မိသားစုမှာ ကုန်စည်ပြပွဲသို့ သွားရောက်ခြင်းမရှိသဖြင့် ဖမ်းဆီးခံရခြင်း မရှိပေ။
ရုပ်သံတွင် ပါဝင်သည့် ဖမ်းဆီးခံသုံးဦးမှာ လျိုမိသားစုမှ ဦးမောင်မောင်၊ ဝေမိသားစုမှ ဦးဝေဖြိုးအောင်နှင့် မြီ မိသားစုမှ ဦးရန်လောက်ဟွာတို့ဖြစ်ကြောင်း၊ ဦးမောင်မောင်မှာ ကုန်းကြမ်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဟောင်းလည်းဖြစ်ကြောင်း BBC တွင် ဖော်ပြထားသည်။
၎င်းအပြင် တရုတ်နိုင်ငံအရှေ့ပိုင်း Zhejiang ပြည်နယ်မှ Wenzhou ပြည်သူ့လုံခြုံရေးဗျူရိုကလည်း မြီမိသားစုမှ ဦးမြီရှောက်ချန်း၊ ၎င်း၏ သားဖြစ်သူ မြီကော်ဖျင်၊ သမီးဖြစ်သူ မြီကျူးလန့်နှင့် မြေးဖြစ်သူ မြီကြိမ်းကြိမ်းတို့ကို ဖမ်းဆီးရန် ဝရမ်းထုတ်ပြန်လိုက်ကြောင်း South China Morning Post တွင် ဖော်ပြထားသည်။
၎င်းတို့ လေးဦးမှာ တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားသည့် ငွေကြေးအမြောက်အများပါဝင်သည့် အလိမ် အညာလုပ်ငန်းများနှင့် ပတ်သတ်၍ စွပ်စွဲထားပြီး အလိုရှိကြောင်း ဝရမ်းထုတ်ပြန်လိုက်ခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။ ဦးမြီရှောက်ချန်းသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမတ်ဟောင်း တစ်ဦးဖြစ်ကာ ကိုးကန့်ခေါင်းဆောင်ဟောင်းဖြစ်ကာ ၎င်းတို့တစ်ဦးချင်းစီကို ဖမ်းဆီးနိုင်ရန် သတင်းပေးသူကို ၅၀၀,၀၀၀ ယွမ် (အမေရိကန်ဒေါ်လာ ၆၈,၄၀၀) ဆုငွေ ပေးအပ်သွားမည်ဟုလည်း အာဏာပိုင်များက ကမ်းလှမ်း ထားကြောင်း SCMP တွင် ဖော်ပြထားသည်။
၎င်းအလိမ်အညာလုပ်ငန်းများသည် လူများကို လှည့်ဖြားကာ အလိမ်အညာ ရင်းနှီးမြှုပ်နှံမှုများ၊ ချစ်မှုရေးရာ လိမ်ညာမှုများနှင့် ရာဇဝတ်ဂိုဏ်းများကိုယ်စား ခြိမ်းခြောက်ငွေညှစ်မှုလုပ်ငန်းများတွင် အတင်းအကျပ် လုပ်ဆောင်စေကြောင်း အွန်လိုင်းရေးသားချက်များစွာတွင် ဖော်ပြထားသည်ဟု SCMP က ဖော်ပြထားသည်။
ရရှိလာသည့် ငွေကြေးများကို ကာစီနိုလောင်းကစားရုံများနှင့် ခြေရာခံရန် ခက်ခဲသည့် ခရစ်ပတိုကာရန်စီ အဖြစ်သို့ ပြောင်းလဲလေ့ရှိသည်။
တရုတ်အစိုးရသည် ဘီလီယံဒေါ်လာများစွာ ပါဝင်သည့် လိမ်လည်မှုများ၏ ခေါင်းဆောင်ပိုင်းများဟု ယုံကြည် ရသည့် တရုတ်ဝရမ်းပြေးများကို ပစ်မှတ်ထားခြင်းဖြင့် တုန့်ပြန်ခဲ့သည်။
ပြီးခဲ့သည့် လအတွင်းက ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)မှ ခရိုင်မှူးနှင့် ဗျူဟာမှူးအဆင့်ရှိ ခေါင်းဆောင်များ ဖြစ်သော ချန်ရန်ပန် (ပေါက်အိုက်ပန်း) နှင့် ရှောက်ရန်ပန် (ဟော်ချွင်ထင်) တို့ကိုလည်း အလားတူ ဝရမ်းထုတ်ပြန်ထားသည်။
တရုတ်နိုင်ငံပိုင် သတင်းအေဂျင်စီ စင်ဟွာက မြန်မာနိုင်ငံမြောက်ပိုင်း ဆက်သွယ်ရေးကွန်ရက် လိမ်ညာမှုများမှ အွန်လိုင်း အလိုရှိသူများအဖြစ် ထုတ်ပြန်ထားသူ ဝရမ်းပြေး ၂၀၅ ဦးအပါအဝင် သံသယရှိသူ ၄,၆၀၀ ကို ဖမ်းဆီးရမိပြီး တရုတ်သို့ လွှဲပြောင်းခဲ့ပြီးဖြစ်ကြောင်း ယခင်လက ဖော်ပြထားသည်။
တရုတ်က သံသယရှိသူများဟု ပြောသော်လည်း ကျွမ်းကျင်သူများက ၎င်းတို့အများစုမှာ ရာဇဝတ် ကောင်များအတွက် အတင်းအကျပ် ခိုင်းစေခံရသူ သားကောင်များသာ ဖြစ်ကြောင်း၊ ၎င်းတို့ တရုတ်သို့ ပြန်ရောက်သည်နှင့် မည်ကဲ့သို့ ဆက်ဆံခံရမည်ကို ကျွမ်းကျင်သူများက မေးခွန်းထုတ်မှုများ ရှိကြောင်းကို AP သတင်းဌာနက အောက်တိုဘာလကုန်ပိုင်းတွင် ဖော်ပြခဲ့သည်။
ကိုးကား - South China Morning Post၊ BBC၊ AP
ပုံစာ - တရုတ်မှ ဖမ်းဆီးထားသည့် အချမ်းသာဆုံး ကိုးကန့်မိသားစုဝင် သုံးဦး၏ ထွက်ပေါ်လာသော ရုပ်သံလင့်ခ်။
Top News
လွန်ခဲ့သော ၁၈ နာရီ က
လွန်ခဲ့သော ၅ ရက် က