bap-logo
Politics

မြန်မာစစ်တပ် ပြောင်းလဲမည်ဟု မယုံကြည်ဟု ကုလ လူ့အခွင့်အရေးဆိုင်ရာအကြီးအကဲပြော

Hm6uXlEvoxer37Q0YqTh8-image

လွန်ခဲ့သော တစ်နှစ် က

မြန်မာစစ်တပ်သည် သိသာစွာ ပြောင်းလဲလာမည်ဟု ယုံကြည်ရန် အကြောင်းမရှိကြောင်း၊ ဆယ်စုနှစ်များစွာ ၎င်း၏ လုပ်ရပ်များအတွက် အပြစ်မပေးခံရဘဲ လည်ပတ်နေသည့် သံသရာကိုလည်း ချိုးဖျက်မည်ဟု ယုံကြည်စရာ မရှိကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türk က စက်တင်ဘာလ ၂၆ ရက် ၂၀၂၃ ခုနှစ် ၅၄ ကြိမ်မြောက် လူ့အခွင့်အရေး ကောင်စီအစည်းအဝေးတွင် တင်ပြပြောဆိုလိုက်သည်။

 

မြန်မာနိုင်ငံမှ လူထုသည် ထိတ်လန့်ဖွယ် တိုက်ခိုက်မှုများ၊ လူ့အခွင့်အရေး ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှုများ၊ အသက်မွေးဝမ်းကြောင်းမှုနှင့် မျှော်လင့်ချက်များ ပြိုကျပျက်စီးမှုတို့ နေ့စဉ် ကြုံတွေ့ ဖြတ်ကျော်နေရကြောင်း ၎င်းက ဖော်ပြပြောဆိုထားသည်။

 

၎င်းအစည်းအဝေးမတိုင်မီ တစ်ရက်အလို ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ဧပြီလ ၁ ရက် ၂၀၂၂ ခုနှစ်မှ ဂျူလိုင်လ ၃၁ ရက် ၂၀၂၃ ခုနှစ်အထိ မြန်မာစစ်တပ်၏ အရပ်သားများအပေါ် တိုးမြှင့် တိုက်ခိုက်မှုများကို ဖော်ပြထားသည်ဟု သိရသည်။

 

မြန်မာစစ်တပ်နှင့် ၎င်းနှင့် ဆက်စပ်သည့် အဖွဲ့အစည်းများ၏ လက်တွင် အနည်းဆုံး လူပေါင်း ၄၁၀၈ ဦး သေဆုံးခဲ့သည်ဟု ယုံကြည်ရသည့် အရင်းအမြစ်များမှ အတည်ပြုထားကြောင်း၊ အရပ်သားများအပေါ် စနစ်တကျ တိုက်ရိုက်တိုက်ခိုက်သည့် စစ်ရေးနည်းဗျူဟာ သုံးခုမှာ လေကြောင်းတိုက်ခိုက်မှု၊ အစုအပြုံလိုက် သတ်ဖြတ်မှုနှင့် ရွာများ မီးရှို့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

 

အာဏာသိမ်းပြီးသည့်အချိန်မှ ၁၄ လအတွင်း တိုက်ခိုက်ခဲ့သည်ထက် နှစ်ဆ ပိုမိုများပြားသည့် လေကြောင်း တိုက်ခိုက်မှု ၆၈၇ ကြိမ်ကို အစီရင်ခံစာမှ ဖော်ပြထားသည့် ကာလအတွင်းတွင် ပြုလုပ်ခဲ့သည်။

 

လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်ခြင်း၊ လက်နက်ကြီးများ အသုံးပြုခြင်းတို့သည် နိုင်ငံခြားအရင်းအမြစ်များ ထံမှသာ ဝယ်ယူနိုင်သည်ဆိုသည့် အချက်ကို ကုလလူ့အခွင့်အရေးရုံးမှ အတည်ပြုနိုင်ကြောင်း ဖော်ပြထားသည်။

 

မြန်မာစစ်တပ်သည် စစ်ဘက်သုံး ကိရိယာများ၊ ထောက်ပံ့ရေး ဝန်ဆောင်မှုများနှင့် လေယာဉ်ဆီတို့ ဝယ်ယူရန် နိုင်ငံခြားငွေ လက်လှမ်းမှီ ရရှိမှုပေါ် မှီခိုနေရသည်ဟုလည်း ဖော်ပြထားသည်။ ကုလလူ့အခွင့်အရေးရုံးက စစ်ဘက်ဆိုင်ရာ ရည်ရွယ်ချက်ဖြင့် ဂျက်လေယာဉ်ဆီ ဝယ်ယူရေး ကန့်သတ်အရေးယူမှု ပြဌာန်းခြင်းကို ကြိုဆိုထားသည်။

 

ကုလအခွင့်အရေးရုံးက လူ ၁၀ ဦးနှင့် အထက် သို့မဟုတ် တစ်ဦးချင်း အသတ်ခံရသူများ၏ အဖြစ်အပျက်များကို စာရွက်စာတမ်း ၂၂ ခုဖြင့် ပြုစုထားခြင်း ဖြစ်သည်ဟုဆိုသည်။ စစ်တပ်၏ စစ်ဆင်ရေးများမှာ ရွာထဲသို့ စစ်သားများဝင်ရောက်လာပြီး ထွက်မပြေးသူများကို ဝိုင်းထားလိုက်ကာ သတ်ဖြတ်ခြင်းဖြစ်သည်ဟု သက်သေခံချက်များက ညွှန်ပြနေသည်။

 

၎င်းစစ်သားများသည် အရှင်လတ်လတ် မီးရှို့ခြင်း၊ အပိုင်းပိုင်းဖြတ်တောက်ခြင်း၊ အဓမ္မကျင့်ခြင်း၊ ခေါင်းဖြတ်ခြင်း၊ ပြင်းထန်စွာ ရိုက်နှက်ခြင်းတို့ဖြင့် မတွေးဝံ့စရာ နာကျင်မှုများ ရစေရန် ထိတ်လန့်ဖွယ် နည်းလမ်းများ အသုံးပြုကြကြောင်း၊ ၊ ဖမ်းဆီးမိသော ရွာသားများကို လူသားဒိုင်းအဖြစ် အသုံးပြုကြောင်း ဖော်ပြထားသည်။

 

အထူးသဖြင့် စစ်ကိုင်းတိုင်း အလယ်ပိုင်းအပါအဝင် အခြားဒေသများတွင် ရွာလုံးကျွတ်၊ အရပ်ဘက် အခြေခံအဆောက်အအုံများ မီးရှို့ခြင်းတို့ဖြင့် လူထုကို ခြောက်လှန့်နေကြသည်။ အိမ်များ၊ အစားအသောက် သိုလှောင်ရုံများ၊ မျိုးစေ့ဘဏ်များ၊ မွေးမြူရေးလုပ်ငန်းများ ၇၅၀၀၀ အထက် ဖျက်ဆီးခံခဲ့ရသည့်အတွက် ပြောင်းရွှေ့နေထိုင်ရမှု အကျပ်အတည်း ဆက်လက် ဖြစ်ပေါ်စေကြောင်း၊ အထူးသဖြင့် အမျိုးသမီးများ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများအပေါ် ကျရောက်နိုင်သည့် အန္တရာယ်များအတွက် လူသားချင်းစာနာမှုနှင့် အကာအကွယ်ပြုရေး လိုအပ်ချက်များ အလွန် တိုးမြင့်လာကြောင်းလည်း ဖော်ပြထားသည်။

 

ဖမ်းဆီးခံရသူ ၂၄၈၃၆ ဦး၊ ဆက်လက်ထိန်းသိမ်းခံထားရသူ ၁၉၂၆၄ ဦး၊ စစ်တပ်ထိန်းချုပ်သည့် တရားရုံးများမှ လွတ်လပ်မှုမရှိ၊ စည်းကမ်းလိုက်နာမှုမရှိ၊ မျှတသော စီရင်မှု အခွင့်အရေးများ ရရှိခြင်းမရှိဘဲ သေဒဏ် ချမှတ်ခံထားရသူ ၁၅၀ ဦးထိ ရှိသည်ဟု ယုံကြည်ရသည့် အရင်းအမြစ်များက အစီရင်ခံထားသည်။ ၇,၃၆၈ ဦး အထက်မှာ သီးသန့် စီရင်ဆုံးဖြတ်မှုဖြင့် မိနစ်ပိုင်းအတွင်း ခုခံဆွေးနွေးခွင့်မရရှိဘဲ ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။

 

တစ်နိုင်ငံလုံးတွင် လူသားချင်းစာနာမှုကို လက်လှမ်းမမှီစေရန် ငြင်းပယ်ထားသည့်အတွက် အစားသောက် ရယူပိုင်ခွင့်မှုမရှိမှု အကျိုးဆက်များ များပြားလာပြီး အထူးသဖြင့် မြန်မာလူထု၏ အဓိက အစားအစာ ဆန်သည် ဒေသများစွာတွင် အလွန်အမင်း ရှားပါးလာခဲ့ရသည်။

 

ရခိုင်ပြည်နယ်တွင် မေလအတွင်း တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်း မိုခါအပြီး အသက်ကယ် ဆေးဝါးကုသခွင့်၊ အမိုးအကာပစ္စည်းများ၊ အစားအသောက်နှင့် ရေသန့်တို့ကို ထောက်ပံ့မှုမှ စနစ်တကျ ပိတ်ဆို့ထားသည့်အတွက် ရိုဟင်ဂျာမိသားစုများအပါအဝင် အခြားသော ပြောင်းရွှေ့နေထိုင်ရသည့် အသိုင်းအဝန်းတို့သည် ၎င်းတို့၏ ကလေးသူငယ်များအတွက် အစားသောက် မကျွေးမွေးနိုင်တော့ကြောင်း အစီရင်ခံထားသည်။

 

မြန်မာနိုင်ငံ ပြန်လည် တည်ငြိမ်လာစေရန် ရည်ရွယ်သည့် အာဆီယံ သဘောတူညီချက် ငါးရပ်ကို မြန်မာစစ်တပ်က သဘောတူခဲ့သော်လည်း လျစ်လျူရှုနေခဲ့သည်။ အလားတူပင် စစ်တပ်သည် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် 2669 (S/RES/2669(2022), December 2022) နှင့် ၎င်းတွင် ပါဝင်သည့် အကြမ်းဖက်မှု ချက်ချင်းရပ်တန့်ရေး၊ လိုအပ်နေသူအားလုံးအတွက် လူသားချင်းစာနာမှုဆိုင်ရာ လက်လှမ်းမီစေရန် အတားအဆီး မပြုရေးတို့ကိုလည်း လေးစားလိုက်နာရန် ပျက်ကွက်ခဲ့သည်။

 

ပြောမပြနိုင်လောက်သည့် ကြွေကွဲဝမ်းနည်းဖွယ်ရာကို အဆုံးသတ်ရန် မြန်မာအပေါ် တွေးခေါ်စဉ်းစားပုံအသစ် အရေးတကြီးလိုအပ်နေသည်ဟု Volker Türk က ပြောကြားခဲ့သည်။

 

လာမည့်နှစ်စပိုင်းတွင် ဥက္ကဌအဖြစ်ဆောင်ရွက်သည့်နိုင်ငံကို နိုင်ငံ သုံးနိုင်ငံမှ အထောက်အကူပြုမည့် ယန္တရားနှင့် အထူးသံတမန် စတင် မိတ်ဆက်ခြင်းတို့ ပါဝင်သည့် အာဆီယံ၏ မကြာသေးခင်က ဆုံးဖြတ်ခဲ့သော ချဉ်းကပ်ပုံအသစ်ကို ကြိုဆိုကြောင်းနှင့် အခြားနိုင်ငံများကိုလည်း ကြိုးပမ်းဆောင်ရွက်မှု တိုးမြှင့်ရန် တောင်းဆိုသည်ဟု ၎င်းက ပြောကြားခဲ့သည်။

 

မြေပြင်မှ ကြီးမားလေးနက်သည့် အခြေအနေနှင့် အရေးယူမခံရမှု ဆက်လက်ဖြစ်ပေါ်နေသည့်အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် ၎င်းအခြေအနေကို နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ တရားရုံးသို့ လွှဲအပ်ရန် ထပ်လောင်း တောင်းဆိုသည်ဟုလည်း ၎င်းက ပြောကြားသည်။

 

မြန်မာလူထုသည် ၎င်းတို့၏ အတိဒုက္ခရောက်ရမှုများကို နိုင်ငံတကာအသိုင်းအဝိုင်းမှ လုံလောက်သည့် အာရုံစိုက်မှု မရရှိဘဲ ကာလကြာရှည်ခံစားနေခဲ့ရပြီး ၎င်းကို ပြောင်းလဲပစ်ရမည်ဖြစ်ကြောင်း၊ ထိတ်လန့်ဖွယ် အခြေအနေနှင့် ဖြစ်ပေါ်မှု အသစ်များကို ဖေဖော်ဝါရီ ၂၀၂၁ ခုနှစ်မှ စတင်၍ အစည်းအဝေးတိုင်းတွင် တင်ပြခဲ့သည့် ၎င်း၏ ရုံးမှ အစီရင်ခံစာ ၈ ခုကို ယခုကောင်စီမှ လက်ခံရရှိပြီး ဖြစ်ကြောင်း ဖော်ပြပြောဆိုသည်။

 

အရပ်သားများကို ကာကွယ်ရန် တာဝန်ရှိမှု၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် အထောက်အကူဖြစ်စေမည့် အခြေအနေများ ပြန်လည်ထူထောင်ရေးတို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းမှ ချက်ချင်းလက်ငင်း လုပ်ဆောင် ရန် တောင်းဆိုလိုက်ကြောင်း၊ အချိန်မဆွဲဘဲ မြန်နိုင်သမျှ မြန်မြန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း Volker Türk က ပြောဆိုလိုက်သည်။

 

ကိုးကား - OHCHR

ပုံစာ - ဖေဖော်ဝါရီလ ၂၀၂၂ ခုနှစ် မြန်မာစစ်တပ်က မီးရှို့ဖျက်ဆီးသော စစ်ကိုင်းတိုင်းမှ ရွာတစ်ရွာ၏ ကောင်းကင်မြင်ကွင်း (Photo: REUTERS/Stringer/File Photo)

 

Volker Türk
သတ်ဖြတ်ခဲ့
သေဆုံးခဲ့
စစ်တပ်
လေကြောင်းတိုက်ခိုက်မှု
မီးရှို့ခံရ
OHCHR

Share With
bap-logo