bap-logo
Politics

ဂျပန်-အာဆီယံထိပ်သီးအစည်းအဝေးတွင် လုံခြုံရေးကိစ္စရပ်များကို အလေးပေးပြီး ပူးပေါင်းမှုမြှင့်တင်

-NfMTO0HLwMClwHnX039M-image

လွန်ခဲ့သော ၉ လ က

 ဂျပန်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များသည် ၎င်းတို့၏ ချစ်ကြည်ရင်းနှီးမှု အနှစ်ငါးဆယ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် တနင်္ဂနွေနေ့တွင် အထူးထိပ်သီးအစည်းအဝေးတစ်ခု ကျင်းပတွေ့ဆုံခဲ့ကြ သည်။ ဒေသတွင်း ပင်လယ်ပြင်တွင် တရုတ်နှင့် တင်းမာမှု မြင့်တက်လာစဉ် ၎င်းတွေ့ဆုံမှု၌ လုံခြုံရေးပူးပေါင်း ဆောင်ရွက်မှုကို အလေးပေးသည့် ပူးတွဲရည်မှန်းချက်တစ်ခု ထုတ်ပြန်ရန် မျှော်လင့်ရသည်။

 

ဂျပန်နှင့် အာဆီယံပူးပေါင်းမှုသည် ဂျပန်၏ စစ်ပွဲကာလလုပ်ရပ်များကြောင့် ကာလရှည်ကြာ ခါးသီး နာကျည်းမှုများအတွက် ဂျပန်မှ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် အထောက်အပံ့ပေးခြင်းပေါ်တွင် များစွာ အခြေခံထားလေ့ရှိသည်။ သို့သော် မကြာသေးသောနှစ်များအတွင်း ပူးပေါင်းဆောင်ရွက်မှုများသည် လုံခြုံရေး အပေါ် ပိုမိုအာရုံစိုက်လာခဲ့သည်။ ယင်းကာလများအတွင်း တောင်တရုတ်ပင်လယ်အရေး တရုတ်၏ အခိုင်အမာပြောဆိုလုပ်ဆောင်ချက်များ မြင့်တက်လာစဉ် ဂျပန်၏ စစ်ပွဲအလွန် စစ်ဆန့်ကျင်သည့် ရပ်တည် ချက်နှင့် ယုံကြည်မှုတည်ဆောက်ရေးအားထုတ်မှုများသည် ပိုမိုချစ်ကြည်သော ဆက်ဆံရေးများ တည်ဆောက် လာနိုင်ခဲ့သည်။

 

စည်းမျဉ်း-အခြေခံသည့် လွတ်လပ်ပြီး ပွင့်လင်းသော နိုင်ငံတကာအစီအစဉ်သည် ပြင်းထန်သော စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရသည်။” ဟု တနင်္ဂနွေ့နေထိပ်သီးအစည်းအဝေး အဖွင့်မိန့်ခွန်းတွင် ဂျပန်ဝန်ကြီးချုပ် Kishida က ပြောသည်။ "ကျွန်တော်တို့ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်၊ စီးပွားရေး ကွာဟမှုတို့လို ရှုပ်ထွေးပြီး စုပေါင်းထားတဲ့ အရေးကိစ္စတွေကို ရင်ဆိုင်နေရပါတယ်။ အာဆီယံခေါင်းဆောင်တွေနဲ့ ခိုင်မာတဲ့ ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်ဖို့အတွက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။

 

၎င်း၏ တနင်္ဂနွေနေ့ည တိုကျိုမြို့ရှိ နိုင်ငံတော်ဧည့်ဂေဟာမှ အဖွင့်မိန့်ခွန်းတွင် ဂျပန်နှင့် အာဆီယံတို့ လုံခြုံရေးသာမက စီးပွားရေး၊ ရင်းနှီးမြှပ်နှံမှု၊ ရာသီဥတု၊ နည်းပညာနှင့် လူထု ဖလှယ်ရေးတို့ကိုလည်း တိုးမြှင့်ဆောင်ရွက်သွားရန် Kishida က အဆိုပြုခဲ့သည်။ Kishida နှင့် အာဆီယံလက်ရှိ ဥက္ကဌ အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုတို့ ဆွေးနွေးပွဲများအပြီး တနင်္ဂနွေနေ့တွင် ပူးတွဲရည်မှန်းချက်တစ်ခု ကြေငြာသွားရန်ရှိသည်။

 

ဒီဇင်ဘာ ၁၆ မှ ၁၈ ရက်နေ့အထိ ပြုလုပ်မည့် ထိပ်သီးအစည်းအဝေး ပြင်ပ သီးသန့်တွေ့ဆုံမှုအဖြစ် စနေနေ့တွင် Kishida က နှစ်နိုင်ငံ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုများ တည်ဆောက်ရန် ဂျပန်နိုင်ငံက နှစ်နိုင်ငံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

 

Kishida နှင့် မလေးရှားဝန်ကြီးချုပ် Anwar Ibrahim တို့သည် မလေးရှားရေကြောင်းလုံခြုံရေးစွမ်းဆောင်ရည် တိုးမြှင့်ရန် ယန်း သန်း ၄၀၀ (ဒေါ်လာ .၈သန်း) သဘောတူညီမှုတစ်ခု လက်မှတ်ရေးထိုးခဲ့သည်။ ၎င်းသဘော တူညီမှုမှာ ၎င်းမိတ်ဆွေနိုင်ငံများ၏ စစ်တပ်ကို တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေး စွမ်းဆောင်ရည်သီးသန့် မြှင့်တင်ပေးရန်အတွက် ဂျပန်နိုင်ငံ၏ တရားဝင်လုံခြုံရေးအထောက်အပံ့အစီအစဉ်သစ်တစ်ခု ဖြစ်သည်။

 

၎င်းအထောက်အပံ့အစီအစဉ်တွင် မလေးရှား၏ စစ်တပ်စွမ်းဆောင်ရည် တိုးတက်စေရန် ကယ်ဆယ်ရေး လှေများနှင့် အခြားကိရိယာများ ပေးအပ်ခြင်း ပါဝင်သည်။ မလေးရှားသည် အိန္ဒိယသမုဒ္ဒရာနှင့် အရှေ့အာရှတို့ကို ဆက်သွယ်သည့် ပင်လယ်ရေလမ်းပေါ်ရှိ အချက်အချာနေရာတွင် တည်ရှိပြီး ဒေသတစ်ခုလုံးအတွက် သတိပေးချက်နှင့် စောင့်ကြည့်ရေးလှုပ်ရှားမှုများအတွက် အဓိက အခန်းကဏ္ဍအဖြစ်ဆောင်ရွက်ပေးသည်။

 

စနေနေ့တွင် Kishida သည် ဝီဒိုဒိုနှင့်လည်း သီးခြားတွေ့ဆုံခဲ့ပြီး ယန်း .၀၅ ဘီလီယံ (ဒေါ်လာ ၆၃. သန်း) သဘောတူညီမှုတစ်ခု လက်မှတ်ရေးထိုးခဲ့သည်။ ၎င်းသဘောတူညီမှုက အင်ဒိုနီးရှား၏ ရေကြောင်းလုံခြုံရေး စွမ်းဆောင်ရည် တိုးတက်ရေးစီမံကိန်းအတွက် ငွေကြေးထောက်ပံ့ရန်နှင့် နှင့် ဂျပန်မှ တည်ဆောက်ထားသည့် အကြီးစား ရေကြောင်းကင်းလှည့်ယာဉ်ပေးအပ်ရန်လည်း ပါဝင်သည်။

 

နိုဝင်ဘာလတွင် ဂျပန်က ဖိလစ်ပိုင်ရေတပ်အတွက် ကမ်းခြေစောင့် ရေဒါများ ပေးအပ်မည်ဟု ကြေငြာခဲ့ပြီး နှစ်နိုင်ငံလုံးက Reciprocal Access Agreement ကာကွယ်ရေးသဘောတူညီမှုအတွက် ဆွေးနွေးရန် သဘောတူညီခဲ့ကြသည်။ ၎င်းသဘောတူညီမှုမှာ နှစ်နိုင်ငံပိုင်နက်အတွင်း ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ရာတွင် ၎င်းတို့၏ တပ်ဖွဲ့များ ချောမွေ့စွာ ဝင်ထွက်နိုင်ရန် စီစဉ်ထားခြင်းဖြစ်သည်။

 

နိုဝင်ဘာလကုန်ပိုင်းတွင် ဂျပန်နှင့် ဗီယက်နမ်တို့သည် ထိပ်တန်းအဆင့် ကျယ်ပြန့်သော မဟာဗျူဟာမိတ်ဖက် ဖွဲ့စည်းမှုအဆင့်သို့ မြှင့်တင်ရန် သဘောတူညီခဲ့ကြသည်။ ၎င်းသဘောတူညီမှုအရ ၎င်းတို့၏ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို ချဲ့ထွင်ရန် ဖြစ်နိုင်ချေရှိသော သဘောတူညီမှုများအတွက် အသေးစိတ် အချက် အလက်များ ဆွေးနွေးသွားမည်ဖြစ်သည်။

 

သို့သော် အာဆီယံနိုင်ငံများသည် တရုတ်နှင့် ပတ်သတ်၍ ၎င်းတို့၏ ရပ်တည်ချက်များမှာ အကြားအလပ်မရှိ ရပ်တည်နေကြခြင်းမဟုတ်ပေ။ နိုင်ငံအချို့မှာ ခိုင်မာသည့် ပူးပေါင်းမှုများ ရှိနေပြီး အချို့မှာ ဘက်ရွေးရန် တွန့်ဆုတ်နေကြသည်။ ဂျပန်အရာရှိများက အခြေအနေကို သတိချပ်ထားပြီး ၎င်းတို့ကို ဘက်ရွေးစေရန် ကြိုးစားခြင်း မပြုကြပါဟု ပြောသည်။

 

တနင်္လာနေ့တွင် ကျင်းပရန် စီစဉ်ထားသည့် အာဆီယံ ဖန်လုံအိမ်ဓာတ်ငွေ့ကင်းစင်ရေး အသိုင်းအဝန်းစမံချက် ထိပ်သီးအစည်းအဝေးတွင် ဂျပန်က အာဆီယံခေါင်းဆောင်များနှင့် စွမ်းအင်ပူးပေါင်းဆောင်ရွက်ရေးကိုလည်း ရှေ့ဆက်ဆောင်ရွက်ရန် မျှော်လင့်ထားသည်။ ၎င်းအစည်းအဝေးတွင် ဩစတြေးလျဝန်ကြီးချုပ် Anthony Albanese လည်း အွန်လိုင်းမှ တက်ရောက်ဖွယ်ရှိသည်။

 

ကိုးကား - AP

ပုံစာ - ဒီဇင်ဘာလ ၁၆ ရက် ၂၀၂၃ ခုနှစ် တိုကျိုမြို့ Akasaka ဧည့်ဂေဟာမှ အာဆီယံနှင့် ဂျပန် ချစ်ကြည်ရင်းနှီးမှု နှစ် ငါးဆယ် မြောက် အခမ်းအနား ညစာစားပွဲမတိုင်မီ စုပေါင်း ဓာတ်ပုံ။ (ရှေ့ ဘယ်မှ ညာ)ကမ္ဘောဒီးယား ဝန်ကြီးချုပ် Hun Manet နှင့် ၎င်း၏ ဇနီး Pich Chanmony အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒို၊ ဂျပန်ဝန်ကြီးချုပ် Fumio Kishida နှင့် ၎င်း၏ ဇနီး Yuko လာအိုဝန်ကြီးချုပ် Sonexay Siphandone နှင့် ၎င်း၏ ဇနီး Vandara ဘရူနိုင်းစူလတန် Haji Hassan Bolkiah နှင့် မင်းသား Abdul Mateen (နောက် ဘယ်မှ ညာ) မလေးရှားဝန်ကြီးချုပ် Anwar bin Ibrahim ဇနီး Wan Azizနှင့် Anwar bin Ibrahim ဖိလစ်ပိုင် သမ္မတ ဖာဒီနန် မားကိုးစ် ဂျူနီယာနှင့် ၎င်း၏ ဇနီး Louise Araneta စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းနှင့် ၎င်း၏ ဇနီး Ho Ching ထိုင်းဝန်ကြီးချုပ် Srettha Thavisin ဗီယက်နမ်ဝန်ကြီးချုပ် Pham Minh Chinh နှင့် အရှေ့တီမော ဝန်ကြီးချုပ် Xanana Gusmao (Photo: Yoshikazu Tsuno/Pool via AP)

 

 Burma Associated Press

ဂျပန်
အာဆီယံ
လုံခြုံရေး
စစ်ရေးလေ့ကျင့်မှု

Share With
bap-logo