Politics
ဘုရင်စနစ်ကို အသရေဖျက်မှုဖြင့် ထိုင်းလွှတ်တော်ကိုယ်စားလှယ် ပြစ်ဒဏ် ၆ နှစ် ချမှတ်ခံရ
လွန်ခဲ့သော တစ်နှစ် က
ဒီဇင်ဘာ ၁၅။
ပြုပြင်ပြောင်းလဲရေးလိုလားသူ ထိုင်းလွှတ်တော်အမတ်အား ဘုရင်စနစ်ကို အသရေဖျက်မှုဖြင့် ပြစ်ဒဏ် ၆ နှစ် ချမှတ်လိုက်ခြင်းသည် နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေများအရ ကာကွယ်ထားသည့် ထိုင်းနိုင်ငံ လွတ်လပ်စွာ ပြောဆိုဖော်ထုတ်ခွင့်ကို တင်းမာစွာ သတိပေးလိုက်ခြင်းဖြစ်သည်။
ထိုင်းတရားရုံးတစ်ခုမှ မကြာသေးခင်က ရွေးကောက်ခံခဲ့ရသော ဥပဒေပြုလွှတ်တော်အမတ်တစ်ဦးအား ဘုရင် စနစ်ကို အသရေဖျက်ခဲ့သည့်အတွက် ဘုရင်စနစ်ကို ကာကွယ်ပေးထားသည့် အငြင်းပွားဖွယ် ဥပဒေအရ အပြစ် ရှိသည်ဆိုကာ ပြစ်ဒဏ်ချမှတ်ခဲ့သည်။
လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW က ၎င်းဆုံးဖြတ်ချက်ကို ရှုတ်ချခဲ့ပြီး "နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေများအရ ကာကွယ်ထားသည့် သူမ၏ လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုခွင့်ကို ချိုးဖောက်ခြင်း” ဖြစ်သည်ဟု ပြောသည်။
Rukchanok Srinork သည် မြို့တော် ဘန်ကောက်ရှိ တရားရုံးတစ်ခုသို့ ကြားနာရန် လာရောက်နေရစဉ် သူမ၏ လုပ်ဖော်ကိုင်ဘက် ဥပဒေပြုအမတ်များမှာ လွှတ်တော်ခေါ်ယူရာသို့ သွားရောက်နေကြသည်။
“ကျွန်မ ဒီနေ့ ကြားနာမှုကို ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနေ့ လွှတ်တော် အသစ် ပထမအကြိမ်ခေါ်ယူတဲ့နေ့ဖြစ်လို့ပါ။ ဒါပေမယ့် တရားရုံးက ငြင်းပယ်ခဲ့ပါတယ်။ အဲဒီတော့ ဒီကို ကြားနာ စစ်ဆေးမှုအတွက် ကျွန်မ လာခဲ့ပါတယ်။” ဟု သူမကို အားပေးရန် ရောက်ရှိနေသည့် ပါတီအကြီးအကဲဘေးတွင် ရပ်လျှက် သူမက သတင်းထောက်များကို ပြောသည်။
သူမကို X (ယခင် Twitter) ဆိုရှယ်မီဒီယာတွင် လွန်ခဲ့သည့် နှစ်နှစ်က မျှဝေခဲ့သည့် ပို့စ် နှစ်ခုအပေါ်တွင် အရေးယူ ခဲ့ခြင်း ဖြစ်သည်။ ပို့စ်တစ်ခုမှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးနှင့် ပတ်သက်၍ ဘုရင်စနစ်ကို အသရေဖျက်ခြင်း ဖြစ်ပြီး နောက်တစ်ခုမှာ ၁၈ ရာစုနှစ်က ပြင်သစ်တွေးခေါ်ပညာရှင် Denis Diderot ၏ ဘုရင်စနစ်ဆန့်ကျင်သည့် အဆိုအမိန့်ကို ပြန်လည်မျှဝေခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
Rukchanok သည် ဘုရင်စနစ်ဝေဖန်မှုဟု သိရှိကြသည့် ထိုင်းရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ်မ ၁၁၂ အရ ပို့စ်တစ်ခု အတွက် သုံးနှစ်စီ ပြစ်ဒဏ်ချမှတ်ခံရခြင်းဖြစ်သည်။ ကျယ်ပြန့်သော အွန်လိုင်းလှုပ်ရှားမှု အများအပြား ထည့်သွင်းထားသည့်အတွက် လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုခွင့်ကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် ဝေဖန်ခံရသည့် ကွန်ပျူတာပြစ်မှုဥပဒေအရလည်း သူမကို အပြစ်ရှိသည်ဟု ဆုံးဖြတ်ခဲ့သည်။
ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က တရားရုံးက သူမကို ဘတ် ၅၀၀,၀၀၀ (၁၄,၂၀၀ ဒေါ်လာ) ဖြင့် အာမခံပေးခဲ့သည်။ ၎င်းအာမခံမပေးခဲ့ပါက သူမ၏ ဥပဒေပြုလွှတ်တော်အမတ်ဖြစ်မှု ချက်ချင်းဆုံးရှုံးသွားမည်ဖြစ်သည်။
သူမက ၎င်းတွစ်များ ပို့စ်လုပ်ခြင်း မပြုခဲ့ကြောင်း ငြင်းဆိုထားပြီး သူမကို စွဲဆိုသည့်အမှုကို "အားနည်းသည်” ဟု ပြောခဲ့သည်။ စွဲဆိုသူက ပို့စ်၏ စခရင်ရှော့ပုံရိပ်များ တင်သွင်းခဲ့သည်ဟု ဆိုသော်လည်း ရဲတပ်ဖွဲ့က လင့်ခ်ချိတ်ဆက်ထားမှုများ ရှာဖွေမှု မပြုနိုင်ခဲ့ပါ။
အသက် ၂၉ နှစ် အရွယ်ရှိ Rukchanok သည် ပြုပြင်းပြောင်းလဲရေးလိုလားသည့် Move Forward ပါတီဝင်အဖြစ် ထိုင်းနိုင်ငံရေးကို တုန်လှုပ်စေခဲ့သည့် အံ့အားသင့်ဖွယ် အောင်မြင်ခဲ့သော မေလ အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ရွေးကောက်ပွဲအောင်နိုင်သော်လည်း ရှေးရိုးစွဲတို့၏ လွှမ်းမိုး ချယ်လှယ်မှုကြောင့် အာဏာရရှိခဲ့ခြင်းမရှိခဲ့ပေ။ သူမသည် ပြုပြင်ပြောင်းလဲရေးလှုပ်ရှားမှုနှင့် ပူးပေါင်း၍ ဘက်မပြောင်းခင်က ရှေးရိုးစွဲအယူအဆကို ကာကွယ်ခဲ့သူဖြစ်သည်။
“အတိုက်အခံ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ကို တရားစွဲခြင်းသည် လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုခွင့် ကို ထိတ်လန့်ဖွယ်ချိုးဖောက်မှုမျှသာမက အခြားသော ဖွင့်ချပြောဆိုနေသည့် အတိုက်အခံ ပါတီဝင်များကို တိတ်တဆိတ်နေရန် ခြောက်လှန့်သည့် သတင်းစားပေးပို့ခြင်းလည်း ဖြစ်သည်။” ဟု HRW အာရှညွှန်ကြားရေးမှူး Elaine Pearson က အီးမေးလ်ထုတ်ပြန်ချက်ဖြင့် ပြောသည်။ "ထိုင်းအာဏာပိုင်များသည် ဤအမှုကို ရုပ်သိမ်း သင့်ပြီး အခြားသော ဘုရင်စနစ်ကို ဝေဖန်မှုဥပဒေအရ စွဲဆိုထားသည့် အမှုများကိုလည်း ရပ်ဆိုင်းသင့်သည်။”
ဘုရင်စနစ်ဝေဖန်မှုဥပဒေသည် နိုင်ငံရေးအရ သဘောထားကွဲလွဲသူများကို ဖိနှိပ်ရန် အသုံးပြုလေ့ရှိသည်ဟု ဝေဖန်သူများက ပြောသည်။ ဘုရင်စနစ်၊ ဘုရင်နှင့် နီးစပ်သော မိသားစုများနှင့် ဘုရင်ခံတို့ကို ထိခိုက်ဝေဖန်လျှင် ၎င်းဥပဒေအရ ထောင်ဒဏ် ၁၅ နှစ်အထိ အပြစ်ပေးနိုင်သည်။
ဘုရင်စနစ်နှင့် ဘုရင်စနစ်ကို ကာကွယ်ပေးသော ဥပဒေများသည် မကြာသေးမီနှစ်များအတွင်း ဖိအားပေးမှုများ ကြုံတွေ့လာရသည်။ ၂၀၂၀ ခုနှစ်တွင် လူငယ်အများစုပါဝင်သည့် လူပေါင်း သောင်းချီ၍ ထိုင်းမြို့တော် အများအပြားတွင် ချီတက်ကြကာ အခြေံဥပဒေ ပြုပြင်ပြောင်းလဲရေးနှင့် ဘုရင်စနစ် အသရေဖျက်မှု ဆန့်ကျင်သည့်ဥပဒေ ဖျက်သိမ်းရေး တောင်းဆိုခဲ့ကြသည်။ အစိုးရက မကြုံစဖူး တရားစွဲမှု အများအပြားဖြင့် ပြန်လည်တုံ့ပြန်ခဲ့သည်။
ထိုင်းဥပဒေသမားများ၏ လူ့အခွင့်အရေးလှုံ့ဆော်သူအဖွဲ့က ၂၀၂၀ ခုနှစ် အစောပိုင်းမှ စတင်၍ တက်ကြွ လှုပ်ရှားသူ ကျောင်းသားအများအပြားပါဝင်သည့် လူပေါင်း ၂၀၀ ကျော် ပုဒ်မ ၁၁၂ ဖြင့် စွဲဆို အပြစ်ပေးခံခဲ့ရသည်ဟု ပြောသည်။
ကိုးကား - NBC News
ပုံစာ - ဒီဇင်ဘာ ၁၃ ရက် ၂၀၂၃ ခုနှစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ ရာဇဝတ်တရားရုံးမှ Rukchanok Srinork (Photo: Sopha Saelee / AP)
Burma Associated Press
Related Articles
- အမေရိကန်နိုင်ငံသား ဟန်ဆောင်ထားသည့် တရုတ်အကောင့်တု ၄,၈၀၀ ခန့် Meta ပိတ်သိမ်း
- ၆ နိုင်ငံ စစ်ရေးပူးတွဲလေ့ကျင့်မှု တရုတ်နိုင်ငံတွင် ပြုလုပ်မည်
- အမေရိကန်နှင့် တရုတ် စစ်ရေးဆက်သွယ်မှုများ ပြန်လည်စတင်ရန် သဘောတူ
- ကာကွယ်ရေးအကြီးအကဲများအစည်းအဝေး အင်ဒိုနီးရှားလက်ခံကျင်းပ
- မြန်မာတိုက်ပွဲများအတွင်းမှ နိုင်ငံသား ၁၆၂ ဦးကို ကယ်တင်ရန် ထိုင်း ကြိုးပမ်းနေ