bap-logo
Politics

အမေရိကန်နိုင်ငံသား ဟန်ဆောင်ထားသည့် တရုတ်အကောင့်တု ၄,၈၀၀ ခန့် Meta ပိတ်သိမ်း

Cr56lNRVSrwP63pmCSpfT-image

လွန်ခဲ့သော ၁၀ လ က

Facebook မိခင်ကုမ္ပဏီ Meta က ရွေးကောက်ပွဲနှစ်မတိုင်ခင် အမေရိကန်နိုင်ငံသားဟန်ဆောင်ထားသည့် အကောင့်များက နိုင်ငံကို အကွဲအပြားဖြစ်စေမည့် နိုင်ငံရေးအကြောင်းအရာများ ဖြန့်ချိနေသည်ဟု ကြာသပတေးနေ့က ပြောသည်။

 

တရုတ်နိုင်ငံမှ တစုံတဦးသည် Facebook နှင့် Instagram အကောင့် အတုများ ထောင်ချီ၍ ဖန်တီးခဲ့ကာ အမေရိကန် နိုင်ငံသားများဟန်ဆောင်ပြီး နောင်နှစ်တွင် ကျင်းပမည့် အမေရိကန်ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးအရ နှစ်ခြမ်းကွဲစေမည့် အကြောင်းအရာများ ဖြန့်ချိရာတွင် အသုံးပြုနေသည်ဟု Meta က ပြောသည်။

 

အကောင့်တု ၄၈၀၀ နီးပါးပါဝင်သည့် ကွန်ရက်သည် ပရိတ်သတ်စုစည်းတည်ဆောက်ရန် ကြိုးပမ်းနေမှုကို သိရှိခဲ့ပြီးနောက် ပိတ်သိမ်းခဲ့ကြောင်း Facebook နှင့် Instagram ကို ပိုင်ဆိုင်သည့် Meta က ပြောသည်။ ဓာတ်ပုံအတုများ၊ နာမည်နှင့် နေရာဒေသအတုများဖြင့် အမေရိကန်မှ နိုင်ငံရေးကိစ္စများတွင် ပါဝင်ဆွေးနွေး နေသည့် Facebook အသုံးပြုသူများဟန်ဆောင်ခဲ့ခြင်းဖြစ်သည်။

 

အခြားကွန်ရက်များတွင် ဖြန့်ချိသည့် အကြောင်းအရာအတုများအစား ၎င်းအကောင့်အတုများသည် Twitter/X မှ နိုင်ငံရေးသမားများ၊ သတင်းဌာနများနှင့် အခြားပို့စ်များကို ပြန်လည်မျှဝေခြင်းဖြစ်သည်။ အပြန်အလှန် ချိတ်ဆက်ထားသည့် အကောင့်များသည် Liberal နှင့် Conservative ရင်းမြစ်နှစ်ခုလုံးမှ အကြောင်းအရာများကို မျှဝေခြင်းဖြစ်ကာ တစ်ဘက်ဘက်ကို ထောက်ခံရန် ရည်ရွယ်ခြင်းမရှိဘဲ ပါတီထောက်ခံသူများအကြား ပိုမိုကွဲပြားစေရန်နှင့် နှစ်ခြမ်းကွဲမှုကို မီးထိုးပေးရန်သာဖြစ်သည်။

 

ဖော်ထုတ်တွေ့ရှိမှုအသစ်အရ အမေရိကန်၏ နိုင်ငံခြားပြိုင်ဘက်များက အမေရိကန်အခြေစိုက် နည်းပညာ ပလက်ဖောင်းတွင် သဘောထားကွဲလွဲမှုနှင့် မယုံကြည်မှုများ ဖြန့်ချိရန် အမြတ်ထုတ်အသုံးချခဲ့သည်ကို ပြသနေသည်။ ၎င်းအချက်က လာမည့်နှစ်တွင် ရွေးကောက်ပွဲများကျင်းပရန် ရှိသည့် အမေရိကန်၊ အိန္ဒိယ၊ မက်ဆီကို၊ ယူကရိန်း၊ ပါကစ္စတန်၊ ထိုင်ဝမ်နှင့် အခြားနိုင်ငံများအတွက် သတင်းအချက်အလက်အလွဲများကြောင့် ဖြစ်ပေါ်လာနိုင်သည့် ပြင်းထန်သည့် ခြိမ်းခြောက်မှုကို အရိပ်အမြွက်ပြသနေခြင်းဖြစ်သည်။

 

ဒီကွန်ရက်တွေက ပရိတ်သတ် ရယူတည်ဆောက်ဖို့ ခက်ခက်ခဲခဲ ကြိုးစားနေဆဲပဲ ရှိပါသေးတယ်။ ဒါပေမယ့် ဒါက သတိပေးချက်ပဲ။ လာမယ်နှစ် ရွေးကောက်ပွဲတွေ မတိုင်ခင် နိုင်ငံခြားက ခြိမ်းခြောက်လုပ်ဆောင်သူတွေက အင်တာနက်မှာ လူတွေဆီ ရောက်ရှိဖို့ ကြိုးပမ်းနေကြတယ်။ ကျွန်တော်တို့ သတိဆက်ထားဖို့ လိုပါတယ်။ဟု Meta ပလက်ဖောင်းများတွင် စစ်မှန်မှုမရှိသည့် အပြုအမူများကို ဦးဆောင်စစ်ဆေးခဲ့သည့် Ben Nimmo က ပြောသည်။

 

Meta Platforms Inc က တရုတ်ကွန်ရက်များကို တရုတ်အစိုးရနှင့် ချိတ်ဆက်မှုရှိကြောင်း အများပြည်သူသို့ မပြသခဲ့သော်လည်း ၎င်းကွန်ရက်များသည် တရုတ်နိုင်ငံတွင် မူလအရင်းခံသည်ဟု သတ်မှတ်ဆုံးဖြတ်ခဲ့သည်။ ၎င်းအကောင့်များမှ ဖြန့်ချိမှုများတွင် တရုတ်အစိုးရ ဝါဒဖြန့်ချိမှုများကို ကျယ်ပြန့်စွာ ဖြည့်ဆည်းထောက်ခံ ပေးခဲ့ပြီး ပါတီထောက်ခံသူများကို မီးမွှေးပေးရန်နှင့် အမေရိကန်နိုင်ငံအတွင်း အယူဝါဒကွဲပြားမှုများ ဖြစ်ပေါ် စေရန် အချက်အလက်အလွဲများ ဖြန့်ချိခဲ့ကြသည်။

 

ပုံမှန် Facebook အကောင့်များကဲ့သို့ ထင်မြင်ရစေရန် ၎င်းကွန်ရက်များတွင် ဖက်ရှင်နှင့် အိမ်မွေး တိရစ္ဆာန်များ အကြောင်းသာ ရံဖန်ရံခါ ပို့စ်တင်ကြသည်။ ယခုနှစ်အစောပိုင်းတွင် အချို့အကောင့်များသည် ရုတ်တရက် အမေရိကန်ပုံစံပေါက်သည့် အသုံးပြုသူအမည်များနှင့် ပရိုဖိုင်ပုံများ ပြောင်းလဲခဲ့ကြပြီး အိန္ဒိယတွင် နေထိုင်သည်ဟု ယူဆရစေသည်။ ၎င်းအကောင့်များသည် တိဗက်နှင့် အိန္ဒိယအရေးကိစ္စများနှင့် ပတ်သတ်သည့် တရုတ်ထောက်ခံရေးအချက်အလက်များ ဖြန့်ဝေခဲ့ကြပြီး ကွန်ရက်အတုများက ပစ်မှတ်အသစ်ကို အာရုံစိုက်မှု ပြောင်းလဲနိုင်ကြောင်း ပြသခြင်းဖြစ်သည်။

 

အီရန်၊ တရုတ်နှင့် ရုရှားအပါအဝင် နိုင်ငံခြားပြိုင်ဘက်များက လူမှုမီဒီယာအသုံးပြု၍ ရွေးကောက်ပွဲများကို ဝင်ရောက်စွက်ဖက်နိုင်မှုနှင့် ပတ်သတ်သည့် အစီရင်ခံစာတစ်စောင်ကို Meta က ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ခဲ့သေးသည်။ ရုရှား၏ လတ်တလော သတင်းအချက်အလက်အလွဲများ ဖြန့်ချိမှုမှာ အမေရိကန်နိုင်ငံအပေါ်တွင် အာရုံစိုက်မထားသော်လည်း ၎င်းနိုင်ငံ၏ ယူကရိန်းစစ်ပွဲအရေးနှင့် ပတ်သတ်၍ နိုင်ငံပိုင်မီဒီယာများ၏ ဝါဒဖြန့်ချိမှုများ၊ သတင်းအချက်အလက်အလွဲများကို အသုံးပြုကာ ကျူးကျော်ခံရသည့် နိုင်ငံကို ထောက်ခံမှု လျော့ကျအောင် အားထုတ်ကြိုးပမ်းခြင်းဖြစ်သည်။

 

ယူကရိန်းဆန့်ကျင်ရေး အယူအဆများဘက်သို့ လှည့်ခြင်းသည် လာမည့်နှစ် ရွေးကောက်ပွဲတွင် အမေရိကန် နိုင်ငံရေးစကားရည်လုပွဲအတွင်းသို့ သတင်းအချက်အလက်အလွဲများ ထည့်သွင်းရန် ရုရှား၏ ကြိုးပမ်းမှု ဖြစ်နိုင်သည်ဟု Meta စုံစမ်းစစ်ဆေးရေးမှူး Nimmo က ပြောသည်။

 

ဒါက လာမယ့် ၂၀၂၄ အတွက် အရေးကြီးပါတယ်။ စစ်ပွဲဆက်ဖြစ်နေတဲ့အချိန်မှာ ယူကရိန်းထောက်ခံမှုကို အာရုံထားတဲ့ ရွေးကောက်ပွဲနဲ့ ဆက်စပ်တဲ့ စကားရည်လုပွဲတွေ၊ ရွေးကောက်ခံပုဂ္ဂိုလ်တွေကို ရုရှားက ပစ်မှတ် ထားမယ်လို့ အထူးသဖြင့် မျှော်လင့်ထားသင့်ပါတယ်။

 

Meta က ရွေးကောက်ပွဲ တည်တံ့ခိုင်မာမှုနှင့် ဒီမိုကရေစီကို ကာကွယ်ရန် လူမှုမီဒီယာကွန်ရက်အတုများကို ပိတ်သိမ်းရန် ၎င်းတို့၏ အားထုတ်မှုကို မကြာခဏ ထောက်ပြလေ့ရှိသည်။ သို့သော် ဝေဖန်သူများက ၎င်းတို့၏ ပလက်ဖောင်းသည် ကွဲပြားခြားနားမှုများနှင့် မယုံကြည်ရမှုများ ဖြစ်ပေါ်စေသည့် ၎င်းတို့၏ ဝက်ဘ်ဆိုက်ပေါ်တွင် ရှိနှင့်ပြီးဖြစ်သော သတင်းအချက်အလက်အလွဲများကို ဖြေရှင်းရန် မအောင်မြင်ခြင်းမှ အာရုံပြောင်းရန် အကောင့်တုများအပေါ် အာရုံစိုက်နေခြင်းသာ ဖြစ်သည်ဟု ပြောကြသည်။

 

ဥပမာအားဖြင့် Meta သည် ဒေါ်နယ်ထရန့်၏ အလိမ်အညာများနှင့် အခြားရီပတ်ဘလီကန်တို့၏ ရွေးကောက်ပွဲ မူမမှန်မှုကို ထပ်ဖန်တလဲလဲ ဖွင့်ဟဖော်ထုတ်ခြင်းများကို အသံမြှင့်ပေးသည့် ၂၀၂၀ အမေရိကန် ရွေးကောက်ပွဲသည် လုပ်ကြံဖန်တီးထားခြင်းဖြစ်ကြောင်း အခပေးကြော်ငြာများကို လက်ခံမည်ဖြစ်သည်။ ပြည်ထောင်စုနှင့် ပြည်နယ်ရွေးကောက်ပွဲတာဝန်ရှိသူများ၊ ယခင်အမေရိကန်သမ္မတ ရှေ့နေချုပ်ဟောင်းတို့က ဘိုင်ဒန်ကို ထရန့် ရှုံးနိမ့်ခဲ့သည့် သမ္မတရွေးကောက်ပွဲတွင် အမှားအယွင်းရှိကြောင်း ယုံကြည်ရလောက်သည့် အထောက်အထားမရှိဟု ပြောခဲ့သည်။

 

ကြော်ငြာမူဝါဒနှင့် ပတ်သတ်၍ မေးမြန်းသောအခါ Meta က ပြီးခဲ့သည့် ရွေးကောက်ပွဲများကို အာရုံမစိုက်ဘဲ အနာဂတ်ရွေးကောက်ပွဲများကို အာရုံစိုက်သွားမည်ဖြစ်ကြောင်း၊ လာမည့်ပြိုင်ဆိုင်ရွေးချယ်မှုများတွင် သံသယ ဖြစ်ဖွယ် အခြေအမြစ်မရှိသည့် ကြော်ငြာများကို ငြင်းပယ်သွားမည်ဟု ပြောသည်။

 

အရေးတယူမရှိတဲ့အတွက် မယုံကြည်ရတဲ့ ကုမ္ပဏီတစ်ခုပဲ” ဟု အရပ်ဘက် အခွင့်အရေးခေါင်းဆောင်များ၏ အဖွဲ့အစည်းတစ်ခုဖြစ်သော Real Facebook Oversight Board မှ မူဝါဒအကြံပေး နှင့် နည်းပညာကျွမ်းကျင်သူ Zamaan Qureshi က ပြောသည်။ ၎င်းသည် Meta သတင်းအချက်အလက်အလွဲများနှင့် အမုန်းစကားများအပေါ် ချဉ်းကပ်မှုကို ဝေဖန်မှုများ ပြုလုပ်ခဲ့သူဖြစ်သည်။ "Meta ဘာလုပ်သလဲဆိုတာပဲ ကြည့်ဗျ။ သူဘာပြောလဲဆိုတာ မကြည့်နဲ့။”

 

Meta မှ ယခုအပတ်အတွင်း ဖော်ထုတ်ခဲ့သည့် အကောင့်တု အများအပြားသည် X တွင် တစ်ပုံစံတည်း ကျန်ရှိနေဆဲဖြစ်ကာ Elon Musk ပို့စ်များကို ပုံမှန် ပြန်လည် မျှဝေလေ့ရှိကြသည်။ X မှ မှတ်ချက်ပေးရန် တောင်းဆိုခဲ့သော်လည်း တုန့်ပြန်မှု မရှိခဲ့ပါ။

 

ကိုးကား - The Guardian

(Photo: Yui Mok/PA )

 

 Burma Associated Press

တရုတ်
Meta
အမေရိကန်

Share With
bap-logo