bap-logo
Article

ပိတ်ဆို့အရေးယူမှုများ ချမှတ်ထားသော်လည်း မြန်မာမှ EU သို့ တင်သွင်းမှုများ မြင့်မားနေဆဲ

zBdgJXHOLmjxVhQq9Dl0R-image

လွန်ခဲ့သော တစ်နှစ် က

ဇူလိုင် ၂၇။

ဥရောပသမဂ္ဂသို့ တင်ပို့မှုများသည် သာမန်လူထုအတွက် စားဝတ်နေရေးထောက်ပံ့မှုအတွက် လိုအပ်သည်ဟု အချို့က ပြောကြသည်။ အခြားသူများကမူ ၎င်းတင်ပို့မှုများသည် စစ်အာဏာရှင်တို့၏ ပြောစကားဖြစ်သည့် စီးပွားရေး ပုံမှန်လည်ပတ်နေသည်ဟူသော အချက်ကို အတည်ပြုရာရောက်သည်ဟု ငြင်းခုံကြသည်။

 

ဥရောပသမဂ္ဂသည် ပြီးခဲ့သည့်အပတ်တွင် အာဏာသိမ်းထားသည့် စစ်အာဏာရှင်တို့နှင့်ဆက်စပ်နေသည့် လူပုဂ္ဂိုလ် တစ်ဦးချင်းနှင့် အစုအဖွဲ့တို့ကို ၇ နှစ်ခုမြောက် ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့သည်။

 

ကုမ္ပဏီအများအပြားမှာ စစ်အာဏာရှင်တို့နှင့် ချိတ်ဆက်နေသည့်အတွက် နောက်ဆုံးချမှတ်ခဲ့သည့် ပိတ်ဆို့အရေးယူမှု များသည် စကစ၏ ဝန်ကြီးများအားလုံးနီးပါးကို သက်ရောက်မှု ရှိခဲ့သည်။

 

အရပ်သားများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေသည့် စစ်အာဏာရှင်တို့ကို တရားဝင်မှုပေးရာ ရောက်သည့် မည်သည့်နည်းလမ်းဖြင့် ထိတွေ့ဆက်ဆံမှုမျိုးကိုမဆို ဖြတ်တောက်ရန် ရည်ရွယ်သည်ဟု ဥရောပသမဂ္ဂက ပြောကြားသည်။

 

အမျိုးသားညီညွတ်ရေးအစိုးနှင့် ပူးပေါင်းပါဝင်နေသော စစ်အာဏာရှင်ဆန့်ကျင်သည့် အဖွဲ့များသည် ဒီမိုကရေစီ ဖက်ဒရယ် နိုင်ငံတစ်ခု ဖြစ်ပေါ်လာရေး နိုင်ငံတဝှမ်းတွင် တော်လှန်ရေးပြုလုပ်နေကြသည်။ သို့ရာတွင် ၂၀၂၁ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ၈၀ % ပိုမိုလာသော ဥရောပသမဂ္ဂ၏ မြန်မာနှင့် ကုန်သွယ်ရေးတိုးမြှင့်လာမှုကို မေးခွန်းထုတ်မှုများ များပြားလာသည်။

 

၂၀၂၁ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ၈၀ % ပိုမိုလာသော ဥရောပသမဂ္ဂ၏ မြန်မာနှင့် ကုန်သွယ်ရေးတိုးမြှင့်လာမှုကို မေးခွန်းထုတ်မှုများ များပြားလာသည်။

 

 

ရွေးကောက်ခံအစိုးရကို ဖယ်ရှား၍ အာဏာသိမ်းမှု နှစ်နှစ်ကျော်လာသောအခါတွင် မြန်မာနိုင်ငံ၌ စစ်မှန်သော ပြောင်းလဲမှု အကျိုးသက်ရောက်ရန် အချိန်နည်းပါးလာပြီဟု နိုင်ငံတကာ ကျွမ်းကျင်သူများက ပြောကြားသည်။ ယူကရိန်းတွင် ဆက်လက်ဖြစ်ပွားနေသော စစ်ပွဲကြောင့် မြန်မာနိုင်ငံမှ နိုင်ငံရေးအခြေအနေကို လျစ်လျူရှု ခံနေရသည်ဟု လေ့လာသူ အချို့က ပြောကြားသည်။

 

ဖေဖော်ဝါရီလ ၂၀၂၁ ခုနှစ်နောက်ပိုင်း အရပ်သား အနည်းဆုံး ၆,၀၀၀ သေဆုံးခဲ့သည်ဟု အော်စလို ငြိမ်းချမ်းရေး သုတေသနအဖွဲ့အစည်း၏ အစီရင်ခံစာအရ သိရသည်။

 

ကုန်သွယ်မှုနှင့် ပိတ်ဆို့အရေးယူမှု

 

ဥရောပသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုများကို ချီးမွမ်းနေစဉ်မှာပင် Justic For Myanmar ၏ ပြီးခဲ့သည့်အပတ်က ထုတ်ပြန်ချက်တွင် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများသည် အလွန်နှေးကွေးပြီး ပူးပေါင်းညှိနှိုင်းမှု အားနည်းသည်ဟု ထောက်ပြဝေဖန်ခဲ့သည်။

 

၎င်းအစိုးရများနှင့် ၎င်းတို့၏ မဟာမိတ်များသည် စစ်အာဏာရှင်တို့၏ ရံပုံငွေ၊ လက်နက်၊ ကိရိယာနှင့် နည်းပညာများ ရယူနိုင်မှုကို ဖြတ်တောက်ရန် များစွာလုပ်ဆောင်ရဦးမည်။ဟု Justice For Myanmar က ဆိုသည်။

 

ပိတ်ဆို့အရေးယူမှု၏ ငွေကြေးကဏ္ဍဖြတ်တောက်မှုကို ဥရောပကောင်စီက ဖော်ပြရာတွင် ၎င်းကန့်သတ်မှုများသည် စစ်အာဏာရှင်ကို တရားဝင်ရာရောက်စေသည့် ဥရောပသမဂ္ဂ၏ အထောက်အပံ့များအားလုံးကို ရပ်တန့်တားဆီးမှုထပ်မံဆောင်ရွက်ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

 

လေ့လာသူအချို့က ဥရောပသမဂ္ဂနှင့် မြန်မာတို့ ကုန်သွယ်မှုမြှင့်တင်ခြင်းသည် သာမန်သာဖြစ်သည်ဟု ဆိုသည်။ ဥရောပသမဂ္ဂ၏ Everything But Arms (မြန်မာအပါအဝင် ဖွံ့ဖြိုးမှုနိမ့်ကျသည့် နိုင်ငံများမှ ဥရောပသမဂ္ဂသို့ တင်သွင်းမှုမှန်သမျှ လက်နက်နှင့် ကျည်မှလွဲ၍ ကျန်အရာအားလုံး အကောက်ခွန်နှင့် ခွဲတမ်းကင်းလွတ်ခွင့်) အစီအစဉ် ကြောင့် အာဏာသိမ်းထားသော်လည်း မြန်မာသည် ကုန်သွယ်ရေးအကျိုးခံစားခွင့်များ ဆုံးရှုံးခြင်း မရှိပေ။

 

ဥရောပသမဂ္ဂ၏ Everything But Arms အစီအစဉ်ကြောင့် အာဏာသိမ်းထားသော်လည်း မြန်မာသည် ကုန်သွယ်ရေး အကျိုးခံစား ခွင့်များ ဆုံးရှုံးခြင်း မရှိပေ။

 

 

၂၀၂၂ ခုနှစ်တွင် ဥရောပသမဂ္ဂသည် မြန်မာမှ ယူရိုငွေကြေး ၄.၃ ဘီလီယံ(ဒေါ်လာ ၄.၇၅ ဘီလီယံ)တန်ဖိုးရှိ ကုန်စည်များ တင်သွင်းခဲ့သည့်အတွက် ယင်းမတိုင်မီ ယခင်နှစ်က ယူရိုငွေကြေး ၂.၆ ဘီလီယံတင်သွင်းမှုထက် ၈၀ % နီးပါး တိုးမြင့်လာသည်ဟု ဥရောပကော်မရှင်၏ အချက်အလက်များအရ သိရသည်။

 

အမေရိကန်နိုင်ငံ၏ အချက်အလက်များအရ အမေရိကန်နှင့် မြန်မာကုန်သွယ်မှုမှာ ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်တွင် ၄ % သာ တိုးတက်လာသည်ဟု နှိုင်းယှဉ်နိုင်သည်။

 

၂၀၂၂ ခုနှစ်တွင် ဥရောပသမဂ္ဂမှ မြန်မာသို့ တင်ပို့မှုမှာလည်း ယူရိုငွေကြေး သန်း ၃၀၀ မှ သန်း ၃၆၈ သို့ တိုးမြင့်လာသည်။

 

မြန်မာနိုင်ငံတွင် လုပ်ငန်းဆက်လက်လုပ်ကိုင်နေသော EU ကုမ္ပဏီအချို့ကိုလည်း စစ်အာဏာရှင်တို့အတွက် အခွန်ဆောင်၍ ငွေကြေးထောက်ပံ့နေသည့်အတွက် ဝေဖန်ခံနေရသည်။

 

အယ်လ်ကိုဟောကုမ္ပဏီများဖြစ်သည့် နယ်သာလန်အခြေစိုက် Heineken နှင့် ဒိန်းမတ်ပိုင် Carlsberg တို့သည် မြန်မာစစ်အာဏာရှင်တို့အတွက် အခွန် ဒေါ်လာ သန်းဆယ်ချီ၍ ပေးအပ်ခဲ့ကြောင်း ဧပြီလတွင် Justice For Myanmar က အစီရင်ခံတင်ပြခဲ့သည်။

 

၎င်းအစီရင်ခံမှုအပြီး နောက်တစ်လတွင် မြန်မာ၏ ကုန်သွယ်မှုရေးအကျိုးခံစားခွင့်များ ရုပ်သိမ်းရန် EU ကို တောင်းဆိုခဲ့ဖူးသည့် IndustriALL Global Union ဟူသည့် ဆွစ်ဇာလန်အခြေစိုက် ဖက်ဒရေးရှင်းက ဥရောပပါလီမန်ကို စီးပွားရေးကန့်သတ်ချက်များ ပိုမိုလုပ်ဆောင်ရန် အိတ်ဖွင့်ပေးစာ ရေးသားပေးပို့ခဲ့သည်။

 

ဥရောပကုမ္ပဏီတွေရဲ့ စီးပွားရေးလုပ်ဆောင်ချက်တွေအားလုံးဟာ မြန်မာနိုင်ငံအတွက် နိုင်ငံခြားငွေတွေ သယ်ဆောင်ပေး နေပါတယ်။ ဥရောပစားသုံးသူတွေဟာ မြန်မာနိုင်ငံက ကုန်စည်တွေ ဝယ်ယူခြင်းအားဖြင့် စစ်အာဏာရှင်ကို မရည်ရွယ်ဘဲ ငွေကြေးထောက်ပံ့နေကြပါတယ်ဟု ၎င်းအဖွဲ့အစည်းမှ ဝေဖန်ထောက်ပြသည်။

 

အချို့လေ့လာဆန်းစစ်သူတို့က ဥရောပသမဂ္ဂနှင့် ကုန်သွယ်မှုတိုးမြှင့်ခြင်းသည် စစ်အာဏာရှင်တို့အတွက် အကျိုးအမြတ် ရရှိစေသည့်အပြင် ၎င်းတို့၏ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ ပုံမှန်အတိုင်း လည်ပတ်နေသည်ဟူသည့် ပြောဆိုချက် ကို မထင်မှတ်ဘဲ အထောက်အကူပြုနေသည်ဟု ထောက်ပြဝေဖန်သည်။

 

မြေပြင်က ဆန္ဒပြနေသူတွေကို EU က ဂရုမစိုက်ဘဲ ဘယ်လို အချက်ပြမှုတွေ ပေးနေတာလဲ။ဟု Bratislava အခြေစိုက် ပညာရှင် Kristina Kironska က DW ကို ပြောသည်။

 

၂၀၂၁ ခုနှစ်တွင် မြန်မာမှ တင်ပို့မှုအားလုံး၏ ၇ % ကိုသာ ဥရောပသမဂ္ဂက စာရင်းသွင်းခဲ့သော်လည်း စစ်အာဏာရှင်တို့က ၎င်း ကုန်စည်စီးဆင်းမှုများကို ၎င်းတို့၏ အာဏာထိန်းချုပ်မှု ပုံမှန်ဖြစ်နေကြောင်း ရည်ရွယ် ဝါဒဖြန့်ခြင်းအတွက် အသုံးချနေသည်ဟု Kironska က ပြောသည်။

 

ကာကွယ်ရန် တာဝန်ခံမှု

 

အမျိုးသားညီညွတ်ရေးအစိုးရရုံးဖွင့်ရန် ပထမဆုံး လက်ခံခဲ့သည့် ဥရောပနိုင်ငံဖြစ်သော ချက်နိုင်ငံဆိုင်ရာ အမျိုးသား ညီညွတ်ရေးအစိုးရ ကိုယ်စားလှယ် ဦးလင်းသန့်က “EU ရဲ့ ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုတွေကို ကြိုဆိုပါတယ်။ ဒါပေမယ့် ဒီထက် ပိုမိုလုပ်ဆောင်ဖို့ အများကြီး လိုအပ်ပါတယ်။ဟု DW ကို ပြောသည်။

 

NUG ၏ ရည်ရွယ်ချက်တစ်ခုမှာ စစ်အာဏာရှင်တို့ကို အကျိုးခံစားရစေပြီး တိုင်းပြည်ဖျက်ဆီးရာတွင် အသုံးပြုနေသည့်ပြည်တွင်းပြည်ပ အကျိုးအမြတ်နှင့် အခွန်များ စီးဆင်းမှု ဖြတ်တောက်ရန် ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

 

သဘာဝအရင်းအမြစ်တွေကို တာဝန်ယူမှုမရှိဘဲ အလွန်အကျွံထုတ်ယူနေတာတွေကို တားမြစ်ဖို့အတွက် တာဝန်ခံမှု၊ တာဝန်ယူမှုရှိတဲ့ ရင်းနှီးမြှပ်နှံမှု လုပ်ငန်းများ ပေါ်ထွက်လာဖို့ တိုက်တွန်းအားပေးရန် ရည်ရွယ်ပါတယ်။ဟုလည်း ၎င်းက ပြောသည်။

 

သဘာဝအရင်းအမြစ်တွေကို တာဝန်ယူမှုမရှိဘဲ အလွန်အကျွံထုတ်ယူ နေတာတွေကို တားမြစ်ဖို့အတွက် တာဝန်ခံမှု၊ တာဝန်ယူမှုရှိတဲ့ ရင်းနှီးမြှပ်နှံမှု လုပ်ငန်းများ ပေါ်ထွက်လာဖို့ တိုက်တွန်းအားပေးရန် ရည်ရွယ်ပါတယ်

 

 

သို့သော် ဥရောပသမဂ္ဂ၏ ကာကွယ်ရန် တာဝန်ရှိမှုကို မည်သို့ သတ်မှတ်ဖွင့်ဆိုပုံပေါ်မူတည်၍ ကုန်သွယ်မှုအရေး အလွှဲအပြောင်းဖြစ်စေသည်။

 

စကစနဲ့ စစ်တပ်ပိုင်ကော်ပိုရေးရှင်းတွေရဲ့ ငွေကြေးတွေကို ထိန်းသိမ်းတားဆီးထားဖို့ သဘောတူပေမယ့် လူတွေ အထူး သဖြင့် အထည်ချုပ်ကဏ္ဍမှာ အများအားဖြင့် လုပ်ကိုင်နေကြတဲ့ အမျိုးသမီးတွေ အလုပ်အကိုင် တည်မြဲနေစေဖို့ကလည်း အရေးကြီးပါတယ်။ဟု ဝါရှင်တန် အမျိုးသား စစ်ကောလိပ်မှ ပါမောက္ခ Zachery Abuza က ပြောကြားသည်။

 

လူဦးရေ ၇၀၀,၀၀၀ ခန့်သည် အဝတ်အထည် ပြည်ပပို့ကုန်လုပ်ငန်းအပေါ် တည်မှီအားထားနေရကြောင်း ဥရောပသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ သံတမန် Ranieri Sabatucci က DW ကို ပြောကြားသည်။ ၎င်းတို့အနက် ဥရောပသမဂ္ဂ ဝယ်သူများအပေါ်တွင် အလုပ်အကိုင် ၃၇၀,၀၀၀ မှီခိုနေရသည်။

 

အလုပ်သမားများ၏ သုံးပုံနှစ်ပုံကျော်မှာ အမျိုးသမီးများနှင့် ရွှေ့ပြောင်းအခြေချသူများ ဖြစ်ကြသည်။

 

ဒါက ကျေးလက်က လူဦးရေသိန်းဂဏန်းအရေအတွက်ပါ။ မိသားစုတွေနဲ့ ကလေးငယ် ငါးသိန်းလောက်က သူတို့ရဲ့ ဝင်ငွေတွေအပေါ် မှီခိုနေရပါတယ်။ဟု Sabatucci က ပြောကြားသည်။

 

“သူတို့ရဲ့ အသက်မွေးဝမ်းကြောင်း ပျောက်သွားရင် ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေကို စဉ်းစားကြည့်ပါ။ EU ရဲ့ အားထုတ်မှုက သူတို့ရဲ့ အလုပ်အကိုင်တွေ ဆက်လက်ရရှိနေဖို့နဲ့ ကာကွယ်ပေးဖို့ပါ။ဟုလည်း ပြောသည်။

 

အခွန်ကောက်ခံခြင်း၏ အရေးကိစ္စမှာလည်း ခေါင်းစီးကိန်းဂဏန်းများထက် ပိုမိုရှုပ်ထွေးသည်ဟု Sabatucci က ပြောသည်။

 

မြန်မာတွင် ကုန်ပစ္စည်းအတော်များများအတွက် ပို့ကုန်ခွန်ကောက်ခံမှု မရှိပါ။ EU ဈေးကွက်သို့ တင်ပို့သော ကုန်စည်များ အတွက် လုပ်ငန်းများမှ ပြည်တွင်းပေးဆောင်ရသည့်အခွန်မှာ အနည်းငယ်သာဖြစ်သည်။ မန်နေဂျာများမှအပ အလုပ်သမား အားလုံးမှာ ဝင်ငွေခွန်ပေးဆောင်ရမည့် စာရင်းတွင် မပါဝင်ကြောင်း Sabatucci က ပြောကြားသည်။

 

EU မှ ကျယ်ပြန့်စွာ ပိတ်ဆို့အရေးယူထားပြီးဖြစ်သည့် စွမ်းအင်ကဏ္ဍမှ ရရှိသည့် အကျိုးအမြတ်မှာ အဝတ်အထည် ထုတ်ကုန်ကဏ္ဍမှ ရရှိသည်ထက် စစ်အာဏာရှင်က အများအပြား ပိုမိုရရှိသည်။

 

အခွန်အခအားလုံး စစ်တပ်ခေါင်ဆောင်များ သို့မဟုတ် အရပ်သားများအပေါ် ရက်စက်ကြမ်းကြုပ်မှုများထံ တိုက်ရိုက် ရောက်ရှိသည်မဟုတ်ဟု လေ့လာဆန်းစစ်သူအချို့က ပြောကြားသည်။

 

အချိန်မရှိတော့ပါ။

 

ဥရောပသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းသည် မြန်မာနိုင်ငံတွင် စစ်မှန်သည့် အပြောင်းအလဲ အကျိုး သက်ရောက်ရန် ပိုမိုလုပ်ဆောင်ရန်လိုအပ်နေသည်ဟူသော ယူဆမှုများ တိုးပွားလာနေသည်။

 

စစ်အာဏာရှင်ကို တိုက်ခိုက်နေသော လူထုကို ထောက်ပံ့အားပေးရန်အတွက် နိုင်ငံတကာအသိုင်းအဝိုင်းသည် သိသာထင်ရှားသည့် ပါဝင်လုပ်ဆောင်မှုပြုလုပ်ရမည်ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews က ဗြိတိသျှမီဒီယာတစ်ခုကို ပြောကြားသည်။

 

ဟုတ်ပါတယ်။ စိုးရိမ်ပူပန်ကြောင်း ဖော်ပြချက်တွေ အများကြီးပါပဲ။ ဒါပေမယ့် လူတွေက ဒီလိုဖော်ပြချက်တွေကြောင့် အသက်ရှင်သန်နေနိုင်တာ မဟုတ်ပါဘူး။ သူတို့ အကူအညီနဲ့ အထောက်အပံ့‌တွေ လိုအပ်ပါတယ်။ဟု Andrews က ပြောသည်။

 

ကိုးကား -   DW

 

ပုံစာ - အထည်ချုပ်စက်ရုံ ဝန်ထမ်းများ။

 

Photo: Bildagentur-online/Blend Images/picture alliance

 

 Burma Associated Press

 

ဥရောပသမဂ္ဂ
ဒဏ်ခတ်ပိတ်ဆို့မှု
စစ်ကောင်စီ

Share With
bap-logo