Article
ကရင်နီကို ဖြတ်လျှောက်ခြင်း
လွန်ခဲ့သော ၂ နှစ် က
BAP၊ ဇူလိုင် ၁၇။
ယနေ့အချိန်မှာ ကရင်နီလို့ ပြောလိုက်တာနဲ့ မက်ခါသီးမှုန့်နဲ့တို့စားရတဲ့ ဝက်အူချောင်းကိုဖြစ်ဖြစ်၊ ပြောင်းကောက် နဲ့ ချက်ထားတဲ့ နီညိုညို ခေါင်ရည်ကိုဖြစ်ဖြစ် ချက်ခြင်းသတိရကြဦးမှာမဟုတ်ပါဘူး။
ကရင်နီလို့ဆိုလိုက်တာနဲ့ ရဲရင့်တဲ့ တော်လှန်ရေးတပ်သားတွေ တိုက်ပွဲဝင်နေရာအရပ်လို့ အရင်ဆုံး ပြေးမြင်မိ ကြမှာပါ။
အဲဒီဒေသကို BAP က ပြီးခဲ့တဲ့လက သွားရောက်ခဲ့ပါတယ်။
ကရင်နီကိုခြေမချခင်ကထဲက မြင်နေရတဲ့ လက်ဝါးကပ်တိုင်အမှတ်အသားပါ အဆောက်အအုံတွေက ဒီဒေသရဲ့ ကိုးကွယ်ယုံကြည်မှုကို ဖော်ပြလို့နေပါတယ်။
မိုးဦးကျဖြစ််တာကြောင့် တောင်ယာလုပ်သူတွေ အလုပ်များတဲ့ ကာလတစ်ခုပါပဲ။
နီစွေးစွေးမြေမှာ စိုက်ပျိုးဖို့အတွက် ထွန်ယက်နေသူအချို့ကတော့ လက်နက်ကိုင်ထားတဲ့ တပ်ဖွဲ့တွေ ကျေးရွာ ထဲဝင်လာတာမြင်ရင် စိုးရိမ်မှုရှိတဲ့ မျက်လုံးတွေနဲ့ ငေးကြည့်ကြ ပါတယ်။
အာဏာမသိမ်းမီကဆို ကရင်နီဟာ သူတို့ဒေသမှာ ကြီးမားတဲ့ စစ်ပွဲနဲ့ မကြုံရတာ ဆယ်စုနှစ်နှစ်ခုစာ ကြာခဲ့ပြီလို့ ဆိုနိုင်ပါတယ်။
BAP က ဖြတ်သန်းသွားခဲ့တဲ့ ဘောလခဲ၊ ဖားဆောင်း ဘက်က ကျေးရွာ ငါးခုထက်မနည်းမှာတော့ ဒေသခံတွေ မရှိတော့ဘဲ ပြင်းထန်တဲ့ စစ်ပွဲတစ်ခုရဲ့ ဒဏ်ရာလို့ခေါ်ရမဲ့ ကျည်ဆံ၊ ဗုံးသီး ထိမှန်ထားတဲ့ နေအိမ် တွေကို ခပ်စိပ်စိပ်တွေ့လာရပါတယ်။ တုံးလုံးလဲပြီး မီးလောင်ထားတဲ့ စစ်ကောင်စီရဲ့ ထရပ်ကားအကြွင်းအကျန်တွေက မြင်ရသူတွေကို စိတ်ဓာတ်တက်ကြွစေတာအမှန်ပါပဲ။
“ကရင်နီကတော့ တကယ်အားရတယ်” လို့ ကားပေါ်ပါလာသူတွေက ရေရွတ်ပါတယ်။
ကျေးရွာရဲ့ အချို့နေရာမှာတော့ လက်နက်ကိုင်ထားတဲ့ တော်လှန်ရေးရဲဘော်တွေကို တွေ့ရပါတယ်။
“ညနေ ၆ နာရီ” နောက်ပိုင်းသွားလာခွင့်ကို ကန့်သတ်ထားတဲ့ အသိပေးချက်တွေကိုတော့ ရဲဘော်တွေရှိ ဂိတ်တိုင်းလိုလိုမှာ မှာတွေ့ရပါတယ်။
ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့-KNDF ဂိတ်တွေဟာ အများပြည်သူသွားလာနေတဲ့ လမ်းပေါ်မှာ ရှိနေပြီး ယာဉ်အားလုံးလိုလိုက စစ်ဆေးခံဖို့ ရပ်တန့်ကြရပါတယ်။ ဂိတ်မှာရှိတဲ့ ရဲဘော်တွေထံမှာတော့ ငယ်ရွယ်တက်ကြွတဲ့ ပုံစံကို မြင်တွေ့ရပါတယ်။
လက်ရှိတော်လှန်ရေးကာလ ကရင်နီနဲ့တွဲပြီး KNDF ကို လူသိများပေမယ့် အခြားသော တော်လှန်ရေး အဖွဲ့တွေလည်း များစွာရှိပါတယ်။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ရဲ့ ကရင်နီတပ်မတော် KA၊ ၁၉၉၄ အပစ်ရပ်အဖွဲ့တွေဖြစ်တဲ့ ကယန်းပြည်သစ်ပါတီ၊ ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး-ကလလတ တို့လို အဖွဲ့တွေအပြင် ကယောနီ ခေါ် ကရင်နီအမျိုးသား ဒီမိုကရေစီပါတီ (KNPDP)၊ ကြယ်ဖြူ ခေါ် ကရင်နီအမျိုးသား စည်းလုံး ညီညွတ်ရေးအဖွဲ့ (KNSO)၊ ကယန်းအမျိုးသား ကာကွယ်ရေးတပ် (KNG) တို့လို အဖွဲ့တွေလည်း ရှိနေပါတယ်။
အဲဒီအဖွဲ့တွေထဲမှာ စစ်ကောင်စီကို ပေါ်ပေါ်ထင်ထင်တော်လှန်နေသူတွေက KA ဖြစ်ပြီး ကယန်းပြည်သစ်လို အဖွဲ့တွေကတော့ ပေါ်ပေါ်တင်တင် ကူညီတာမျိုးမရှိပေမဲ့ တော်လှန်ရေးအဖွဲ့တွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တစ်ခုထားရှိပါတယ်။
အဲဒီဆက်ဆံရေးကို မျက်စိစပါးမွှေးစူးတဲ့ စစ်ကောင်စီက BAP က ရောက်ရှိနေချိန်မှာပဲ ပီကင်း-မိုးဗြဲ လမ်းပေါ်မှာရှိတဲ့ ကယန်းပြည်သစ်ဂိတ်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
၁၉၉၄ မှာ အပစ်ရပ်ခဲ့တဲ့ ကလလတကတော့ သံလွင်အရှေ့ခြမ်း မယ်စဲ့စခန်းသိမ်းတိုက်ပွဲအပြီးမှာ စစ်ကောင်စီကို တော်လှန်တယ်လို့ အတိအလင်းထုတ်ပြောလာပါတယ်။ ကလလတအနေနဲ့ အဲဒီမတိုင်ခင်ကထဲကလည်း ကရင်နီရဲ့ တော်လှန်ရေးပါ ပါဝင်ခဲ့တာတွေရှိပါတယ်။
ကရင်နီဒေသမှ ယခုနွေဦးတော်လှန်ရေးမှာမှ ပေါ်ထွက်လာတဲ့ KNDF လိုပဲ အခြားသော ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေလည်း ရှိနေပါသေးတယ်။
ရှုပ်ထွေးများပြားတဲ့လက်နက်ကိုင်အဖွဲ့တွေဟာ စစ်ကောင်စီကို ဘုံရန်သူလို့ ရှုမြင်ပြီး ပူးပေါင်း တိုက်ခိုက် ကြပါတယ်။
ကရင်နီမှာ တော်လှန်နေသူတွေဟာ ကရင််နီရဲ့ ဌာနေ ဒေသခံတွေက အများဆုံးဖြစ်ပါတယ်။
ထင်ရှားတဲ့ ရုပ်ရှင်တစ်ခုဖြစ်တဲ့ “Saving Private Ryan” လို မိသားစုတွေဟာ ကရင်နီမှာ တစ်ခုထက်မနည်းရှိနေပါတယ်။ ကိုယ့်ခြံကိုယ့်ဝန်းနဲ့ နေတတ်တဲ့ ကရင်နီရဲ့ အိမ်တိုင်းလိုလိုမှာ ရဲဘော်တွေရှိနေပြီး တစ်ချို့ဆိုရင် အိမ်မှာ ရှိသမျှသားယောက်ကျားအကုန်လုံးဟာ ဘယ်သူမှ ဆွဲဆောင်ခြင်းမရှိဘဲ ပေါက်တူးကို ပစ်ချထားပြီး လက်နက်ကိုင် တိုက်ပွဲဝင်ဖို့အတွက် စစ်ထဲကို လိုက်ပါကြပါတယ်။
ကရင်နီရဲ့ တော်လှန်ရေးဟာ မင်းအောင်လှိုင်အာဏာသိမ်းမှ ဝုန်းခနဲ ဒိုင်းခနဲ ဖြစ်ပေါ်လာခဲ့တာတော့ မဟုတ်ပါဘူး။ ယခင် ဒီမိုကရေစီအစိုးရလက်ထက်ကထဲက ဖိနှိပ်ခံရမှုတွေကြောင့် ကရင်နီလူငယ်တွေ ထံမှာ အမျိုးသားရေးနိုး ကြားမှုတွေကရှိနေခဲ့ပြီးဖြစ်ပါတယ်။
အာဏာသိမ်းမှုကတော့ ကရင်နီအမျိုးသားရေးကို မီးတောက်ဖြစ်အောင် လုပ်လိုက်သလိုပါပဲ။
အခုချိန်မှာ စစ်ကောင်စီရဲ့ အခြေစိုက် စခန်းတွေတစ်ခုပြီးတစ်ခု သိမ်းနေတဲ့ ကရင်နီရဲ့ နွေဦး တော်လှန်ရေးကို လက်လုပ်သေနတ်တွေနဲ့စတင်ခဲ့ကြတာပါ။ မောင်းပြန်သေနတ်ရဖို့အတွက် ပေးခဲ့ရတဲ့ အသက်တွေကလည်း မနည်းမနောအောင်ပါပဲ။
ကရင်နီမှာ စစ်ကောင်စီဟာ မြို့ဆိုရင်တောင် မြို့ရဲ့ နေရာတိုင်းကို ရာနှုန်းပြည့် အုပ်ချုပ်နိုင်တဲ့ အင်အားနဲ့ ခြိမ်းခြောက်နိုင်မှု မရှိတာတွေ့ရပါတယ်။
ခေါင်ရည်ဆိုင်တွေ၊ ဘီယာဆိုင်တွေပေါတဲ့ ကရင်နီမှာ စစ်ကောင်စီက ခြေချဖို့အတွက် ထင်သလောက် မလွယ်ဘူးဆိုတာက ယနေ့အထိ ကောက်ယူနိုင်ခြင်းမရှိတဲ့ အလောင်းကောင်တွေက သက်သေထူ နေပါတယ်။
တိုက်ပွဲတွေဖြစ်နေတဲ့ မိုးဗြဲမြို့လယ်ကို BAP က ရောက်ခဲ့ပါသေးတယ်။ မြို့ရဲ့ တစ်ဖက်တစ်ချက်ကို စစ်ကောင်စီနဲ့ တော်လှန်ရေးရဲဘော်တွေက ထိန်းချုပ်ထားပြီး ဒေသခံအများစုကတော့ မြို့ကို စွန့်ခွာသွားတာတွေ့ခဲ့ရပါတယ်။
“ငါတို့ လုပ်ကိုလုပ်ရမယ် သို့မဟုတ် ငါတို့ တိုက််မှရတော့မယ်” လို့ ယခုတော်လှန်ရေးမှာ စစ်ထဲလိုက်လာတဲ့ တော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။
စစ်ပွဲတွေရဲ့ ဘက်တစ်ခုထဲမှာတော့ လူဦးရေ လေးသိန်းလောက်သာရှိတဲ့ ကရင်နီရဲ့ သုံးပုံနှစ်ပုံဟာ စစ်ဘေးရှောင်တွေ ဖြစ်လို့လာပြီ။
သားတွေက ရှေ့တန်းမှာရှိနေပြီး စစ်ဘေးရှောင်စခန်းမှာရောက်နေတဲ့ မိဘတွေကတော့ အိမ်ကို သေချာပေါက်ပြန်နိုင်မယ်လို့ ယုံကြည်ထားကြပါတယ်။
Burma Associated Press
Top News
လွန်ခဲ့သော ၈ နာရီ က
လွန်ခဲ့သော ၅ ရက် က