Article
မြန်မာ့စီးပွားရေး နှေးကွေးစွာ နလန်ထလာမှုနဲ့အတူ မညီမျှတဲ့အခြေအနေများ မြင့်မားလာ
လွန်ခဲ့သော ၂ နှစ် က
၂၀၂၃ ခုနှစ်၊ ပထမနှစ်ဝက်ကာလအတွင်း မြန်မာ့စီးပွားရေး အနည်းငယ်တည်ငြိမ်လာပြီးနောက် ယခုနှစ်ထဲ စီးပွားရေးဖွံ့ဖြိုးမှုနှုန်း ၃ ရာခိုင်နှုန်းခန့်ရှိသော်လည်း တိုင်းပြည်မှာ မညီမျှမှုတွေမြင့်တက်လာပြီး စားနပ်ရိက္ခာ လုံခြုံမှုမှာလည်း ပျက်စီးယိုယွင်းလာနိုင်ကြောင်း ကမ္ဘာ့ဘဏ်က အင်္ဂါနေ့ ( ဇွန် ၂၇) က သတိပေးဆိုခဲ့ပါတယ်။
“မြန်မာရဲ့ စီးပွားရေးတဖန်တိုးတက်လာနေစဥ်မှာပဲ တစ်ဖက်မှာလည်း တိုးတက်မှုနှုန်းမညီမျှဘဲ စဥ်ဆက်မပြတ် ဖြစ်ရပ်ဆိုးတွေကြောင့် ဆင်းရဲတဲ့ပြည်သူတွေကို ထိခိုက်မှုတွေရှိလာပါတယ်” လို့ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအို ဆိုင်ရာ ကမ္ဘာ့ဘဏ်ဒါရိုက်တာဖြစ်တဲ့ မာရီရမ် ရှားမန်း (Mariam Sherman) က ဆိုခဲ့ပါတယ်။
မြန်မာက တခြားနိုင်ငံတွေလို ကိုဗစ်-၁၉ ကပ်ရောဂါဘေးရဲ့ဆိုးဝါးမှုကို ခံစားခဲ့ရတဲ့အပြင် ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီမှာ စစ်အာဏာသိမ်းမှုကြောင့် တိုင်းပြည်ရဲ့ နိုင်ငံရေး၊ လူမူရေး နဲ့ စီးပွားရေးအကျပ်အတည်းတွေကိုပါ ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။
ယခုနှစ်ထဲမြန်မာမှာ စီးပွားရေးဖွံ့ဖြိုးမှုနှုန်းရှိမယ်လို့ ကမ္ဘာ့ဘဏ်ကခန့်မှန်းပေမယ့် ဒီနှုန်းက ၂၀၁၉ ခုနှစ် GDP ထက်စာရင် ၁၀ ရာခိုင်နှုန်းဝန်းကျင်ခန့် လျော့နည်းနေပါသေးတယ်။
ဒီတိုးတက်မှုနှုန်းကို နောက်တစ်နှစ်၊ နှစ်နှစ်အထိ ထိန်းထားနိုင်ဖို့ မျှော်လင့်မိပေမယ့် ၁၄ ရာခိုင်နှုန်းခန့်ဖြစ်နေတဲ့ ငွေကြေးဖောင်းပွမှုက ဒီတိုးတက်မှုကိုထိခိုက်စေနိုင်ပြီး အစာရေစာရှားပါးမှုကလည်း တိုင်းပြည်ကို အကျပ်အတည်းထဲ တွန်းပို့နေပါတယ်။
“အာဟာရ ချို့တဲ့မှုတွေကြောင့် တိုးတက်ဖြစ်ထွန်းမှုတွေဟာ ရပ်တန့်တာ (သို့) နောက်ပြန်သွားပြီး ဆုံးရှုံးမှုတွေကို ဖြစ်ပေါ်လာမှာကို စိုးရိမ်ရပါတယ်။ အိမ်ထောင်စုထက်ဝက်ကျော်ခန့်က ပိုင်ဆိုင်မှုတွေကို ရောင်းချရတာ၊ ချေးငွေများတိုးမြင့်ယူလာရတာ၊ (သို့) ကျန်းမာရေးနဲ့ ပညာရေးတို့အပါအဝင် နယ်ပယ်တချို့မှာ ၎င်းတို့ရဲ့ ငွေကြေးသုံးစွဲမှုကို ကန့်သတ်လိုက်ရတာတို့ကိုလုပ်ဆောင်လာရပါတယ်” လို့ ရှားမန်းက ဆိုခဲ့ပါတယ်။
မြန်မာရဲ့ ပြည်တွင်းရေးပဠိပက္ခများဆိုးဝါးလာခြင်းနဲ့ သဘာဝဘေးအန္တရာယ်တွေအပေါ် တိုင်းပြည်ရဲ့အားနည်းတဲ့ ကိုင်တွယ်မှုတွေက နိုင်ငံရဲ့ဖွံ့ဖြိးမှုအလားအလာတွေကို အနှောက့်အယှက်ဖြစ်စေကြောင်း ကမ္ဘာ့ဘဏ်က ဆိုခဲ့ပါတယ်။
(ဘာသာပြန်ဆောင်းပါး)
Top News
လွန်ခဲ့သော ၂ ရက် က