bap-logo
Article

တရုတ်-အိန္ဒိယ တင်းမာမှုကို တိုးမြင့်စေသော ဘေဂျင်း၏ မြန်မာအပေါ် ကျောထောက် နောက်ခံပြုမှု

-v-0QZ3hIyeCvrpqg823T-image

လွန်ခဲ့သော တစ်နှစ် က

ဇူလိုင် ၁၉။

၁,၆၀၀ ကီလိုမီတာ ရှည်လျားသော အိန္ဒိယနှင့် မြန်မာ နယ်စပ်တစ်လျှောက်တွင် ပြည်တွင်းစစ်နှင့် လေကြောင်း တိုက်ခိုက်မှု များ ပြင်းထန်လာသောကြောင့် မြန်မာဒုက္ခသည်အမြောက်အများ အိန္ဒိယသို့ ထွက်ပြေးနေရစဉ် တရုတ်အစိုးရက မြန်မာ စစ်အာဏာရှင်ကို ထောက်ပံ့မှုအား ထုတ်ဖော်ပြောကြားလာခဲ့သည်။

 

၂၀၂၃ ခုနှစ် မေလအစောပိုင်းက အိန္ဒိယအရှေ့မြောက်ရှိ မီဇိုရမ်ပြည်နယ်မှ Simei စခန်းသို့ သတင်းထောက်များ ဝင်ရောက်ခဲ့ကြသည်။ ၎င်းစခန်းသည် မီဇိုရမ်ပြည်နယ်၏ မြို့တော် Aizawl ၏ ဆင်ခြေဖုံးတွင် တည်ရှိပြီး ၂၀၂၁ ခုနှစ် မင်းအောင်လှိုင် အာဏာသိမ်းပြီးချိန်မှ စ၍ ဒုက္ခသည် ၁၄၀ အတွက် နေရာချထားပေးသည်။ 

 

ဖေဖော်ဝရီလ ၁ ရက်နေ့ ၂၀၂၁ ခုနှစ်မတိုင်မီကမူ မြန်မာဒုက္ခသည်ဆိုသည့် အခေါ်အဝေါ်မှာ မြန်မာနိုင်ငံမှ ရခိုင်/ ရိုဟင်ဂျာများနှင့်သာ ဆက်စပ်နေခဲ့သည်။ မြန်မာဒုက္ခသည် ပထမအသုတ်မှာ ၂၀၁၅ ခုနှစ်က လူများပြည့်ကျပ်နေသည့် ညစ်ပတ်သော လှေများဖြင့် အိန္ဒိယသမုဒ္ဒရာကို ဖြတ်၍ မလေးရှားကဲ့သို့ နိုင်ငံများကို သွားရောက်ကြသည့် ရိုဟင်ဂျာ ၂၅ ,၀၀၀ ဖြစ်ပြီး ပင်လယ်ထဲတွင် မျောပါနေကြသည့်အတွက် လူသိများလာကြသည်။ 

 

ဒုတိယအသုတ်မှာ ၂၀၁၆ နှင့် ၂၀၁၇ အတွင်း မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားသော လက်နက်ကိုင် ပဋိပက္ခနှင့် လူမျိုးတုံးသတ်ဖြတ်မှုကြောင့် ရိုဟင်ဂျာအများအပြား အိမ်နီးချင်းနိုင်ငံ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခြင်းဖြစ်သည်။ ၂၀၂၃ ခုနှစ် မေလစာရင်းအရ ဘင်္ဂလားဒေ့ရှ်စခန်းများတွင် ဒုက္ခသည် ၉၃၀,၀၀၀ ရှိသည်ဟု သိရသည်။ 

 

သို့ရာတွင် ရိုဟင်ဂျာများသာ မြန်မာနိုင်ငံမှ ဒုက္ခသည်များမဟုတ်ဘဲ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးချိန်နောက်ပိုင်း စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ခိုက်သည့် ပြည်တွင်းစစ် ဖြစ်ပွားလာသောကြောင့် တိုင်းရင်းသားပေါင်းစုံ ၁.၄၉ သန်း အထက် ပြောင်းရွှေ့အခြေချခြင်း သို့မဟုတ် အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးခိုလှုံခဲ့ကြရသည်။ UNHCR အဆိုအရ အာဏာသိမ်းစဉ်က စ၍ ယခုနှစ် မေလ ၁ ရက်နေ့အထိ အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးရသူ ၈၈,၃၀၀ ရှိပြီး အိမ်နီးချင်းနိုင်ငံ အိန္ဒိယပြည်နယ် မီဇိုရမ်သို့ ထွက်ပြေးရသူ Sino-Tibetan မူရင်းတိုင်းရင်းသားများဖြစ်သော ချင်းတိုင်းရင်းသားဒုက္ခသည် ၄၀,၀၀၀ အထက် ရှိသည်ဟု ဆိုသည်။ 

 

၁,၆၀၀ ကီလိုမီတာ ရှည်လျားသော အိန္ဒိယနှင့် မြန်မာ နယ်စပ်တစ်လျှောက်တွင် ပြည်တွင်းစစ်နှင့် လေကြောင်းတိုက်ခိုက်မှု များ ပြင်းထန်လာသောကြောင့် မြန်မာဒုက္ခသည်အမြောက်အများ အိန္ဒိယသို့ ထွက်ပြေးနေရသည်။ အိန္ဒိယအစိုးရက ၁၉၅၁ ခုနှစ် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ သဘောတူညီချက် သို့မဟုတ် ၁၉၆၇ ဒုက္ခသည်များ၏ အဆင့်သတ်မှတ်ချက် ဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို လက်မှတ်မရေးထိုးထားကြောင်း အကြိမ်ကြိမ် ထပ်လောင်းပြောကြားခဲ့ပြီး ပြည်နယ် အစိုးရသည် မည်သည့်နိုင်ငံခြားသားကိုမျှ ဒုက္ခသည်သတ်မှတ်ချက်ပေးအပ်ရန် အခွင့်မရှိပေ။ 

 

အိန္ဒိယအစိုးရက ဒုက္ခသည်များ၏ အဆင့်သတ်မှတ်ချက် ဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို လက်မှတ် မရေးထိုး ထားကြောင်း အကြိမ်ကြိမ် ထပ်လောင်းပြောကြားခဲ့ပြီး ပြည်နယ် အစိုးရသည် မည်သည့်နိုင်ငံခြားသားကိုမျှ ဒုက္ခသည် သတ်မှတ်ချက်ပေးအပ်ရန် အခွင့်မရှိပေ။

 

 

အိန္ဒိယနိုင်ငံအရှေ့မြောက်ဘက်ပြည်နယ်ရှိ ကာလကြာရှည်ရပ်တည်နေသော သူပုန်ဆူပူအုံကြွမှုများသည် ဒေသတွင်း မတည်ငြိမ်မှုဖြစ်စေသည့် အချက်တစ်ချက်ဖြစ်သည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် မြန်မာစစ်အစိုးရနှင့် အိန္ဒိယ အရှေ့မြောက်ပိုင်း သူပုန်များသည် ပို၍ပင် နီးစပ်လာခဲ့ကြပြီး ဒေသတွင်း အခြေအနေကို ပိုမို၍ ပရမ်းပတာဖြစ်စေခဲ့သည်။ မြန်မာပြည်တွင်းစစ်မှ ထွက်ပြေးလာသူ ဒုက္ခသည်များမှာလည်း အိန္ဒိယနယ်စပ်တွင် စုပြုံနေခဲ့သည်။ 

 

ဒေသတွင်းနိုင်ငံရေးအဖွဲ့အစည်းများနှင့် ကူညီထောက်ပံ့ရေး အရပ်ဘက်အဖွဲ့များ၏ အဆိုအရ ဒုက္ခသည်များအတွက် ဥပဒေမူဘောင်အားနည်းသော အိန္ဒိယဗဟိုအစိုးရသည် ၎င်းတို့ကို လူသားချင်းစာနာမှုအထောက်အပံ့များ မပေးအပ် နိုင်ကြောင်း၊ တတိယနိုင်ငံများသို့ နေရာပြောင်းရွှေ့စေမည့် ရှင်းလင်းသော အနာဂတ်လမ်းကြောင်း မရှိကြောင်း၊ တရားဝင် အလုပ်အခွင့်အရေးများ မရှိကြောင်း သိရသည်။ ဒုက္ခသည်များမှာ စားဝတ်နေရေးအတွက် တရားမဝင် အလုပ်လုပ်ကိုင် ကြရပြီး ဒေသတွင်း မလုံခြုံမှုကို တိုးပွားစေသည်။ 

 

တရုတ်နှင့် အိန္ဒိယနှစ်နိုင်ငံအကြား ကြားညပ်ခြင်းသည် မဟာဗျူဟာ ဦးစားပေးမှုအဖြစ် ရှုမြင်ရစဉ်တွင် မြန်မာနိုင်ငံမှ ဒုက္ခသည်အကျပ်အတည်းသည် တရုတ်နှင့် အိန္ဒိယတို့၏ အာရှ-ပစိဖိတ် အားပြိုင်မှုနှင့်လည်း နီးကပ်စွာ ဆက်စပ်နေသည်။ 

 

တရုတ်အစိုးရက ယခုနှစ် မေလတွင် ထုတ်ပြန်သော မြန်မာစစ်အစိုးရအရေး ထုတ်ပြန်ချက်တွင် တရုတ်သည် နိုင်ငံတကာအရေးပြိုင်မှုတွင် မြန်မာဘက်မှ ရပ်တည်သည်။ဟု ဖော်ပြထားပြီး ၎င်းဖော်ပြချက်က အိန္ဒိယကို စိုးရိမ်မှု ဖြစ်ပေါ်စေခဲ့သည်။ 

 

၎င်းအချက်ကပင် အိန္ဒိယကို မြန်မာနိုင်ငံအာဏာသိမ်းမှုနှင့်ပတ်သတ်၍ မပြတ်သားသည့်အခြေအနေမှ စစ်အာဏာရှင် တို့နှင့် ရင်းနှီးစွာဆက်ဆံခြင်းသည် အိန္ဒိယ၏ အကောင်းဆုံး အမျိုးသားအကျိုးစီးပွားအတွက် သေချာမှုရှိ မရှိ ပြန်လည် သုံးသပ်ရန် ဖြစ်လာခဲ့သည်။ သို့မဟုတ် ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သည့် အန္ဒိယသည် မြန်မာနိုင်ငံမှ ဒီမိုကရေစီ အားပေးသူစခန်းများကို ထောက်ပံ့ကူညီပေးခြင်းဖြင့် စစ်အာဏာရှင်အုပ်ချုပ်မှုကို ဆန့်ကျင်ခြင်းနှင့် မြန်မာဒုက္ခသည်များ၏ ရပိုင်ခွင့်များနှင့် အဆင့်အတန်းသတ်မှတ်ချက်များကို လုံခြုံစေခြင်းတို့ဖြင့် ဒေသတွင်း အခြေအနေ တည်ငြိမ်စေပြီး ဒီမိုကရေစီ အားပေးသည့် လူမှုအဖွဲ့စည်းဖြစ်ကြောင်း ဖော်ထုတ်ပြသမှု ပြုသင့်ပါသလားဟု မေးမြန်းစရာရှိသည်။ 

 

ပြန်ရက်မရှိသည့် ချင်းဒုက္ခသည်များ 

 

မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက် ပြည်တွင်းစစ်သည် မြန်မာနိုင်ငံရှိ အဆင်းရဲဆုံး ချင်းပြည်နယ်သို့ ရောက်ရှိ လာခဲ့သည်။ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကို အကျဉ်းချပြီးနောက် အာဏာရ ပါတီဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ဧပြီလ ၁၆ ရက် ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းမှုဆန့်ကျင့်သည့် အခြားအဖွဲ့ဝင်များနှင့် တည်ထောင်ခဲ့သည်။ NUG သည် အများအတွက် အသိအမြင်နှင့် နိုင်ငံတကာ ထောက်ပံ့မှု မြှင့်တင်ရေး၊ အသစ်ဖွဲ့စည်းခဲ့သော လူထုကာကွယ်ရေးတပ်ဖွဲ့(PDF) များအတွက် လက်နက် ကိရိယာ ရံပုံငွေ မြှင့်တင်ရေးတို့ကို အာရုံစိုက်လုပ်ဆောင်ခဲ့သည်။ 

 

စစ်အစိုးရသည် ကုန်းတွင်းစစ်ပွဲတွင် အားကောင်းသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် PDF များကြောင့် ခြိမ်းခြောက်မှု အကြီးအကျယ်ခံခဲ့ရသည်။ ရလဒ်အားဖြင့် ၂၀၂၂ ခုနှစ်မှစ၍ စစ်အစိုးရသည် ခုခံမှုအားကောင်းသော ဒေသများတွင် PDF ဖြစ်စေ လက်နက်မဲ့ အရပ်သားများဖြစ်စေ မခွဲခြားဘဲ တိုက်ခိုက်ရန် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုများ အသုံးပြုလာခဲ့သည်။ 

 

မေလ ၂၀၂၃ ခုနှစ်အထိ အိန္ဒိယနယ်စပ် မီဇိုရမ်ပြည်နယ်သို့ ဒုက္ခသည် ၄၀,၀၀၀ အထက် ရောက်ရှိလာခဲ့သည်။ နယ်မြေ ကြမ်းတမ်း၍ တောင်ထူထပ်ပြီး စောင့်ကြပ်ရန် မလွယ်ကူသည့် အိန္ဒိယ-မြန်မာ နယ်စပ်သည် အစောင့်အကြပ်ထူထပ်သည့် အိန္ဒိယ-ပါကစ္စတန် နယ်စပ်ကဲ့သို့ မဟုတ်ပေ။ 

 

 “Simei ဒုက္ခသည်စခန်းမှာ အိမ် ၂၈ လုံးနဲ့ ကလေးသူငယ် ၄၀ အပါအဝင် လူ ၁၄၀ ရှိပါတယ်။ ကျွန်တော်တို့ ဒီမှာ နေတာ တစ်နှစ်ခွဲရှိပါပြီ။” ဟု အသက် ၄၅ နှစ်ရှိ ချင်းပြည်နယ်မှ လယ်သမားတစ်ဦး ဖြစ်သူ Boehkap က သတင်းထောက်များကို ပြောသည်။ “အိန္ဒိယကို ပထမ ထွက်ပြေးလာတုန်းက တခြား ဒုက္ခသည်စခန်းကို ရောက်သွားတာပါ။ နောက်မှ ဒီမြေ ပိုင်ရှင်က မြေကို အခမဲ့ ငှားပေးဖို့ ဆန္ဒရှိတဲ့အတွက် တခြား ဗမာအိမ်နီးချင်းတွေနဲ့ ကျွန်တော်တို့က အိမ်တွေ ဆောက်ကြတယ်။ ကျွန်တော်တို့က Simei ဒုက္ခသည်စခန်းရဲ့ ပထမဆုံး အဖွဲ့ပါ။” 

 

“Simei ဒုက္ခသည်စခန်းမှာ အိမ် ၂၈ လုံးနဲ့ ကလေးသူငယ် ၄၀ အပါအဝင် လူ ၁၄၀ ရှိပါတယ်။ ကျွန်တော်တို့ ဒီမှာ နေတာ တစ်နှစ်ခွဲရှိပါပြီ”

 

 

Boehkap နှင့် ၎င်း၏ ဗမာအိမ်နီးချင်းရွာသားများက ဝါးထရံဖြင့် ဆောက်လုပ်ထားသော အိမ်တန်းရှည်များသည် မိသားစု ၁၀ ခုအထက် နေထိုင်နိုင်ပြီး မိသားစုတစ်စုလျှင် စတုရန်းမီတာ ၆ မှ ၈ အထိ ဝါးနံရံများနှင့် လိုက်ကာများသာ ခြား၍ မျှဝေနေထိုင်ကြသည်။ ကျဉ်းမြောင်းသောနေရာကို ဧည့်ခန်းအဖြစ် အသုံးပြုပြီး ၎င်းကို နေ့ဘက်တွင် ထမင်းစား စားပွဲနှင့် ညဘက်တွင် ခေါင်းအုံး၊ စောင်များနှင့် အိပ်ရာအဖြစ် ညဘက်တွင် အသုံးပြုကြသည်။ အဝတ်အထည်နှင့် အခြား အသုံးအဆောင်များကို နံရံတွင် ထပ်ထားရသည်။ သစ်ဖြင့်ပြုလုပ်ထားသော မီးဖိုနှင့် မီးဖိုချောင်မှာ မိသားစုအများစုတွင် ရှိကြသည်။ 

 

“အစိုးရနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ထောက်ပံ့မှုနဲ့ ရေသိုလှောင်စင်တွေ၊ အိမ်သာတွေ၊ ဓာတ်အားလိုင်းတွေနဲ့ ဆိုလာ ပြားတွေ တစ်ခုပြီး တစ်ခုတော့ ကျွန်တော်တို့ ဆောက်လုပ်ခဲ့ကြပါတယ်။ ကျွန်တော်တို့ ဘုရားကျောင်းလည်း ဆောက်ထား တယ်ဟု Boehkap က ပြောသည်။ 

 

လွတ်မြောက်မှုကို ဝယ်ယူခြင်း 

 

သို့ရာတွင် ချင်းဒုက္ခသည်တိုင်း ဒုက္ခသည်စခန်းတွင် နေထိုင်ကြရသည် မဟုတ်ပါ။ မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းမှ ဂီတ အကျော်အမော် ဘင်ဂျမင်ဆမ်သည်လည်း ခြွင်းချက်ဖြစ်ပါသည်။ ဆမ်သည် ၂၀၁၉ ခုနှစ် မြန်မာအိုင်ဒေါ ပြိုင်ပွဲတွင် ဒုတိယနေရာ အနိုင်ရရှိပြီးနောက် ရော့ခ်အဆိုတော်လမ်းကြောင်းကို စတင်ခဲ့သည်။ 

 

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုဖြစ်သည့်အခါ ဘင်ဂျမင်ဆမ်သည် ပြည်တွင်းလှည့်လည်ဖျော်ဖြေမှု ပြုလုပ်နေခြင်းဖြစ်ပြီး အခြား တင်ဆက်သူများနှင့်အတူ အင်တာနက်နှင့် လမ်းပေါ်မှ ဆန္ဒပြသူများနှင့်အတူရှိကြောင်း ပြသခဲ့သည်။ ၂၀၂၁ ခုနှစ်တွင် တော်လှန်ရန် လှုံ့ဆော်မှုဖြင့် စွဲချက်တင်ခံရပြီး ထောင် သုံးနှစ် ကျခံစေရန် အမိန့်ချမှတ်ခံခဲ့ရသည့်အတွက် သူ၏ မိခင်နှင့် အတူ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးလာခဲ့သည်။ 

 

၂၀၂၁ ခုနှစ်တွင် တော်လှန်ရန် လှုံ့ဆော်မှုဖြင့် စွဲချက်တင်ခံရပြီး ထောင် သုံးနှစ် ကျခံစေရန် အမိန့်ချမှတ်ခံခဲ့ရသည့်အတွက် သူ၏ မိခင်နှင့် အတူ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးလာခဲ့သည်။

 

 

၂၀၂၃ ခုနှစ် ဧပြီလနှောင်းပိုင်းတွင် လွတ်လပ်သော ဂျာနယ်လစ် Zmp Tlau ၏ ပုဂ္ဂလိက Facebook စာမျက်နှာတွင် ဘင်ဂျမင်ဆမ်မီဇိုရမ် မွေးစာရင်းလက်မှတ်”၊  အသိအမှတ်ပြုကဒ်(Aadhaar Card)၊ မဲပေးကဒ်နှင့် ယာဉ်မောင်း လိုင်စင်တို့ကို ဖော်ပြခဲ့သည်။ 

 

၎င်းဖြစ်စဉ်က မီဇိုရမ်၏ အကြီးမားဆုံး အရပ်ဘက်အဖွဲ့အစည်းဖြစ်သော ဗဟို မီဇို လူငယ်အဖွဲ့အစည်း က အစိုးရကို စစ်မှန်သော မီဇိုရမ်ဒေသခံများနှင့် အိန္ဒိယနိုင်ငံသားများကို သက်ဆိုင်ရာ အသိအမှတ်ပြုကဒ်များ ထုတ်ပေးခြင်း စိစစ်ရန်တောင်းဆိုမှုအပါအဝင် မီဇိုရမ်တွင် တုံ့ပြန်မှုမျိုးစုံ ဖြစ်ပေါ်စေခဲ့သည်။ သို့သော် ဘင်ဂျမင်ဆမ်၏ လူသိများ ကျော်ကြားမှု ကြောင့် လွတ်လပ်သော ဂျာနယ်လစ်များ၏ သတင်းဖော်ထုတ်မှုကို ဆန့်ကျင်သော ပြောဆိုမှုများလည်း ပေါ်ထွက်ခဲ့သည်။ ဆမ်၏ ယခင် အသက်ဝင်လှုပ်ရှားခဲ့သော Facebook စာမျက်နှာသည်လည်း အသက်မဲ့ရပ်တန့်သွားခဲ့သည်။ ၎င်း Facebook စာမျက်နှာ အသက်မဲ့ပြီး တစ်လအကြာတွင် ဘင်ဂျမင်ဆန်၏ စာမျက်နှာမှာ မေလကုန်တွင် ပြန်လည် စတင်လှုပ်ရှား အသက်ဝင်ခဲ့ပြိး ၎င်း၏ တီးဝိုင်းနှင့် သီချင်းသစ်တစ်ပုဒ်ကို ဂျွန်လတွင် ဖြန့်ချိခဲ့သည်။ 

 

“ချမ်းသာတဲ့ ချင်းဒုက္ခသည်တွေဟာ အိမ်တွေငှားနိုင်ပြီး Aizawl မြို့မှာ ဆွေမျိုးတွေနဲ့ နေနိုင်ပါတယ်။ အင်္ဂလိပ်စကား ကောင်းကောင်းပြောဆိုနိုင်ပြီး အိန္ဒိယကို စပရိန်ဘုတ်ပြားတစ်ခုလို အမေရိကန်နိုင်ငံ ဒါမှမဟုတ် စင်ကာပူတို့ဆီကို ကူးပြောင်း နေထိုင်ဖို့ အသုံးပြုရန် အသင့်ပဲဟု ဧည့်ရိပ်သာလုပ်ကိုင်ပြီး အိန္ဒိယနှင့် မြန်မာကို ခရီးသွားလာနေသည့် သတင်းထောက်များ၊ အိန္ဒိယစီးပွားရေးသမားများနှင့် PDF အဖွဲ့ဝင်များကိုပင် လက်ခံနေထိုင်စေခဲ့သည့် Van La ဟူသည့် မီဇိုတစ်ဦးက ပြောကြားသည်။ 

 

“ဆင်းရဲနွမ်းပါးသည့် ချင်းလူမျိုးအများအပြားကတော့ ချင်းဘာသာစကားပဲ ပြောတတ်ကြပါတယ်။ ဗမာစကားလည်း မတတ်ပါဘူး။ အာဏာသိမ်းမှုမဖြစ်ခဲ့ရင်တောင် မြန်မာနိုင်ငံဗဟိုပိုင်း မြို့တော်တွေမှာ ရှင်သန်နေထိုင်ဖို့ ခက်ခဲကြပါတယ်။”  

 

ထိခိုက်လွယ်သည့် အခြေအနေအတွင်းက မီဇိုရမ် 

 

မီဇိုရမ်မှ မီဇိုများသည် ဇိုတိုင်းရင်းသားအုပ်စုတွင် ပါဝင်ပြီး အိန္ဒိယ အရှေ့မြောက်ပိုင်း၊ မြန်မာ အနောက်မြောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ပိုင်း စစ်တကောင်း တောင်တန်းဒေသများတွင် နေထိုင်ကြသည်။ အများစုမှာ ချင်းပြည်နယ်နှင့် ကပ်လျက် စစ်ကိုင်းတိုင်းတွင် နေထိုင်ကြသည်။ 

 

Simei ဒုက္ခသည်စခန်းတွင် တစ်နှစ်ကျော် နေထိုင်နေသော Lianlong  သည် ချင်းပြည်နယ် ကျေးလက်ဒေသမှ ဖြစ်သည်။ မြန်မာစစ်တပ်ရဲ့ ဗုံးတစ်လုံး ရွာနီးချင်းတွေဆီကို ကျလာတဲ့အခါ တုံ့ဆိုင်းမနေဘဲ ဇနီးနဲ့ ကလေးတွေနဲ့ အတူ အိန္ဒိယကို ချက်ချင်း ပြေးလာခဲ့တယ်။ဟု ၎င်းက ပြောသည်။ ၎င်းသည် မီဇိုရမ်ပြည်နယ်နှင့် ချင်းပြည်နယ်တို့၏ နယ်ခြားမြစ် ဖြစ်သည့် Tiau မြစ်ကို ၎င်း၏ မော်တော်ဆိုင်ကယ်ပေါ်တွင် ပိုင်ဆိုင်သမျှ တင်ဆောင်ကာ ဖြတ်ကျော်ခဲ့သည်။

 

မြန်မာစစ်တပ်ရဲ့ ဗုံးတစ်လုံး ရွာနီးချင်းတွေဆီကို ကျလာတဲ့အခါ တုံ့ဆိုင်းမနေဘဲ ဇနီးနဲ့ ကလေးတွေနဲ့ အတူ အိန္ဒိယကို ချက်ချင်း ပြေးလာခဲ့တယ်

 

 

၂၀၁၈ ခုနှစ်က စတင်၍ လွတ်လပ်စွာ သွားလာခွင့်ကို နှစ်နိုင်ငံ သဘောတူခဲ့ပြီးနောက် နှစ်ဘက်လုံး၏ ၁၆ ကီလိုမီတာအထိ ခရီးသွားစာရွက်စာတမ်းများ မပါဘဲ နှစ်ပတ်အထိ အဝင်အထွက်ပြုနိုင်သည့်အတွက် အိန္ဒိယ-မြန်မာ နယ်စပ်တွင် လုံခြုံရေး မတင်းကျပ်ပါ။ လွတ်လပ်စွာ သွားလာနိုင်သော နယ်မြေမှာ ရွာပေါင်း ၂၅၀ ကျော်ပါဝင်ပြီး လူဦးရေ ၃၀၀,၀၀၀ ကျော် ရှိသည်။ 

 

အာဏာသိမ်းပြီးနောက် အိန္ဒိယသို့ တောင်ထူထပ်သည့် နယ်စပ်မှတဆင့် ဒုက္ခသည်အမြောက်အများ ထွက်ပြေးကြရသည်။ အိန္ဒိယအစိုးရက ၁၉၅၁ ခုနှစ် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ သဘောတူညီချက် သို့မဟုတ် ၁၉၆၇ ဒုက္ခသည်များ၏ အဆင့်သတ်မှတ်ချက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို လက်မှတ်မရေးထိုးထားသည့်အတွက် အိန္ဒိယပြည်ထဲရေးဝန်‌ကြီး ဌာနက နယ်စပ်ဒေသများတွင် ပုံမှန်မဟုတ်သည့် ဝင်ရောက်မှုများကို တားဆီးရန်၊ ခွဲခြားသတ်မှတ်ရန်နှင့် ဝင်ရောက်ပြီးသူ များကို ပြည်နှင်ဒဏ်ပေးရ‌န် တောင်းဆိုထားသည်။ 

 

အိန္ဒိယအထက်လွှတ်တော်၏ မီဇိုရမ်ကိုယ်စားလှယ်နှင့် မီဇိုအမျိုးသားတပ်ဦး ကိုယ်စားလှယ်တစ်ဦးလည်း ဖြစ်သူ K. Vanlalvena က မတ်လ ၂၀၂၁ ခုနှစ် လွှတ်တော်တွင် နေရပ်ပြန်ပို့ရေးအစီအစဉ်ကို အပြင်းအထန်ကန့်ကွက်ခဲ့ပြီး ပြည်နယ် အစိုးရအနေဖြင့် NGO များနှင့်အတူတကွ ဒုက္ခသည်များကို အထောက်အပံ့နှင့် အဆောက်အအုံများ ချက်ချင်း ပေးအပ်ရမည်ဟု တောင်းဆိုခဲ့သည်။ 

 

ယင်းအချိန်တွင် ပြည်ထဲရေးဝန်ကြီးဌာနက ပြည်နယ်အစိုးရကို ဒုက္ခသည်များအတွက် အဆောက်အအုံများပေးအပ်ခြင်းမှ တားမြစ်ခဲ့သည်။ 

 

“မြန်မာဒုက္ခသည်တွေကို ပြည်နှင်ဒဏ်ပေးဖို့ ဗဟိုအစိုးရက လုပ်ဆောင်နေသမျှ မီဇိုယမ်လူထုအတွက် မသက်သာပါဘူး။ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ အိန္ဒိယက ဒီမိုကရေစီစနစ်ကို ထိန်းသိမ်းဖို့အတွက် ခက်ခဲနေသူတွေကို ထောက်ပံ့ ပေးဖို့ တာဝန်ရှိပါတယ်။ မြန်မာဒုက္ခသည်တွေဟာ ကျွန်တော်တို့ရဲ့ ညီအကိုတွေပါ။ သူတို့ကို နေရပ်ပြန်စေတာဟာ သေလမ်းကို ပို့တာပဲဆိုတာ သံသယရှိစရာ မလိုပါဘူးဟု Vanlalvena က ပြောသည်။ 

 

မီဇိုရမ်ဝန်ကြီးချုပ်နှင့် မီဇိုအမျိုးသားတပ်ဦး အကြီးအကဲလည်း ဖြစ်သူ Zoramthanga က ဧပြီလ ၂၀၂၁ ခုနှစ်က အိန္ဒိယ ဝန်ကြီးချုပ် Narendra Modi ထံ ပြင်းထန်သောအသုံးအနှုန်းများပါဝင်သည့် ပိုမိုကောင်းမွန်သော ထောက်ပံ့မှုများပေးရန် စာတစ်စောင်ကို ပေးပို့ခဲ့သည်။ မီဇိုရမ်သည် စိုးရိမ်စရာ မဖြစ်ပဲ ကျန်ရစ်နိုင်မည်မဟုတ်၊ အိန္ဒိယသည် ကျွန်ုပ်တို့ အိမ်နောက်တွင်ဖြစ်နေသော လူသားချင်းစာနာမှုအကျပ်အတည်းကို မျက်စိမှိတ်နေခြင်း မပြုသင့်ဟု ၎င်းက ရေးသားခဲ့သည်။ 

 

အစိုးရနဲ့ မီဇိုရမ်လူထုက မြန်မာနိုင်ငံက ဒုက္ခသည်တွေကို ကြိုဆိုပါတယ်။ တိုင်းရင်းသားရေးဆိုင်ရာအရ မြန်မာချင်း လူမျိုးတွေဟာ ကျွန်တော်တို့ရဲ့ ညီအကိုတွေ ဖြစ်ပါတယ်။ အိန္ဒိယလွတ်လပ်ရေး မရခင်ကတည်းက ကျွန်တော်တို့ နီးကပ်စွာ စုစည်းခဲ့ကြတာပါဟု Zoramthanga က ရှင်းပြသည်။ 

 

TheInitium နှင့် စကားပြောဆိုခဲ့သော မီဇိုအများစုသည် မြန်မာ ချင်းလူမျိုးများကို အိန္ဒိယတွင် နေထိုင်ရန် ကြိုဆိုကြသည်။ အဓိကလမ်းမကြီးတစ်လျှောက် သူတို့ပိုင်ဆိုင်သမျှကို ရောင်းချနေကြတဲ့ လမ်းလျှောက်နေသူ  လူတွေဟာ မြန်မာတွေပါပဲဟု Aizawl တောင်ပေါ်မြို့တွင် နေထိုင်သူ မီဇိုလူမျိုး Thangte က ပြောသည်။ 

 

ပင်လယ်မျက်နှာပြင်အထက် ၁,၀၀၀ မီတာရှိ မြို့၏ လမ်းများမှာ ၃၀ ဒီဂရီအထိ အနိမ့်၊ အမြင့် ဇောက်နက်သဖြင့် ကား၊ ဆိုင်ကယ်နှင့် အသွားအလာပြုသူများအတွက် ခက်ခဲလှသည်။ 

 

အဓိကလမ်းမကြီးတစ်လျှောက် သူတို့ပိုင်ဆိုင်သမျှကို ရောင်းချနေကြ တဲ့ လမ်းလျှောက်နေသူ  လူတွေဟာ မြန်မာတွေပါပဲ

 

 

အမှန်အတိုင်းဆိုရရင် ဒါက မြန်မာဒုက္ခသည်စခန်းကို ပထမဆုံးအကြိမ် ရောက်ဖူးတာပါ။ဟု Thangte က Simei ဒုက္ခသည်စခန်းမှ ထွက်ခွာပြီးနောက် ပြောသည်။ ကျွန်တော့်သူငယ်ချင်းတွေကို ဒီကို ခေါ်လာဦးမယ်။ မြို့ကနေ စခန်းကို မိနစ် ၄၀ လောက်ပဲ မောင်းရတယ်။ ကျွန်တော်တို့ ဆန်တွေ၊ နေ့စဉ်သုံး ပစ္စည်းတွေနဲ့ ကလေးစာအုပ်တွေ၊ ကစားစရာတွေ သူတို့ကလေးတွေအတွက် ယူလာပေးနိုင်မယ်ထင်တယ်” 

 

၆၇ နှစ်အရွယ်ရှိ မီဇိုလူမျိုး Van La သည် မြန်မာအမျိုးသားနှစ်ဦးကို သန့်ရှင်းရေးနှင့် ချက်ပြုတ်ခြင်းကို ကူညီရန် အလုပ် ပေးထားသည်ဟု ဆိုသည်။ ၎င်းတို့ကို ၅,၀၀၀ ရူပီး(အမေရိကန်ဒေါ်လာ ၆၁ ခန့်)သာ လစာပေးရသည် ဆိုသည်။ သူတို့ အလုပ် အရမ်းကြိုးစားတယ်။ မြန်မာမှာ ကျန်နေတဲ့ မိသားစုဆီ အလည်ပြန်ဖို့ မီဇိုရမ်နဲ့ ချင်းပြည်နယ်ကို ခရီးသွားရတော့ နားရက် မကြာခဏ ပေးရတာတော့ ရှိတာပေါ့” 

 

ဗဟို မီဇို လူငယ်အဖွဲ့အစည်း၏ အထွေထွေအတွင်းရေးမှူး Lalnuntluanga က ဒေသတွင်း ဒုက္ခသည် ၄၀,၀၀၀ ခန့် ရှိနိုင်သည်ဟု ဆိုသည်။ 

           

အိန္ဒိယ၏ လက်ခံနေရာချထားရေး သမိုင်း 

 

အိန္ဒိယသည် အိမ်နီးချင်းနိုင်ငံများ၏ ဒုက္ခသည်များကို လက်ခံနေရာချထားမှု ပြုလုပ်လေ့ရှိသည်။ ၎င်းတို့မှာ ဒလိုင်လားမား အပါအဝင် တိဘက်ဒုက္ခသည်များ၊ ၁၉၇၁ ခုနှစ် အရှေ့ပါကစ္စတန်တွင် စစ်တပ်ဖြိုခွင်းမှုကြောင့် ထွက်ပြေးလာရသော ဟိန္ဒူများနှင့် သီရိလင်္ကာတွင် ပြည်တွင်းစစ်ကြောင့် ထွက်ပြေးလာသော တမီးလ်လူမျိုးများကို လက်ခံပေးခဲ့သည်။ 

 

အိန္ဒိယ၏ ဒုက္ခသည်လက်ခံမှု သမိုင်းကြောင်းကို ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်း စစ်တပ်အာဏာသိမ်းမှုနှင့် ၁၉၈၈ ခုနှစ် ၈၈၈၈ ဒီမိုကရေစီလှုပ်ရှားမှုတို့မှ အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးရသည့် များပြားလှသည့် ဒီမိုကရေစီအရေး တက်ကြွ လှုပ်ရှားသူများနှင့် စစ်အာဏာရှင်အုပ်ချုပ်မှုကို ဆန့်ကျင်သူများ၊ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကြောင့် အိန္ဒိယသို့ ပိုမိုများပြားသော ဒုက္ခသည်များ ထွက်ပြေးရမှုစသည်တို့အထိ ခြေရာခံကြည့်ရှုနိုင်သည်။ 

 

 အာဏာသိမ်းစဉ်မှစ၍ အိန္ဒိယအစိုးရသည် ဒုက္ခသည်များကို လူသားချင်းစာနာမှုအထောက်အပံ့များ မပေးအပ်နိုင်ကြောင်း၊ တတိယနိုင်ငံများသို့ လွှဲပြောင်းပေးခြင်းအပါအဝင် အနာဂတ်လမ်းကြောင်းများ အထောက်အပံ့ပေးရန်လည်း မရှိကြောင်း ပြောဆိုထားသည်။ 

 

အိန္ဒိယတွင် ဒုက္ခသည်များကို နိုင်ငံသားပြုပေးခြင်းသည် အမျိုးသားအကျိုးစီးပွားနှင့် နိုင်ငံတကာရေးရာများအပေါ်တွင်သာ အမြဲ အခြေခံလေ့ရှိသည်။ ဥပမာအားဖြင့် အိန္ဒိယတွင် မွေးဖွားသော တိဘက်ဒုတိယမျိုးဆက်များသည် မကြာသေးခင် နှစ်များအတွင်း အိန္ဒိယအသိအမှတ်ပြုကဒ်နှင့် နိုင်ငံကူးလက်မှတ် ရရှိနိုင်ပြီး ၂၀၁၉ ခုနှစ် နိုင်ငံသားအက်ဥပဒေ ပြင်ဆင်ချက် အရ မူဆလင်မဟုတ်သော ဒုက္ခသည်များကို အချို့သတ်မှတ်ချက်များဖြင့် နိုင်ငံသားဖြစ်ခွင့် ပေးအပ်လိုက်သော်လည်း ၎င်းဥပဒေသည် ဘာသာရေးခွဲခြားဆက်ဆံမှုကြောင့် အငြင်းပွားဖွယ် ဖြစ်ခဲ့သည်။ 

 

ဟိန္ဒူ၊ ဆစ်ခ်၊ ဗုဒ္ဓဘာသာ၊ ဂျိန်း သို့မဟုတ် ပါစီ မဟုတ်သော ဒုက္ခသည်များကို ညှင်းပန်းနှိပ်စက်မှု မှတ်တမ်းများ ရှိပါသည်။ မြန်မာနိုင်ငံမှ ဒုက္ခသည် ခရစ်ယာန် သို့မဟုတ် ရိုဟင်ဂျာမူဆလင်များသည် တရားမဝင် ဝင်ရောက်လာသူများဖြစ်ကြပြီး ပြည်နှင်ဒဏ်ပေးရမည် သို့မဟုတ်ပါက အိန္ဒိယတွင် အခြေချရန် အလုပ်ဗီဇာ ရှိရမည်ဖြစ်သည်။  ၎င်းအခြေအနေသည် မြန်မာနိုင်ငံမှ ရုတ်တရက်ထွက်ပြေးလာရသော ချင်းပြည်နယ်မှ ဒုက္ခသည်များအတွက် ခက်ခဲစေပြီး အသက်ရှင် နေထိုင်ရန်အတွက် တရားမဝင် အတင်းအကျပ် အလုပ်ခိုင်းစေခံရခြင်းသို့ ရောက်ရှိစေနိုင်သည်။ 

 

တရုတ်၏ ခါးပတ်လမ်းအတွက် အချက်အချာ 

 

မြန်မာနိုင်ငံမှ လက်ရှိဒုက္ခသည် အခြေအနေသည် လူသားချင်းစာနာမှုအရေးတစ်ခုမျှသာမက အာရှပစိဖိတ်ဒေသအတွက် တရုတ်နှင့် အိန္ဒိယအကြား အသာစီးရရေး ပထဝီနိုင်ငံရေးလွန်ဆွဲပွဲတစ်ခုလည်း ဖြစ်သည်။ မြန်မာနိုင်ငံသည် တရုတ်ခါးပတ်လမ်းအတွက် အရေးကြီးသည့် အချက်အချာ ဖြစ်ပြီး အိန္ဒိယ၏ အရှေ့ကြည့်၊ အရှေ့လုပ်ဆောင်ရေး မူဝါဒအတွက်လည်း အရေးကြီးအစိတ်အပိုင်းတစ်ခုဖြစ်သည်။

 

တရုတ်အစိုးရသည် မြန်မာနိုင်ငံမှ အောင်မြင်သော ခေါင်းဆောင်များ၊ စစ်တပ် အမာခံ သန်းရွှေနှင့် မင်းအောင်လှိုင်၊ မြန်မာ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သာမက ရင်းနှီးမြှုပ်နှံမှုနှင့် ဆောက်လုပ်ရေးစီမံကိန်း အများအပြားအပါအဝင် နိုင်ငံရေးသမားများ၊ စီးပွားရေးသမားများ၊ အရပ်သားများနှင့် နိုင်ငံရေး၊ စစ်ရေးနှင့် စီးပွားရေးဆက်ဆံမှုကို ပြုစု ပျိုးထောင်ထားသည်။ 

 

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအစောပိုင်းရက်များက တရုတ်သည် မင်းအောင်လှိုင်၏ စစ်တပ်အုပ်ချုပ်မှုကို ထောက်ခံမှု မပြုခဲ့ဘဲ ၎င်းပြုစုပျိုးထောင်ထားခဲ့သည့် ဆက်ဆံရေးများကို အသုံးချကာ မြန်မာပြည်တွင်းရေးပဋိပက္ခကို ဖြေရှင်းနိုင် ကြောင်း အငြင်းပွားခဲ့သည်။ ရလဒ်အားဖြင့် တရုတ်သည် စစ်တပ်ဆန့်ကျင်သည့် ဒီမိုကရေစီ ညီညွတ်ရေးအစိုးရ နှင့်သာမက မင်းအောင်လှိုင်ဦးဆောင်သည့် စစ်အာဏာရှင်များနှင့်ပါ ထိတွေ့ဆက်ဆံခဲ့သည်။ 

 

တရုတ်သည် စစ်တပ်ဆန့်ကျင်သည့် ဒီမိုကရေစီ ညီညွတ်ရေးအစိုးရ နှင့်သာမက မင်းအောင်လှိုင်ဦးဆောင်သည့် စစ်အာဏာရှင်များနှင့်ပါ ထိတွေ့ဆက်ဆံခဲ့သည်။

 

 

သို့သော် မြန်မာနိုင်ငံတွင် ပြည်တွင်းစစ် ဆက်လက်ဖြစ်ပွားနေသည့်နောက်ပိုင်း တရုတ်သည် စစ်အာဏာရှင်တို့ကို မျက်နှာသာ ပေးလာသည်။  တရုတ်အတွက် ခါးပတ်လမ်းစီမံကိန်းအပါအဝင် မြန်မာနိုင်ငံမှ ၎င်း၏ ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်ခြင်းသည် ထိပ်တန်းဦးစားပေးဖြစ်သည်။ အာဏာသိမ်းစဉ်ကစ၍ တရုတ်သည် မြန်မာနိုင်ငံတွင် အမေရိကန် ဒေါ်လာ ၁၁၃ သန်း ရင်းနှီးမြှုပ်နှံမှုခဲ့သည်။ 

 

ခါးပတ်လမ်းစီမံကိန်းအောက်မှ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် (The China-Myanmar Economic Corridor - CMEC) သည် အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နှင့် မြန်မာအကြား အရေးကြီးသော ချိတ်ဆက်မှုဖြစ်သည်။ CMEC တရုတ်နိုင်ငံ ယူနန်ပြည်နယ် မြောက်ပိုင်းမှ စတင်၍ တောင်ပိုင်းသို့ တရုတ်-မြန်မာနယ်စပ်ကို ဖြတ်သန်းကာ မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးမြို့အထိနှင့် ရန်ကုန်နှင့် ရခိုင်ပြည်နယ် ကျောက်ဖြူတို့သို့ အရှေ့-အနောက် တိုးချဲ့ဆန့်တန်းသွားသည်။ 

 

၂၀၁၇ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည့် တရုတ်-မြန်မာ ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်းအပြင် တရုတ်နှင့်မြန်မာတို့သည် ယူနန်-ရခိုင် အမြန်ရထားလမ်းစီမံကိန်း၊ ရခိုင်ပြည်နယ်အတွက် လေအားလျှပ်စစ်နှင့် ကချင်ပြည်နယ်မှ ရေအားလျှပ်စစ်၊ သဘာဝဓာတ်ငွေ့ ဓာတ်အားပေးရုံတို့အပါအဝင် ဆိုင်းငံ့ထားသည့် စီမံကိန်းများအရေး အာဏာသိမ်းပြီးနောက်ပိုင်း ဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။

 

မည်သို့ပင်ဆိုစေ CMEC မြှင့်တင်ရန်အတွက် ရှေးဦးလိုအပ်ချက်အဖြစ် လမ်းကြောင်းတစ်လျှောက် လုံခြုံရေးနှင့် တည်ငြိမ်မှုရှိရေး သေချာရမည်ဖြစ်သည်။ တရုတ်သည် နယ်စပ်မှ လက်နက်ကိုင်အဖွဲ့များကို ဦးတည်ချက်ထားသည့် ရှည်လျားသော သမိုင်းကြောင်းရှိပြီး အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် လက်မှတ်မထိုးထားသူများသည် နေပြည်တော် ငြိမ်းချမ်းရေးညီလာခံများသို့ တက်ရောက်ရန် တရုတ်ကိုယ်စားလှယ်များကို အားကိုးအားထား ပြုရမည် ဖြစ်သည်။ ရခိုင်ပြည်နယ်နှင့် တရုတ်နယ်စပ် ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းတို့ပါဝင်သည့် ၎င်းအုပ်စုများ ထိန်းချုပ်ထားသည့် ဒေသများသည် CMEC စီမံကိန်းကို ခွထိုင်ထားသကဲ့သို့ဖြစ်သည်။ 

 

အောက်တိုဘာလ ၂၀၂၂ ခုနှစ် အကြိမ် ၂၀ မြောက် ကွန်မြူနစ်ပါတီ အမျိုးသားညီလာခံကျင်းပနေချိန်တွင် တရုတ်အစိုးရ၏ မြန်မာစစ်အစိုးရကို ထောက်ခံအားပေးမှုသည် ပိုမိုထင်ရှားလာခဲ့သည်။ ၎င်းတို့မှာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံခြားရေးရာကော်မရှင်ရုံး ညွှန်ကြားရေးမှူး Wang Yi မြန်မာနိုင်ငံသို့ လာရောက်မှု၊ နိုင်ငံခြားရေးဝန်ကြီး Qin Gang က တရုတ်သည် နိုင်ငံတကာအရေးပြိုင်မှုတွင် မြန်မာဘက်မှ ရပ်တည်သည်။ဟု ပြောကြားခဲ့သည့် မင်းအောင်လှိုင်နှင့် ယခုနှစ် တွေ့ဆုံမှုတို့သာမက တရုတ်-မြန်မာနယ်စပ်သို့ ထူးထူးခြားခြား လည်ပတ်၍ ပိုမိုအားကောင်းသော နယ်စပ် လုံခြုံရေးတောင်းဆိုမှုတို့ ပါဝင်သည်။ 

 

ယနေ့ မြန်မာနှင့်ပတ်သတ်၍ အိန္ဒိယ၏ မူဝါဒသည် ၎င်း၏ အရှေ့မြောက်ဘက် နယ်စပ် နိုင်ငံလုံခြုံရေးပေါ်တွင် များစွာ မူတည်နေသကဲ့သို့ စစ်အစိုးရ၏ တရုတ်နှင့် အခြားနိုင်ငံများ ဆက်ဆံရေးတို့ပေါ်တွင်လည်း များစွာမူတည်နေသည်။ အိန္ဒိယ၏ အရှေ့သို့ မူဝါဒ၏ အဓိကအချက်များမှာ အင်ဒို-မြန်မာ-ထိုင်း အဝေးပြေးလမ်းမကြီးနှင့် အိန္ဒိယ၏ အရှေ့မြောက်ဒေသနှင့် အရှေ့တောင်အာရှကုိ ချိတ်ဆက်မည့် ကလတန် မိုဒယ်စုံ သယ်ယူပို့ဆောင်ရေး အစီအစဉ် (Kaladan Multi-Modal Transport Program - KMTP) တို့ပါဝင်သည်။ 

 

အိန္ဒိယရန်ပုံငွေထောက်ပံ့ထားသည့် စစ်တွေဆိပ်ကမ်းသည် မေလ ၂၀၂၃ ခုနှစ်တွင် လုပ်ငန်းလည်ပတ်ခဲ့သည်။ တရုတ် ရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်သည့် ကျောက်ဖြူဆိပ်ကမ်းနှင့် ကပ်လျက်တည်ရှိသောကြောင့် အိန္ဒိယ-မြန်မာ-တရုတ ဆက်ဆံရေးကို တစ်နည်းတစ်ဖုံ မျှခြေဖြစ်စေခဲ့သည်။ ၁၀၉ ကီလိုမီတာ ရှည်သော မြန်မာနိုင်ငံ ချင်းပြည်နယ်ကို ဖြတ်၍ အိန္ဒိယ မီဇိုရမ်ပြည်နယ်ကို ဖောက်လုပ်မည့် လမ်းမှာမူ စတင်ဖောက်လုပ်ခြင်း မရှိသေးပေ။ 

 

ချင်းပြည်နယ်မှ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် လက်နက်ကိုင်ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် လမ်းတည်ဆောက်ရေးအတွက် NLD နှင့် ဒေသတွင်း ထိန်းချုပ်ထားသည့် PDF များကို ညှိနှိုင်းရမည်ဖြစ်သည်။ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်သည် ချင်းပြည်နယ်ကို လေကြောင်းတိုက်ခိုက်မှုနှင့် ဗုံးကြဲမှု ၁၄ ကြိမ် ပြုလုပ်ခဲ့သည်။ 

 

မြန်မာ့အရေးကို အာဏာသိမ်းစဉ်ကစ၍ အိန္ဒိယသည် သတိချပ်နေခဲ့ပြီး စစ်အစိုးရနှင့် ထိပ်တိုက်ရင်ဆိုင်မှုမပြုဘဲ ရှောင်ရှား နေခဲ့သည်။ အိန္ဒိယသည် ၂၀၂၂ ခုနှစ် ကုလလုံခြုံရေးကောင်စီ မြန်မာ့အရေးဖြေရှင်းချက်ကို မဲမပေးဘဲ နေခဲ့ပြီး စစ်အစိုးရနှင့် ပတ်သက်၍ တိတ်ဆိတ်နေခြင်း၊ သည်းခံခြင်းနှင့် အပြုသဘောဆောင်သော သံတမန်ရေးကိုသာ တောင်းဆိုခဲ့သည်။ 

 

အရင်းအမြစ်များ ကြွယ်ဝမှု 

 

အိန္ဒိယသည် မြန်မာသို့ ဒေါ်လာ ၅၁ သန်း တန်ဖိုးရှိ လက်နက်နှင့် ကိရိယာများ ရောင်းချခဲ့သော်လည်း မြန်မာနိုင်ငံတွင်း မငြိမ်သက်မှုသည် အိန္ဒိယအတွက် အဓိက စိန်ခေါ်မှု နှစ်ခု ဖြစ်ပေါ်စေခဲ့သည်။ ၎င်းတို့မှာ မြန်မာနှင့် တရုတ် နီးစပ်လာမှုနှင့် အိန္ဒိယအရှေ့မြောက်ပိုင်းဒေသ မတည်ငြိမ်မှုနှင့် ပရမ်းပတာဖြစ်မှု ဖြစ်ပေါ်လာခြင်းတို့ဖြစ်သည်။ 

 

အာဏာသိမ်းပြီးနောက်ပိုင်း အိန္ဒိယအစိုးရသည် အခြေအနေကို လွဲမှားစွဲ ကောက်ချက်ချခဲ့ပြီး မင်းအောင်လှိုင်နှင့် စစ်အစိုးရအပေါ် တွင် လောင်းကြေးထပ်ခဲ့သည်။ သို့သော် ပြည်တွင်းစစ်ဖြစ်ပွားလာသောအခါတွင်မူ PDF များကို လေကြောင်းဖြင့် ဖိနှိပ်ရန်သာ တတ်နိုင်ခဲ့ပြီး၊ အမျိုးသားရေးသမား စစ်သားများ ဘက်ပြောင်းလာခြင်းတို့နှင့်အတူ မင်းအောင်လှိုင်၏ မြန်မာနိုင်ငံကို ထိန်းချုပ်မှုမှာ မှေးမှိန် အားလျော့လာခဲ့သည်။

 

စစ်အာဏာရှင်တို့သည် တရုတ်-မြန်မာနယ်စပ်တလျှောက် တရုတ်လုံခြုံရေးကို အာမခံခဲ့သော်လည်း စစ်အာဏာရှင် ကာကွယ်မှုအောက်မှ အရှေ့မြောက်ပိုင်းဒေသတွင် ခုခံရေးတပ်ဖွဲ့များ၏ ဆက်လက်ဖြစ်ပေါ်နေသော လှုပ်ရှားမှုများ အပါအဝင် အင်ဒို-မြန်မာ နယ်စပ်တည်ငြိမ်ရေးကိုမူ အာမခံနိုင်ခဲ့ပုံမပေါ်ချေ။ 

 

ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတွင် မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများက အိန္ဒိယနယ်စပ်သို့ ဒုက္ခသည်များ ထွက်ပြေးမှု ပိုမိုဖြစ်ပေါ်စေပြီး အိန္ဒိယက ဒုက္ခသည်များအတွက် အမှန်တကယ် ကူညီကယ်ဆယ်မှု၊ ပြန်လည်အခြေချမှုနှင့် နေရာပြောင်းရွှေ့ချထားမှုများ ပြုလုပ်ရန် ပျက်ကွက်ခဲ့ပြီး လူအမြောက်အများမှာ မူးယစ်ဆေးဝါးသယ်ယူမှု၊ မှောင်ခိုအရောင်းအဝယ်၊ ဥပဒေစိုးမိုးရေး ပြဿနာများတွင် သယ်ဆောင်လာခဲ့ကြသည်။

 

မင်းအောင်လှိုင်ပေးတဲ့ ဒုက္ခကို အိန္ဒိယက မျက်လုံးဖွင့်ကြည့်ရမယ်။ဟု မီဇိုရမ်သို့ ပြောင်းရွှေ့နေရသည့် ချင်းပြည်နယ်မှ လွှတ်တော်အမတ် Shyamy က ပြောကြားသည်။ အိန္ဒိယမှာ ရှိတဲ့ မြန်မာဒုက္ခသည်တွေရဲ့ ဒုက္ခကို အိန္ဒိယမျက်စိ ဖွင့်ကြည့်ရင် နွမ်းပါးနိမ့်ကျနေတဲ့ ဒုက္ခသည်တွေကို အရပ်ဘက်အဖွဲ့အစည်းတွေ ပိုမို လာရောက် ထောက်ကူပေးနိုင်မှာ ဖြစ်တယ်။ဟု ၎င်းက ပြောသည်။ 

 

အိန္ဒိယမှာ ရှိတဲ့ မြန်မာဒုက္ခသည်တွေရဲ့ ဒုက္ခကို အိန္ဒိယမျက်စိ ဖွင့်ကြည့်ရင် နွမ်းပါးနိမ့်ကျနေတဲ့ ဒုက္ခသည်တွေကို အရပ်ဘက် အဖွဲ့အစည်းတွေ ပိုမို လာရောက် ထောက်ကူပေးနိုင်မှာ ဖြစ်တယ်

 

 

မင်းအောင်လှိုင်ကို ပစ်သတ်ဖို့ အိန္ဒိယကို မမျှော်လင့်ပါဘူး။ ဒါပေမယ့် အိန္ဒိယအစိုးရက မြန်မာဒုက္ခသည်တွေကို လူသားချင်းစာနာမှုအထောက်အပံ့တွေ ပေးအပ်ဖို့ မျှော်လင့်ပါတယ်။ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနဲ့ စီးပွားရေးနိုင်ငံဖြစ်တဲ့ အိန္ဒိယက ဒီလူတွေ ခံစားနေရတာ၊ ငတ်မွတ်ခေါင်းပါးနေတာ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ အားနည်းနေတာကို ကြည့်နေနိုင်ပါလိမ့်။ဟု ၎င်းက ပြောသည်။ 

 

မြန်မာနိုင်ငံဟာ သဘာဝအရင်းအမြစ်တွေ ကြွယ်ဝတဲ့အတွက် မြန်မာနိုင်ငံကို ဒီမိုကရေစီ ပြန်လည်ရရှိအောင် ထောက်ကူ ပေးနိုင်ပြီး အမျိုးသားညီညွတ်ရေးအစိုးရကိုသာ ထောက်ပံ့ပေးနိုင်ရင် အိန္ဒိယက ပထမဆုံး အကျိုးအမြတ်ရမှာပဲ။” 

 

ကိုးကား - World Crunch

ပုံစာ- ဇန်နဝါရီ ၂၂၊ ၂၀၁၉ ။ အိန္ဒိယနိုင်ငံ၊ ထရိပူရ၊ အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ သုံးရက်ကြာ သောင်တင်နေတဲ့ ရိုဟင်ဂျာ ၃၁ ဦးကို ရဲစခန်းတွင် ထိန်းသိမ်းထားစဥ်

Source- Abhisek Saha/Zuma

 

Burma Associated Press

မြန်မာ
အာဏာသိမ်း
စစ်ကောင်စီ
တရုတ်
အိန္ဒိယ

Share With
bap-logo