bap-logo
Article

ရှီကျင့်ဖျင်၏ အကြွင်းမဲ့ထိန်းချုပ်ရေး အစီအမံ

ydTt_qWHbpNriUm1YQona-image

လွန်ခဲ့သော ၄ လ က

 

မော်စီတုန်းခေတ် စောင့်ကြပ်ကြည့်ရှုရေးလှုပ်ရှားမှုများကို ပြန်လည် အသက်သွင်းသည့်အနေဖြင့် အာဏာပိုင်များက ဒေသခံနေထိုင်သူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် စီးပွားရေးလုပ်ငန်းများကို ဖြစ်ပေါ်လာနိုင်သည့် မငြိမ်မသက်မှုများမှ တားဆီးရန် ခြေရာခံ စောင့်ကြည့်နေကြသည်။

 

များပြားကျယ်ပြန့်လာသော ဘေဂျင်း လူနေတိုက်ခန်း အဆောက်အအုံတစ်ခုစီတိုင်းတွင် ထည့်သွင်းထားသည့် ရဲစခန်းများ၏ နံရံများတွင် စာရွက်များ ကပ်ထားသည်။ ၎င်းစာရွက်တိုင်းတွင် ဒေသခံနေထိုင်သူများ၏ အမည်များ၊ ဖုန်းနံပါတ်များနှင့် အခြားအချက်အလက်များကို ယူနစ်အလိုက် ခွဲခြားထားသည်။

 

အရေးအကြီးဆုံး အချက်မှာ ၎င်းယူနစ်တစ်ခုစီကို မည်ကဲ့သို့ အရောင်ခွဲခြားထားသနည်းဆိုသည့် အချက်ဖြစ်နိုင်ပါသည်။ အစိမ်းရောင်မှာ ယုံကြည်စိတ်ချရသည်။ အဝါရောင်မှာ ဂရုပြုရန် လိုသည်။ လိမ္မော်ရောင်မှာ "တင်းကျပ်သည့် ထိန်းချုပ်မှုလိုအပ်သည်။

 

ရဲအရာရှိတစ်ဦးက နံရံကို စစ်ဆေးပြီး တတိယထပ် လူနေတိုက်ခန်းများကို အဝါရောင် အမှတ်အသား ပြုလိုက်သည်။ ၎င်းယူနစ်ရှိ နေထိုင်သူများမှာ မကြာခဏ အပြောင်းအလဲ ရှိသည်။

 

သည့်အတွက် "အန္တရာယ်မြင့်ဟု ၎င်းက မှတ်ချက်ရေးထားသည်။ ၎င်းရဲအရာရှိက ထိုယူနစ်ကို နောက်ပိုင်းတွင် ဆက်လက်စောင့်ကြည့်သွားဖွယ်ရှိသည်။

 

ကျွန်တော့် အပိုင်စီရင်စုထဲမှာ ပုန်းကွယ်ထားတဲ့ အန္တရာယ်တွေကို ဖော်ထုတ်ဖြေရှင်းဖို့ စနစ်တစ်ခု ကျွန်တော် တည်ဆောက်ထားတယ်။ဟု ဒေသခံအစိုးရက ၎င်းရဲအရာရှိ၏ တီထွင်ဆန်းသစ်သည့် ရဲလုပ်ငန်းပုံစံကို ချီးမွမ်းဂုဏ်ပြုထားသော ဗီဒီယိုတစ်ခုတွင် ၎င်းအရာရှိက ပြောသည်။

 

၎င်းမှာ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင် လိုချင်သည့် ပို၍ မြင်သာသော၊ ပို၍ ကျူးကျော်ချဉ်းနင်းမှုပြုသော၊ ခြိမ်းခြောက်မှု အစစ်အမှန် သို့မဟုတ် ခြိမ်းခြောက်မှုဟု ယူဆရသည်တို့ကို အမြဲတမ်း ရှာဖွေစောင့်ကြည့်နေစေသော ဒေသခံအုပ်ချုပ်ရေးအမျိုးအစားပင် ဖြစ်သည်။

 

 

အရာရှိများက လူနေတိုက်ခန်းအဆောက်အအုံများတွင် အိမ်နီးနားချင်းများ အချင်းများ ရန်ဖြစ်သည်ကို နားထောင်ရန် ကင်းလှည့်ကြသည်။ အရာရှိများက အိမ်ပြင်ပတွင် စစ်တုရင်ကစားနေသည့် အငြိမ်းစားဝန်ထမ်းများကို မျက်လုံးနှင့် နားအပိုများအဖြစ် ငှားရမ်းကြသည်။ အလုပ်ခွင်တွင် အလုပ်ရှင်များက "ဘေးကင်းရေးဆိုင်ရာ အကြံပေးများကို ခန့်အပ်ငှားရမ်းရန် လိုအပ်ပြီး ၎င်းအကြံပေးများက ရဲကို ပုံမှန် သတင်းပို့ကြသည်။

 

တရုတ်ကွန်မြူနစ်ပါတီသည် တက်ကြွလှုပ်ရှားသူများ၊ မကျေနပ်မှုကို ထုတ်ဖော်ရန် အလားအလာရှိသူများကို စောင့်ကြည့်ရန် ကမ္ဘာတွင် အကျယ်ပြန့်ဆုံး စောင့်ကြည့်ရေး ယန္တရားကို ထိန်းချုပ်ထားခဲ့သည်မှာ ကြာမြင့်ပြီဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကာလတွင် စောင့်ကြည့်ရေးမှာ မကြုံဖူးလောက်အောင် ကျယ်ပြန့်ကြီးမားလာသည်။ ကူးစက်မှုကို ကာကွယ်ရန်ဟု အကြောင်းပြကာ မြို့ပြအိမ်ရာ အားလုံးနီးပါးတွင် ခြေရာခံမှုများ ပြုလုပ်နေပြီ ဖြစ်သည်။

 

ယခုအခါ မစ္စတာ ရှီက ချဲ့ထွင်မှုများပြုလုပ်ခဲ့သော ၎င်းခြေရာခံစောင့်ကြည့်ရေးကို အမြဲတမ်းအဆင့်သို့ ပြောင်းလဲလိုပြီး ပို၍ ကျယ်ပြန့်ပြင်းထန်စွာ လုပ်ဆောင်ရန် လိုလားနေသည်။

 

ရည်မှန်းချက်မှာ ဗိုင်းရပ်စ်နှင့် သဘောထားမတိုက်ဆိုင်သူများကဲ့သို့သော ခြိမ်းခြောက်မှုများကို ဖြေရှင်းရေးသာ မကတော့ပေ။ မည်မျှ သေးငယ်သည့် နိုင်ငံရေးပါဝင်မှု မရှိသည့် ပြဿနာဖြစ်စေ နေ့စဉ်ဘဝများတွင် ပေါ်ပေါက်မလာစေရေးအတွက် ပါတီကို နက်ရှိုင်းစွာ မြှုပ်နှံထားရေးဖြစ်သည်။

 

Fengqiao ဆိုသည်မှာ လူထုကို ပြုပြင်တည့်မတ်ရေးဟု ရည်ညွှန်းထားသော်လည်း အမှန်တကယ်တမ်းမှာ အာဏာရှင်စနစ် ခိုင်မာအားကောင်းစေရေးဖြစ်သည်

 

 

မစ္စတာရှီက ၎င်းအားထုတ်မှုကို "ခေတ်သစ်တစ်ခုအတွက် ဖန်ဂျောင် (Fengqiao)အထိအတွေ့ဟု အမည်တပ်ခဲ့သည်။ (Fengqiao ဆိုသည်မှာ လူထုကို ပြုပြင်တည့်မတ်ရေးဟု ရည်ညွှန်းထားသော်လည်း အမှန်တကယ်တမ်းမှာ အာဏာရှင်စနစ် ခိုင်မာအားကောင်းစေရေးဖြစ်သည်။)

 

ဝါဒဖြန့်ဗီဒီယိုတစ်ခုတွင် ဘေဂျင်းဆင်ခြေဖုံး Zhangjiawan ကို နိုင်ငံပိုင်မီဒီယာတွင် အမျိုးသား စံပြဥပမာအဖြစ် မကြာသေးခင်က ဖော်ပြခဲ့သည်။

 

“Fengqiao” ဆိုသည်မှာ မော်စီတုန်းခေတ်တွင် ကွန်မြူနစ်ဆန့်ကျင်ရေး ကဗျာများ ရေးသားသည့် ပြစ်မှုများကို ကျူးလွန်မိပါကြောင်းစသည့် ဝန်ခံမှုများ မပြုမခြင်း အများမြင်ကွင်းတွင် အော်ဟစ်စော်ကားခံရခြင်း၊ အရှက်ရစေခြင်းတို့ ပြုလုပ်ခဲ့သည့် ရုန်းကန်ယှဉ်ပြိုင်ရေး စုဝေးမှု (Struggle sessions)မှ တဆင့် နိုင်ငံရေးရန်သူဟု ယူဆရသူများကို "ပြန်လည် ပညာပေးရေးအတွက် ဒေသခံများကို ပါတီက တိုက်တွန်းအားပေးခဲ့သည့် မြို့တစ်မြို့ကို ရည်ညွှန်းထားခြင်းဖြစ်သည်။

 

မစ္စတာရှီက အရေးကြီးသည့် မိန့်ခွန်းများတွင် ဖန်ဂျောင် အထိအတွေ့ကို ပုံမှန်လိုလို ရည်ညွှန်း ကိုးကားလေ့ရှိသည်။ သို့သော် ရုန်းကန် ယှဉ်ပြိုင်ရေး စုဝေးမှုများ(Struggle sessions)အတွင်း ကျူးလွန်သူဟု စွပ်စွဲခံရသူများအပေါ် တခါတရံ ရိုက်နှက် နှိပ်စက်ခံရခြင်းများကိုမူ ပြန်လည် ဖော်ပြလေ့ မရှိပေ။

 

အတွေးအခေါ်မှာ အတူတူပင် ဖြစ်ပါသည်။ ပါတီကို စိန်ခေါ်မှုမှန်သမျှ ဖိနှိပ်ရန်၊ ပါတီ၏ တရားဝင်မှုကို တည်မြဲစေရန်တို့အတွက် သာမန်လူအများကို ရဲနှင့်အတူတကွလုပ်ဆောင်စေ၍ ဇက်ကြိုးဆွဲထိန်းချုပ်ထားခြင်းပင် ဖြစ်သည်။

 

ပါတီက ၎င်းအားထုတ်မှုကို အများပြည်သူဝန်ဆောင်မှုအဖြစ် ပုံဖော်ခဲ့သည်။ လူထုနှင့် "သုည အကွာအဝေးသာ ရှိခြင်းသည် အကြံပြုချက်များ မြန်ဆန်စွာ ရရှိနိုင်သည်။

 

ဥပမာ အမှိုက်သိမ်းခြင်းနှင့် ပတ်သက်သော အကြံပြုချက်များကို ပိုမိုမြန်ဆန်စွာ ရရှိနိုင်သည်။ ဒေသခံများအကြား စီးပွားရေးအငြင်းပွားမှုများကြောင့် တရားရုံးသို့ သွားရမည့် ဒုက္ခများ မရှိတော့ပေ။ တရားဝင်ဥပဒေအရ ဖြေရှင်းရမည့်အစား ပါတီကြားဝင်ဆောင်ရွက်သူများက ပဋိပက္ခများကို စီမံခန့်ခွဲနေသည်။ ('သုည အကွာအဝေးဆိုသည်မှာ ပါတီ၏ ထိန်းချုပ်မှုနှင့် လွှမ်းမိုးမှုကို အလေးပေးသည့်အနေဖြင့် အငြင်းပွားမှုနှင့် ပြဿနာများကို တရားရေးအရ မဖြေရှင်းစေဘဲ ပါတီက တိုက်ရိုက် ဝင်ရောက် စီမံခြင်းဖြစ်သည်။)

 

မစ္စတာရှီသည် ဖန်ဂျောင်အထိအတွေ့ကို ပါတီက လူထု၏ လိုအပ်ချက်နှင့် ဆန္ဒများ မြန်ဆန်စွာ တုန့်ပြန်ဖြေရှင်းပေးနိုင်သည့် သက်သေပြချက်အဖြစ် ညွှန်ပြလေ့ရှိသော်လည်း ၎င်းက လွတ်လပ်စွာ ဖော်ထုတ်ပြသခွင့်နှင့် သဘောထားကွဲလွဲမှုများကိုမူ ဖိနှိပ်ထားသည်။

 

၎င်းအားထုတ်လုပ်ဆောင်မှုမှာ ၎င်း၏ နိုင်ငံရေးအမွေဆက်ခံမှုကို ခိုင်မာစေရေးလည်း ဖြစ်သည်။ ထိပ်တန်းအရာရှိများက ဖန်ဂျောင်အထိအတွေ့ကို မစ္စတာရှီ၏ အမြော်အမြင်ရှိသော ခေါင်းဆောင်မှု၏ ဥပမာတစ်ခုအဖြစ် ကြိုဆိုဂုဏ်ပြုကြသော်လည်း ပညာရှင်များကမူ "ကမ္ဘာသို့ တရုတ်အုပ်ချုပ်ရေးကို ပြသသည့် ပုံစံတစ်ခုဟု ရှင်းလင်းဖော်ပြကြသည်။

 

၎င်းလှုပ်ရှားမှုများက စိန်ခေါ်မှုများ မြင့်တက်လာနေစဉ်ကာလအတွင်း တရုတ်အစိုးရ၏ ဖိနှိပ်နိုင်မှု စွမ်းရည်ကို ခိုင်မာအားကောင်းစေသည်။ တရုတ်နိုင်ငံ စီးပွားရေး နှေးကွေးနေခြင်း၊ လုပ်ခလစာမရ၍ ဆန္ဒဖော်ထုတ်ခြင်းများ၊ မပြီးစီးသေးသည့် အိမ်ရာများ တိုးမြင့်လာနေသည်။ အနောက်နိုင်ငံများနှင့် တင်းမာမှုကြောင့် တရုတ်အစိုးရက နိုင်ငံခြားသူလျှိုများ နေရာအနှံ့ပျံ့နှံ့လာမည်ကို သတိထားလာသည်။ ပါတီက အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူများ၊ ကျောင်းသားများ၊ လိင်စိတ်ခံယူမှုကွဲပြားသူများ အခွင့်အရေးလှုပ်ရှားသူများကဲ့သို့သော အဖွဲ့များအပေါ် စိစစ်ကြပ်မတ်မှုများလည်း တင်းကျပ်လာသည်။

 

ဖန်ဂျောင်အမည်တပ်၍ ရဲများက တိဘက်လူမျိုးများ၊ ဝီဂါလူမျိုးများနှင့် အခြား လူနည်းစုအဖွဲ့များရှိရာ အိမ်များသို့ သွားရောက်ကာ ပါတီမူဝါဒများ မြှင့်တင်စည်းရုံးကြသည်။ ကုမ္ပဏီများက ၎င်းတို့၏ ဝန်ထမ်းများကို ရဲအချက်အလက်မှတ်တမ်းများတွင် မှတ်ပုံတင်ဖြည့်သွင်းပေးရသည်။

 

အစိုးရအလုပ်သမားများသည် ဘုရားကျောင်းများတွင် "ကိုးကွယ်ယုံကြည်မှုဆိုင်ရာ တားဆီးဆန့်ကျင်ရေးသင်ခန်းစာများ နာယူရသည်။ ရဲအရာရှိများနှင့် တရားသူကြီးများကို မူလတန်းကျောင်းများတွင် "ဥပဒေရေးရာ ဒုတိယအကြီးအကဲအဖြစ် ထည့်သွင်းထားပြီး ကျောင်းသား၊ ကျောင်းသူများ၏ အန္တရာယ်အဆင့် ယူဆချက်များကို ဖိုင်တွဲသိမ်းဆည်းထားရသည်။

 

မပြင်းထန်သော၊ နိုင်ငံရေးနှင့် မသက်ဆိုင်သော ဝေဖန်မှုများကိုပင် ပိတ်ပင်ထားခြင်းအားဖြင့် ပါတီက လမ်းကြောင်းဖော်ဆောင်ရန် ကြိုးပမ်းနေသည့် တရားဝင်မှုကို တိုက်စားသွားနိုင်ပါသည်။

 

မော်၏ အယူအဆကို ပြောင်းလဲပုံဖော်ခြင်း

 

မစ္စတာရှီ၏ ဖန်ဂျောင်အထိအတွေ့ကို စိတ်ဝင်စားမှုမှာ ၎င်း အာဏာအဆင့်အတန်း မြှင့်တင်နေဆဲ ပြီးခဲ့သည့် ဆယ်စုနှစ် နှစ်ခုကပင် ဖြစ်သည်။

 

၂၀၀၃ ခုနှစ်တွင် မစ္စတာရှီသည် တရုတ်နိုင်ငံအရှေ့ပိုင်း Zhejiang ပြည်နယ်၏ ပါတီအတွင်းရေးမှူး ဖြစ်လာသည်။ တရုတ်နိုင်ငံ၏ စီးပွားရေး တံခါးဖွင့်လှစ်မှုကြောင့် ၎င်းပြည်နယ်သည် အကြီးအကျယ် ကြွယ်ဝချမ်းသာလာသော်လည်း ရာဇဝတ်မှုများ ထူပြောလာသည်။ ယင်းအတွက် မစ္စတာရှီက အဖြေရှာခဲ့ရာမှ Fengqiao ဖန်ဂျောင် ဟု ခေါ်တွင်ခဲ့သော Zhejiang မြို့ငယ်လေးကို အာရုံစိုက် အတုယူခဲ့သည်ဟု တရားဝင် မီဒီယာတင်ပြချက်များအရ သိရသည်။

 

မြေရှင်များ၊ ချမ်းသာသော လယ်သမားများကဲ့သို့သော "လူထု ရန်သူများ" ကို ထိပ်တိုက် ရင်ဆိုင်ကြရန် မော်က တရုတ်လူထုကို ဆော်ဩခဲ့ပြီးနောက်ပိုင်း ၎င်းမြို့လေးသည် ပါတီသမိုင်းကြောင်းအတွင်း ၁၉၆၀ တွင် ပါဝင်လာခြင်းဖြစ်သည်။

 

တရားဝင်အဆိုအရမူ ဖန်ဂျောင်မြို့နေလူထုက ကနဦးတွင် အဖမ်းအဆီးများ ပြုလုပ်ရေး ရဲများကို တောင်းဆိုရာမှ စတင်သည်ဟု ဆိုသည်။ သို့သော် ဒေသတွင်း ပါတီခေါင်းဆောင်များက မြို့နေလူထုကို ၎င်းတို့ဘာသာ ရန်သူကို စိစစ်သတ်မှတ်ပြီး "ပြန်လည် ပညာပေးရေးလုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။

 

အဆုံးစွန်အားဖြင့် လူ ၁၀၀၀ နီးပါး ဖောက်ပြန်ရေး ဝါဒီများအဖြစ် သတ်မှတ်ခံခဲ့ရသည်ဟု ဖန်ဂျောင်အရာရှိများ အဆိုအရ သိရသည်။ ၎င်းတို့နှင့် ၎င်းတို့၏ မိသားစုများသည် အလုပ်ရှာရ ခက်ခဲခြင်း၊ ကျောင်းမတက်ရခြင်းများနှင့် လက်ထပ်ရန်ပင် ခက်ခဲခဲ့ကြသည်။ မော်က "ဖန်ဂျောင်အထိအတွေ့ကို နိုင်ငံအတွက် စံပြပုံစံအဖြစ် ကြေငြာခဲ့သည်။ များမကြာမီမှာပင် ၎င်းက ဆယ်စုနှစ်တစ်ခုကြာမြင့်သည့် နောက်ထပ် သွေးစွန်းသော ကြီးမားကျယ်ပြန့်သည့် ယဉ်ကျေးမှုတော်လှန်ရေး လှုပ်ရှားမှုတစ်ခု စတင်ခဲ့သည်။

 

မော်သေဆုံးသွားသောအခါ ၎င်းအရာ ဆက်ခံသူများက ၎င်း၏ အုပ်ချုပ်မှုကြောင့် ဖြစ်ပေါ်ခဲ့သော ကသောင်းကနင်းဖြစ်မှုများမှ ရှောင်ဖယ်နေခဲ့သဖြင့် ၎င်းစကားစုမှာ ကြိုက်နှစ်သက်မှု နည်းပါးလာခဲ့သည်။

 

မစ္စတာရှီကမူ ၎င်းစကားစုကို ထွေးပွေ့လက်ခံခဲ့သည်။ ၎င်း၏ ၂၀၀၃ ခုနှစ် ဖန်ဂျောင်ခရီးစဉ်မှ ပထမဆုံးသွားရောက်သည့် နေရာမှာ ၁၉၆၀ ခုနှစ်များအတွင်း ပြပွဲတစ်ခုအကြောင်း ၎င်း စုံစမ်းစစ်ဆေးခဲ့သည့် နယ်မြေရဲစခန်းဖြစ်သည်။ လများအကြာတွင် ၎င်းက ထပ်မံသွားရောက်ခဲ့ပြီး ပြဿနာများကို စောလျင်စွာဖြေရှင်းရေး အယူအဆကို ချီးကျူးဂုဏ်ပြုခဲ့သည်။ "ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ အခြေအနေနဲ့ တာဝန်ယူမှုတွေက ပြောင်းလဲခဲ့ပြီဆိုပေမယ့် ဖန်ဂျောင်အထိအတွေ့ကတော့ ခေတ်နောက် မကျသေးပါဘူး။ဟု ၎င်းက ပြောသည်။

 

ဖွဲ့စည်းတည်ဆောက်ပုံက ဒီလိုပါ။ အိမ်ပြင်မထွက်ရအမိန့် သုံးနှစ်ကြာလာပြီးတဲ့နောက် ဒီစနစ် ဘယ်လို အလုပ်လုပ်တယ်ဆိုတာကို အတွင်းကျကျ အများကြီး သိသွားပုံရတယ်

 

 

၂၀၀၀ ခုနှစ်များအတွင်း အလျင်အမြန် ပြောင်းလဲမှုများအကြား ပါတီ၏ ကျယ်ပြန့်သော ပြောင်းလဲမှု တစ်စိတ်တစ်ပိုင်းအဖြစ် "တည်ငြိမ်မှု ထိန်းသိမ်းရေးဆီသို့ ဦးတည်သည့် လူမှုထိန်းချုပ်မှု ပိုမိုပြုလုပ်သွားရန် မစ္စတာ ရှီက ဆိုသည်။ ၎င်း တည်ငြိမ်မှု ထိန်းသိမ်းရေးဆိုသည့် အသုံးအနှုန်းမှာ လူမှုပြဿနာများကို အုပ်ဆိုင်းထားခြင်းနှင့် သဘောထားမတူညီမှုများကို အသံပိတ်ထားခြင်းများလည်း ပါဝင်သည်။

 

မစ္စတာရှီ ၂၀၁၂ ခုနှစ်တွင် ထိပ်တန်းခေါင်းဆောင်ဖြစ်လာသောအခါ ၎င်းအာရုံစိုက်မှုကို ပိုမို အလေး ပေးလာခဲ့သည်။ နိုင်ငံပိုင်မီဒီယာများတွင် ဖန်ဂျောင်ကို ပြောဆိုဖော်ပြမှု အများအပြား တွေ့လာရသည်။ ထို့နောက် ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးဖြစ်ပေါ်လာပြီး အစိုးရက တစ်ဦးချင်းစီ၏ လှုပ်ရှားမှုကို မိနစ်တိုင်းတွင် ခြေရာခံမှု စတင်လာခဲ့သည်။

 

မိုဘိုင်း ကျန်းမာရေး app များ ဒေါင်းလုဒ်ပြုလုပ်စေ၍ နည်းပညာအသုံးပြုခြင်းများလည်း တစ်စိတ်တစ်ပိုင်း ပါဝင်ခဲ့သည်။ သို့သော် ခေတ်ဟောင်းပုံစံ လုပ်သားများ အသုံးပြုခြင်းကိုလည်း ကျင့်သုံးခဲ့သည်။ "အကွက်ရိုက် စီမံခန့်ခွဲခြင်းဟု ခေါ်ဆိုသည့် နည်းလမ်းကို အသုံးပြုကာ အာဏာပိုင်များက မြို့တော်များကို အိမ်ထောင်စု ရာဂဏန်းအထိ အကွက်များ ပိုင်း၍ လုပ်သားများကို လုပ်ငန်းခွင် သတ်မှတ်ချထားပေးသည်။

 

၎င်းလုပ်သားများက တစ်အိမ်တက်ဆင်း သွားလာကာ လိုအပ်ချက်များ စမ်းသပ်စစ်ဆေးခြင်း၊ တခါတရံတွင် လူထုကို ၎င်းတို့၏ အိမ်များအတွင်း ချိတ်ပိတ်၍ သီးသန့်ခွဲခြားထားခြင်းများ လုပ်ဆောင်ရသည်။

 

နိုင်ငံပိုင်မီဒီယာများက တရုတ်နိုင်ငံ၏ ကိုဗစ်ထိန်းသိမ်းမှု အစောပိုင်း အောင်မြင်မှုများကို ဖန်ဂျောင်အထိအတွေ့ ဆက်လက်ကျင့်သုံးမှု၏ အောင်မြင်မှုသက်သေအဖြစ် ဂုဏ်ပြုခဲ့ကြသည်။ ကပ်ဘေးကာလအတွင်း ဖန်ဂျောင်ပုံစံ ရဲလုပ်ငန်းများကို ကမ္ဘာအဝှမ်း အကျပ်အတည်း စီမံခန့်ခွဲမှုအတွက် ပုံစံတစ်မျိုးအဖြစ် တရုတ်သုတေသန စာတမ်းများတွင် ဖော်ပြကြသည်။

 

ကန့်သတ်မှုများကြောင့် လူအများ ထိခိုက်ကျပ်တည်းလာသောအခါ မခံနိုင်သည့်အဆုံး နိုင်ငံအနှံ့ ဆန္ဒဖော်ထုတ်မှုများ ၂၀၂၂ ခုနှစ်တွင် ဖြစ်ပေါ်လာသည်။ အသေးစိတ် စောင့်ကြည့်လေ့လာသော ချဉ်းကပ်မှုကို အခြားနည်းဖြင့် အသုံးပြုသည့်အနေဖြင့် ရဲများက ၎င်းဆန္ဒဖော်ထုတ်မှုများတွင် ပါဝင်သူများကို ခြေရာခံရန် မျက်နှာသွင်ပြင် အသိအမှတ်ပြုနိုင်သည့် ကင်မရာများ အသုံးပြုခြင်း၊ သတင်းပေးများဖြင့် ခြေရာခံခြင်းတို့ ပြုလုပ်လာသည်။

 

ဖွဲ့စည်းတည်ဆောက်ပုံက ဒီလိုပါ။ အိမ်ပြင်မထွက်ရအမိန့် သုံးနှစ်ကြာလာပြီးတဲ့နောက် ဒီစနစ် ဘယ်လို အလုပ်လုပ်တယ်ဆိုတာကို အတွင်းကျကျ အများကြီး သိသွားပုံရတယ်။ဟု တရုတ်နိုင်ငံ၏ စောင့်ကြည့်စစ်ဆေးမှု အခြေအနေအကြောင်း စာအုပ်တစ်အုပ် ရေးသားခဲ့သည့် Claremont McKenna ကောလိပ်မှ ပါမောက္ခ Minxin Pei က ပြောသည်။

 

နေ့စဉ်ဘဝအတွင်း ကျူးကျော်ဝင်ရောက်ရန် တွန်းအားတစ်ခု

 

ကိုဗစ် ထိန်းချုပ်မှုများ ပြီးဆုံးသွားပြီ ဖြစ်သည်။ တိုးမြင့်လာသော စောင့်ကြည့်စစ်ဆေးမှုများကမူ မပြီးဆုံးသေးပါ။

 

အစိုးရ၏ ကပ်ဘေးကာလအတွင်း မြင့်မားသော ကျူးကျော်ဝင်ရောက်မှုသည် ရေရှည် စီမံကိန်းအတွက် အရှိန်မြှင့်တင်မှုတစ်ခုဖြစ်သည်ကို ယခုအခါ ရှင်းလင်းစွာ သိလာရပြီဖြစ်သည်။ မစ္စတာရှီ၏ ရည်မှန်းချက်မှာ မော်လုပ်ဆောင်ခဲ့သည့်အတိုင်း အနှောက်အယှက် ကြီးကြီးမားမား မရှိဘဲ ပါတီ အားကောင်းရေး ကျယ်ပြန့်စွာ လုပ်ဆောင်ရန် ဖြစ်သည်။ ဤနေရာတွင် လူထုကို ထိန်းချုပ်မှုမှ လွတ်ထွက်မသွားစေရန် နည်းပညာနှင့် ရဲများ ပါဝင်လာသည်။

 

မတည်ငြိမ်မှုများကို တင်းကျပ်ရာတွင် ပါတီ၏ စွဲမြဲစွာ လုပ်ဆောင်ပုံအတိုင်းနောက်ထပ် ထပ်တလဲလဲ လုပ်ဆောင်နေပါတယ်။ဟု တရုတ်ရဲလုပ်ငန်းများကို လေ့လာနေသည့် မက်ဆာချူးဆက်မှ Clark တက္ကသိုလ်၏ ပါမောက္ခတစ်ဦးဖြစ်သူ Suzanne Scoggins က ပြောသည်။

 

တရုတ်အစိုးရက ၎င်း ကျူးကျော် စောင့်ကြည့်ရေး လုပ်ဆောင်မှုများကို အလျင်အမြန် ချဲ့ထွင်ရန် တွန်းအားပေးလာသည်။ ဒေသတွင်း အစိုးရများကို လုပ်သားများ ပိုမို ငှားရမ်းပြီး အကွက်ရိုက်ထားသည့် စောင့်ကြည့်ကွက်များတွင် ပိုမို သတ်မှတ်ချထား လုပ်ဆောင်စေရန် တိုက်တွန်းအားပေးနေသည်။ ပြီးခဲ့သည့်လတွင် ပါတီက ၎င်းလုပ်သားများ စီမံခန့်ခွဲရေး ထိပ်တန်း အဆင့် လမ်းညွှန်ကို ပထမဆုံး ထုတ်ပြန်လိုက်ပြီး ပိုမိုပြင်းထန်သော အယူအဆရေးရာ သင်တန်းများပေးရန်၊ ဆုပေး၊ ဒဏ်ပေးစနစ် တရားဝင် ကျင့်သုံးရန်တို့ ၎င်းလမ်းညွှန်တွင် တိုက်တွန်းတောင်းဆိုထားသည်။

 

တရုတ်အစိုးရက အရေးကြီးသည့် နိုင်ငံရေး အစည်းအဝေးများ၊ အားလပ်ရက်ကာလများအတွင်း အငြိမ်းစားအများစု ပါဝင်သည့် "စေတနာ့ ဝန်ထမ်း လုံခြုံရေးအရေအတွက် အမြောက်အများကိုလည်း နေရာချထားသည်

 

 

ယူနီဖောင်းဝတ် ရဲများ၊ ဒေသတွင်း အစိုးရ၏ သတင်းပေးများအဖြစ် ခန့်အပ်ထားသော သာမန်လူ ၁၅ သန်း ပါဝင်သည့် ပါတီလုပ်သားများအပြင် ၎င်း အပိုင်းလိုက် စောင့်ကြည့်သူများသည် တရုတ်နိုင်ငံ၏ စောင့်ကြည့်စစ်ဆေးရေး လုပ်သားများအဖြစ် ကျယ်ပြန့်စွာ အားဖြည့်ပေးမည်ဖြစ်သည်ဟု ပါမောက္ခ Pei သုတေသနတွင် ဖော်ပြထားသည်။

 

တရုတ်အစိုးရက အရေးကြီးသည့် နိုင်ငံရေး အစည်းအဝေးများ၊ အားလပ်ရက်ကာလများအတွင်း အငြိမ်းစားအများစု ပါဝင်သည့် "စေတနာ့ ဝန်ထမ်း လုံခြုံရေးအရေအတွက် အမြောက်အများကိုလည်း နေရာချထားသည်။ ၎င်းတို့က အိမ်ခြေရာမဲ့များကို အမိုးအကာရှိရာသို့ လမ်းညွှန်ပို့ဆောင်ခြင်း၊ အမှိုက်ပစ်သူများကို ဆူပူကြိမ်းမောင်းခြင်း၊ ဆန္ဒဖော်ထုတ်သူများဟု သံသယရှိသူများကို တွေ့ပါက ရဲကို အကြောင်းကြားသတိပေးခြင်းတို့ လုပ်ဆောင်ခြင်းဖြင့် လမ်းများပေါ်တွင် ပုံမှန်အတိုင်း ရှိနေစေရန် လုပ်ဆောင်ကြရသည်။

 

မကြာသေးသော ကြာသပတေးနေ့တစ်ခုက ဘေဂျင်းမြို့လယ်ခေါင်တွင် အနီရောင် အပေါ်ရုံအင်္ကျီဝတ်၍ အမည်ကဒ်ပြား ချိတ်ဆွဲထားသော လူနှစ်ဦးက လမ်းဘေးတွင် ရပ်နေကြသည်။ ၎င်းတို့သည် မနက်ပိုင်းတွင် နှစ်နာရီ၊ နေ့လည်ပိုင်းတွင် နှစ်နာရီ လူနေတိုက်ခန်း အဆောက်အအုံ သုံးခု ပါဝင်သော ၎င်းတို့၏ အပိုင်းယူနစ်ကို စောင့်ကြည့်စစ်ဆေးနေခြင်းဖြစ်ကာ ၎င်းတို့အနက် တစ်ဦးမှာ အသက် ၇၆ နှစ် အရွယ်ရှိ Qi Jinyou ဖြစ်သည်။ အခြားသော နှစ်ဦးတွဲ တစ်တွဲကလည်း အောက်ဘက်ရှိ အပိုင်းကို ပုံမှန် စခန်းချ စောင့်ကြည့်ရသည်။

 

မစ္စတာ Qi သည် အိမ်ရာ အရာရှိများက ဒေသခံများကို အလုပ်ခန့်အပ်ရေး ခေါ်ယူစဉ် ၎င်းအလုပ်ကို လွန်ခဲ့သည့် တစ်နှစ်က စတင်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ ယင်းအတွက် တစ်ရှူးများ၊ သွားတိုက်ဆေးများ လက်ဆောင်အဖြစ် ရရှိသည်။ သို့သော် ၎င်းက တာဝန်တစ်ရပ်အဖြစ် ခံစားရသည် ဆိုသည်။ "ငါတို့ ကာကွယ်ရမယ်လေ။ ဟုတ်တယ်မလား။ ဘေးကင်းမှုက ပထမပဲလေ။

 

ဘေဂျင်းမြို့ ဆင်ခြေဖုံး Zhangjiawan သည် ဖန်ဂျောင် အောင်မြင်မှု ပုံစံတစ်ခုအဖြစ် တည်ရှိနေသည်။ အချို့ဒေသခံများက လှည့်ကင်းများကို ချီးမွမ်းကြသည်။ မစ္စတာရှီ ပြုံးပြနေသည့်ဟန် သရုပ်ဖော်ထားသည့် ကြော်ငြာဆိုင်းဘုတ်တစ်ခုအနီးတွင် အသားငါးရောင်းချသူ Wang Li က ပြောသည်မှာ အိမ်ရာ အရာရှိများက လျှပ်စစ်မီးကြိုးများ ပြုတ်နေခြင်းကဲ့သို့သော မီးဘေးအန္တရာယ်များကို စုံစမ်းစစ်ဆေးမှု ပြုပေးကြသည်။ ဒေသခံများကို ကျန်းမာရေး စစ်ဆေးမှု သွားရောက်ကြရန် ပြောပြကြသည်ဟု ၎င်းက ပြောသည်။

 

သူမ အလုပ်မှ နောက်ကျ၍ ပြန်လာစဉ်အတွင်း ရဲကားများ ကင်းလှည့်နေသည်ကို တွေ့မြင်ရလျှင် "ကျွန်မ ပိုပြီး သက်တောင့်သက်သာ ရှိတယ်။ဟု ပြောသည်။

 

အမှုန့် ခြွေမယ့်သူတွေ

 

အခြားသူများကမူ ၎င်းပြုမှုဆောင်ရွက်မှုများသည် အမိန့်နာခံစေရန် အတင်းအကျပ်ကြိုးပမ်း လုပ်ဆောင်မှုအဖြစ် ရှုမြင်ကြသည်။

 

Zhangjiawan ဆင်ခြေဖုံးတွင် ကမ္ဘာလှည့်ခရီးသွား စွဲဆောင်ရေးအတွက် အစိုးရက ရွာများစွာကို ဖျက်ဆီးပြီး ပြန်လည်တည်ဆောက်မှုများ ပြုလုပ်ခဲ့သည်။ ဇန်နဝါရီလတွင် အခေါက်ပေါင်း ၁,၆၀၀ ကျော် ၎င်းတို့ အိမ်များသို့ လာရောက်ခဲ့သည့် ကျေးရွာ ကိုယ်စားလှယ်များ ကျေးဇူးကြောင့် အိမ်ထောင်စု ၁,၇၀၀ ခန့်မှ ၉၈ ရာခိုင်နှုန်းမှာ ပြန်လည်နေရာချထားခြင်းကို လက်ခံလိုက်သည်ဟု ဒေသတွင်းအစိုးရ၏ လူမှုမီဒီယာတွင် ဖော်ပြခဲ့ပြီး ဖန်ဂျောင်အထိအတွေ့ကို မည်ကဲ့သို့ "လက်ခံကျင့်သုံးခဲ့ကြောင်းအမွှမ်းတင်ခဲ့သည်။

 

၎င်းတို့သည်၎င်းတို့၏ ပညာရှင်ပီသမှုနဲ့ ယုံကြည်မှု ရယူခဲ့ကြတယ်။ ရိုးသားမှုနဲ့ အနီးကပ်ခင်မင်မှု ရယူခဲ့ကြတယ်။ဟု အစိုးရက ရေးသားထားသည်။

 

Ms. Mu သည် ပြန်လည်နေရာချထားမှုကို လက်မခံသူများအနက် တစ်ဦးဖြစ်သည်။ သူမ၏ မိသားစု နှစ် ၂၀ ကျော် နေထိုင်ခဲ့သော ကျဉ်းမြောင်းသည့် အိမ်လေး၏ ပြင်ပတွင် ရပ်ကာ အိမ်နီးနားချင်းများ၏ အဆောက်အအုံများ ပြားပြားဝပ်သွားသည်ကို ကွင်းပြင်ကို စေ့ငုနေသည်။

 

ပါတီအရာရှိများနှင့် တည်ဆောက်ရေး ကိုယ်စားလှယ်များက အကြိမ်ကြိမ် ခေါ်ယူခဲ့ပြီး သူမ၏ မိသားစုထံလည်း အကြိမ်ကြိမ် လာရောက်ခဲ့ကာ ပြောင်းရွှေ့ပေးရန် တောင်းဆိုခဲ့ကြသော်လည်း သူမက နစ်နာကြေးသည် နည်းလွန်းသည်ဟု ခံစားနေရသည်။

 

သူတို့က စကား‌တောင် ကောင်းကောင်း ပြောတာ မဟုတ်ဘူး။ သူတို့က အမှုန့်ခြေပစ်မယ့် လူ‌တွေကိုပဲ လွှတ်လိုက်တာ။ဟု Ms. Mu က ပြောသည်။ သူမက မျိုးရိုးအမည်ကိုသာ အသုံးပြုရန် တောင်းဆိုခဲ့သည်။

 

သူတို့ ကျွန်တော်တို့ကို ဘေဂျင်းကနေ မောင်းမထုတ်နိုင်တဲ့အခါ ကျွန်တော်တို့ရဲ့ ကလေးတွေကို ပစ်မှတ်ထားလာနိုင်တယ်ဆိုတာ ကျွန်တော်တို့ မစဉ်းစားခဲ့မိဘူး

 

 

တစ်ညတွင် ညှိနှိုင်းမှုများ ဖိအားပေးလုပ်ဆောင်နေစဉ်ကာလအတွင်း အမျိုးသားအချို့ သူမ၏ အိမ်ပြင်ပတွင် နေရာယူကာ ခြိမ်းခြောက်ခဲ့ကြသည်ဟု သူမက ပြောသည်။ အနီးအနားရှိ အဆောက်အအုံများ ဖြိုချဖျက်ဆီးနေစဉ် သူမတို့ရှိရာ သွယ်တန်းထားသည့် ရေပိုက်လိုင်းမှာလည်း ဖြတ်တောက်ခံရပြီး ဒေသခံ အရာရှိများက ဂရုပြုဟန် မရှိဟု Ms. Mu က ပြောသည်။ "ကျေးရွာ အရာရှိ တစ်ယောက်မှ လာမေးဖော် မရဘူး။ ကျွန်မတို့ ဒီ ရေပြဿနာကို ဘယ်လိုရှင်းနိုင်မှာလဲ။

 

သူမနှင့် သူမ၏ ညီအကိုမောင်နှမများက မြို့သို့ ဘုံပိုင်ခေါင်းမှ ပုလင်းများဖြင့် ရေဖြည့်ရန် သွားရောက်နေကြရသည်။

 

အဆင့်နိမ့် အရာရှိများကို နိုင်ငံရေးလုပ်ပိုင်ခွင့်များ ကျယ်ကျယ်ပြန့်ပြန့် ဖြည့်ဆည်းဆောင်ရွက်ရန် လုပ်ပိုင်ခွင့်တိုးမြှင့်ပေးခြင်းများ၏ အန္တရာယ်သည် အထူးသဖြင့် ကပ်ဘေးကာလအတွင်းတွင် ထင်ရှားလာသည်။ ကူးစက်မှုကာကွယ်ရေး ဖိအားကြောင့် အိမ်ရာလုပ်သားများသည် အိမ်သုံးကုန်ပစ္စည်းများ ဝယ်ယူခြင်း၊ ဆေးဝါးကုသမှု ခံယူခြင်းတို့ကိုပင် တားမြစ်ခဲ့ကြသည်။

 

စောင့်ကြည့်စစ်ဆေးရေးကို ရေရှည် ပုံမှန် ခံစားလာခဲ့ရသည့် ထင်ရှားသည့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများက ထိန်းချုပ်မှုများ ပြင်းထန်သည်ဟု ခံစားလာရသည်။ ထောင်ဒဏ် လေးနှစ်ကျော်မှ ၂၀၂၀ ခုနှစ်တွင် လွတ်မြောက်လာသူ လူ့အခွင့်အရေး ရှေ့နေ Wang Quanzhang က ၎င်း၏ ဘေဂျင်းမှ နေအိမ်ကို လူပေါင်း ၃၀၊ ၄၀ ခန့် အချိန်တိုင်း စောင့်ကြည့်နေကြသည်ဟု ပြောသည်။ ၎င်း၏ အိမ်အဆောက်အအုံအတွင်း အနက်ရောင်ဝတ်ထားသည့် အမျိုးသားများ အဖွဲ့လိုက် ထိုင်နေကြပုံများနှင့် လမ်းပေါ်တွင် ၎င်းကို နောက်ယောင်ခံလိုက်နေသူများ၏ ဓာတ်ပုံများကို ၎င်းက ပြသခဲ့သည်။

 

မြေရှင်များက တရားဝင် ဖိအားပေး၍ ၎င်းကို အတင်းအကျပ် မောင်းထုတ်ကြကြောင်း ၎င်းက ပြောသည်။ အာဏာပိုင်များကလည်း သူ၏ ၁၁ နှစ်အရွယ် သားငယ်ကို ကျောင်းအပ်လက်မခံရန် ကျောင်းများကို ဖိအားပေးကြောင်း ပြောသည်။

 

သူတို့ ကျွန်တော်တို့ကို ဘေဂျင်းကနေ မောင်းမထုတ်နိုင်တဲ့အခါ ကျွန်တော်တို့ရဲ့ ကလေးတွေကို ပစ်မှတ်ထားလာနိုင်တယ်ဆိုတာ ကျွန်တော်တို့ မစဉ်းစားခဲ့မိဘူး။ဟု ၎င်းက ပြောသည်။ "ကပ်ဘေးကာလ ပြီးတဲ့အခါ ပိုဆိုးလာတယ်။

 

ထိန်းချုပ်ရေးအတွက် ကုန်ကျစားရိတ်

 

၎င်း လုပ်သားစိုက်ထုတ်ချဉ်းကပ်ပုံ၏ အောင်မြင်မှု ရှိ၊ မရှိမှာ ၎င်းလုပ်သားများ၏ စိတ်ထက်သန်မှုအပေါ် လုံးဝ တည်မှီနေသည်။ ငွေကြေးမက်လုံးပေးခြင်း၊ မျိုးချစ်စိတ်ဓာတ်ထက်သန်ဟန် ပြခြင်း၊ ၎င်းတို့၏ အလုပ်အကိုင်များကို တခါတရံ ခြိမ်းခြောက်ခြင်း၊ အရာရှိများနှင့် သာမန်လူများကို စည်းရုံးခြင်းတို့ကို အသုံးပြုလေ့ရှိသည့် ပါတီအတွက်မူ အားသာချက်အဖြစ် အလုပ်ဖြစ်လေ့ရှိသည်။

 

သို့သော် နှေးကွေးနေသော စီးပွားရေးကြောင့် ဒေသတွင်းအစိုးရများအတွက် ဘတ်ဂျက် ကျပ်တည်းလာပြီး အခပေး လုပ်သား အများအပြားအပေါ် မှီခိုနေရသည့်အတွက် စောင့်ကြည့်စစ်ဆေးရေး အသုံးပြုမှု၏ အဓိက အားနည်းချက်များလည်း ဖြစ်လာနိုင်သည်။

 

အချို့သော လူမှုအသိုင်းအဝန်း လုပ်သားများနှင့် ရဲအရာရှိများမှာ အလုပ် ဝန်ပိုနေကြောင်း လူမှုမီဒီယာများတွင် စောဒကတက်နေကြပြီ ဖြစ်သည်။

 

ဖန်ဂျောင်အကြောင်း ဝါဒဖြန့်မှုများတွင်ပင် သေးငယ်သည့် ပြဿနာများကို တာဝန်ယူထားရသည့် အရာရှိများအတွက် ဖိအားများရှိနေသည်ကို အသိအမှတ်ပြုခဲ့ကြသည်။ အိမ်နီးချင်းများ အငြင်းပွားနေသည့်အတွက် ပိတ်ဆို့နေသည့် ပိုက်အတွင်းပိုင်းကို ရှင်းလင်းပေးခဲ့သည့် ရဲအရာရှိတစ်ဦးအကြောင်း နိုင်ငံပိုင် မီဒီယာတစ်ခုက ချီးမွမ်းတင်ပြခဲ့သည်။ "ရုတ်တရက်ပင် မိလ္လာနှင့် အညစ်အကြေးများ ၎င်း၏ ခေါင်းနှင့် ကိုယ်ပေါ်သို့ ပက်ဖျန်းလိုက်သည်။ဟု ဆောင်းပါးတွင် ဖော်ပြထားသည်။ နယ်မြေခံများက "သနားစိတ်နှင့် ကျေးဇူးတင်စိတ်များ ဖြစ်ပေါ်လာကြသည်။ဟု ဆက်လက်ဖော်ပြထားသည်။

 

ပါတီ၏ တင်းကျပ်မှုကြောင့် စီးပွားရေး ပြန်လည်အသက်ဝင်စေမည့် ပြောင်းလဲလှုပ်ရှားမှုများ မပြုလုပ်နိုင်အောင် ဖြစ်လာနိုင်သည်။ လမ်းဘေးတွင် ဈေးလှည်းနေရာချထားခြင်းကို ကင်းလှည့်အရာရှိများက အမြဲတမ်း တားမြစ်နေသည့်အတွက် အိမ်ငှားခ သုံးလခ ပေးရန်ပင် လုံလောက်အောင် ဝင်ငွေ မရကြောင်း Zhangjiawan မှ ကြက်ကြော်ရောင်းချသူတစ်ဦးဖြစ်သော Ma က ပြောသည်။ သူမက သူမ၏ မျိုးရိုးအမည်ကိုသာ ဖော်ပြသည်။

 

စီးပွားရေးကျပ်တည်းရင်တော့ လုံခြုံရေး ပြဿနာတွေက ရှိမှာပဲ။ဟု သူမက ပြောသည်။ "လူတွေက စားဖို့ လိုတယ်လေ။ လူတွေ စိုးရိမ်ကြောင့်ကြများလာရင် အခြေအနေတွေ ရှုပ်ထွေးလာမှာပဲ။

 

၁။ ပုံစာ - အိမ်ရာ ကော်မတီမှ စေတနာ့ဝန်ထမ်းများက ဧပြီလတွင် ဘေဂျင်းလမ်းတစ်ခုပေါ်၌ စောင့်ကြည့်နေစဉ်။ (Gilles Sabrié for The New York Times)

 

၂။ပုံစာ - အဆောက်အအုံတစ်ခုမှ နေထိုင်သူများ၏ အချက်အလက်များကို နေထိုင်သည့်ယူနစ်၊ အန္တရာယ်မြင့်မားသူ စသည်ဖြင့် ဖော်ပြထားသည့် ရဲဇယားကွက်။ (Tongzhou ဝါဒဖြန့်ချီရေး ဌာန Via Douyin)

 

ကိုးကား - The New York Times

 

Burma Associated Press

အာဏာရှင်
တရုတ်
ရှီကျင့်ဖျင်
ဖန်ချောင်

Share With
bap-logo