Article
ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်က တိရစ္ဆာန်များကို လူများအနီးသို့ တွန်းပို့နေပြီး ကပ်ဘေးများ ဖြစ်ပေါ်လာနိုင်
လွန်ခဲ့သော ၇ လ က
အပူချိန်မြင့်တက်လာမှုကြောင့် အချို့တိရိစ္ဆာန်များသည် ၎င်းတို့၏ ပထဝီနယ်မြေကို ချဲ့ထွင်လာကြပြီး လူများနှင့် ရောထွေးလာနေကြသည်။
ကမ္ဘာအဝှမ်းတွင် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်က တိရစ္ဆာန်မျိုးစိတ်များကို အပြောင်းအရွှေ့ဖြစ်စေသည်။ ကျယ်ပြန့်သော အပြောင်းအလဲများက တိရစ္ဆာန်များကို လူများအနီးသို့ တွန်းပို့လိုက်ပြီး ထိခိုက်မှု အကျိုးဆက်များ ဖြစ်ပေါ်လာစေနိုင်သည်။
ယေဘုယျအားဖြင့် ရာသီဥတုပြောင်းလဲမှုဖြစ်သည် ကမ္ဘာလုံးဆိုင်ရာ လူသား-တောရိုင်းတိရစ္ဆာန် ပဋိပက္ခဖြစ်ရပ်များနှင့် လူနှင့် တိရစ္ဆာန်အကြား ကူးစက်နိုင်သည့် ရောဂါများ (zoonotic disease) ပျံ့နှံ့မှုအန္တရာယ်ကို တိုးမြင့်စေကြောင်း တိုးတက်ကျယ်ပြန့်လာသည့် သုတေသနတစ်ခုက ဖော်ပြနေသည်။
လူသား-တောရိုင်းတိရစ္ဆာန် ပဋိပက္ခ တိုးမြင့်လာမှု
အပူလှိုင်းများ၊ ပင်လယ်မျက်နှာပြင် မြင့်တက်မှုတို့အပြင် အာရှ၊ ဆာဟာရကန္တာရတောင်ပိုင်း အာဖရိက၊ ဩစတြေးလျနှင့် ဖလော်ရီဒါပြည်နယ်တို့တွင် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ် အရှိန်မြင့်လာသည့်အတွက် သေစေနိုင်သည့် မြွေများ ဝင်ရောက်လာမှုကို စိုးရိမ်ဖွယ်ရှိသည်။
အပူချိန်မြင့်မားလာခြင်းက အနောက် အာဖရိကန် gaboon မြွေပွေးနှင့် ဥရောပ asp မြွေပွေးကဲ့သို့ အချို့သော အဆိပ်ရှိမြွေများကို အထူးသဖြင့် အာရှနှင့် ဆဟာရတောင်ပိုင်း အာဖရိကဒေသများတွင် ပထဝီနယ်မြေ ချဲ့ထွင်လာစေနိုင်သည်ဟု မကြာသေးမီက လေ့လာမှုတစ်ခုတွင် တွေ့ရှိခဲ့သည်။
ရာသီဥတုပြောင်းလဲမှုဖြစ်စဉ် ဆက်လက်ဖြစ်ပေါ်နေသည်နှင့်အမျှ အဆိပ်ရှိမြွေမျိုးစိတ်အများစုသည် ကျင်လည်ရာနယ်မြေများ ဆုံးရှုံးလာပြီး အချို့သော အန္တရာယ်ရှိ မျိုးစိတ်များသည် ဝင်ငွေနည်းနိုင်ငံများရှိ စိုက်ခင်းများ၊ မွေးမြူရေးဒေသများသို့ ရောထွေးရောက်ရှိလာနိုင်သည်ဟု လေ့လာမှုက ဖော်ပြသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကလည်း ၎င်းအလားအလာကို ခြေရာခံလေ့လာမှုများ ပြုလုပ်နေပြီး နိုင်ငံများကို မြွေကိုက်မှုအန္တရာယ် မြင့်တက်လာခြင်းအတွက် အဆိပ်ဖြေဆေး စုဆောင်းရန်၊ အန္တရာယ်ရှိတွားသွားသတ္တဝါများနှင့် ထိတွေ့နိုင်သူများကို ပညာပေးရန် ဇန်နဝါရီလက "အရေးပေါ် လုပ်ဆောင်ရေးတောင်းဆိုမှု" တစ်ခု ထုတ်ပြန်ခဲ့သည်။
၎င်းလေ့လာမှုတွင် မဖော်ပြထားသော်လည်း ဩစတြေးလျတွင် နှစ်စဉ် နှစ်ဦးပိုင်းတွင် တိုတောင်းလာသော ဆောင်းရာသီက မြွေများကို brumation ဟု သိရှိကြသည့် ၎င်းတို့၏ သက်ဆိုင်ရာ မလှုပ်မယှက်အိပ်စက်ခြင်းများမှ ထွက်လာစေပြီး သက်ဝင်လှုပ်ရှားမှု တိုးမြင့်လာကြကြောင်း ဇီဝဗေဒပညာရှင်များက သတိပြုမိခဲ့ကြသည်။ မြွေဖမ်းသမားများ အလုပ်ပိုများလာမည်ဟု ဆိုလိုကြောင်း The New York Times က တင်ပြထားသည်။
“နှစ်အစောပိုင်းမှာ မြွေတွေက ပိုပြီး သက်ဝင်လှုပ်ရှားလာရုံတင်မကဘူး။ သက်ဝင်လှုပ်ရှားမှုက ပိုပြီး ရှည်ကြာလာပါတယ်။ ပြီးတော့ ဒါက ညဘက်မှာလည်း သူတို့ ပိုပြီး ကြာရှည် သက်ဝင်လှုပ်ရှားနေလိမ့်မယ်လို့ ဆိုလိုတာပါ။” ဟု ကွင်းစလန်း တက္ကသိုလ်မှ ဇီဝဗေဒ ပါမောက္ခ Bryan Fry က Times ကို ပြောသည်။
ဖလော်ရီဒါပြည်နယ်တွင် ဗမာ့စပါးအုံးမြွေများက မြက်ပင်ရှည်များရှိသည့် စိမ့်မြေများတစ်လျှောက် တွားသွားနေကြသည်ဟု ကျွမ်းကျင်သူများက ပြောသည်။ ၎င်းတို့သည် ၁၉၈၀ ခုနှစ်များ ဝန်းကျင်က အိမ်မွေးတိရစ္ဆာန်အဖြစ် ယူဆောင်လာသူများကြောင့် ရောက်ရှိလာကြခြင်းဖြစ်သည်။ ယခုအခါ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကြောင့် ၎င်းတို့သည် မြောက်ဘက်သို့ ပိုမိုဝေးလံစွာ သွားရောက်နေကြသည်ဟု အမေရိကန် ဘူမိဗေဒအဖွဲ့အစည်းက ပြောသည်။ စပါးအုံးများသည် ရလွယ်ပြီး နွားမွေးမြူရေးထက် ဓာတ်ငွေ့ထုတ်လွှတ်မှု များစွာ နည်းပါးသောကြောင့် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်နှင့် လိုက်လျောညီထွေရှိသော အစားထိုးရွေးချယ်စရာ အသားဓာတ်ဖြစ်လာသည်ဟု မကြာသေးမီက လေ့လာမှုတစ်ခုတွင် ဖော်ပြထားသည်။
၎င်းမြွေများသည် ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့တွင် စားကောင်းသောက်ဖွယ်များပင် ဖြစ်နှင့်နေပြီဖြစ်သည်။ အချို့သုတေသီများက ၎င်းမြွေများသည် မြောက်အမေရိကန် အစားအသောက်ဈေးကွက် ချဲ့ထွင်ပေးနိုင်မှုအပေါ် သံသယရှိကြပြီး ဖလော်ရီဒါပြည်နယ်ရှိ မြွေများတွင် ပြဒါးပါဝင်မှု မြင့်မားနိုင်ကြောင်း သတိပေးထားသည်ဟု Miami Herald အတွက် Ashley Miznazi ၏ ရေးသားချက်တွင် ဖော်ပြထားသည်။
မြွေလောကပြင်ပတွင် အခြားသော လူသား-တောရိုင်းတိရစ္ဆာန် ပဋိပက္ခများ၏ အကြောင်းရင်းမှာ ပိုမို ရှုပ်ထွေးနိုင်ပါသည်။
ဥပမာအားဖြင့် ပင်လယ်ပြင်ရေခဲများ အရေပျော်မှုကြောင့် အာတိတ်မှ ပိုလာဝက်ဝံများသည် ကုန်းပေါ်တွင် အမဲလိုက်ချိန် ပိုမိုကြာမြင့်လာပြီး လူများနှင့် နီးကပ်လာသည်။ မည်သည့် ပိုလာဝက်ဝံတစ်ကောင်၏ တိုက်ခိုက်မှုကိုမျှ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်နှင့် တိုက်ရိုက်ချိတ်ဆက်၍ မရသော်လည်း ကျင်လည်ရာစားကျက်များ ပြောင်းလဲမှုက သေစေလောက်သည့် တိရစ္ဆာန်များနှင့် ရင်ဆိုင်တွေ့ရန် အခွင့်အလမ်း တိုးမြင့်လာစေကြောင်းကို ပြီးခဲ့သည့် ဆယ်စုနှစ် နှစ်ခုအတွင်း တိရစ္ဆာန်များ၏ တိုက်ခိုက်မှုများက အလေးပေးဖော်ပြနေသည်ဟု Washington Post က တင်ပြထားသည်။
ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်၏ လွှမ်းမိုးမှုကြောင့် လူသားနှင့် တောရိုင်းတိရစ္ဆာန်များအကြား အပြန်အလှန်ထိတွေ့မှုများ၏ မရေတွက်နိုင်သော ဥပမာများကို ကမ္ဘာတစ်ဝှမ်းတွင် တွေ့မြင်နိုင်ပြီး လူသားများနှင့်တကွ တိရစ္ဆာန်များပါ ထိခိုက်နိုင်ပါသည်။ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကို တုန့်ပြန်သည့်အနေဖြင့် မြောက်အတ္တလန်တိတ် Right ဝေလငါးများသည် သင်္ဘောများသွားလာရာ လူ့လှုပ်ရှားမှုများ ရှိရာသို့ ၎င်းတို့၏ အဓိက အစားအစာအရင်းအမြစ်များအဖြစ် ချဉ်းကပ်လာကြသည်။
copepods ဟု အသိများကြသည့် အခွံမာရေနေသတ္တဝါငယ်များက ၎င်းတို့၏ နယ်မြေ ပြောင်းလဲလာကြသည်။
ရေယာဉ်များသည် မရည်ရွယ်ဘဲ ဝေလငါးများကို တိုက်မိပြီး သေစေနိုင်ကာ ကမ္ဘာ့အနှံ့ ကျယ်ပြန့်သည့် အရေးဖြစ်သော "သမုဒ္ဒရာတွင်း လမ်းပေါ်မှ သတ်ဖြတ်မှု” များတွင် ပါဝင်လာနိုင်သည်။
တိရိစ္ဆာန် သယ်ဆောင်သည့် ရောဂါ ပျံ့ပွားမှု
ငှက်တုပ်ကွေးတွင် တွေ့မြင်ခဲ့ရသည့်အတိုင်းပင် တိရိစ္ဆာန်ရောဂါများသည် မျိုးစိတ်တစ်ခုတည်းတွင်သာ ဖြစ်ပွားသည် မဟုတ်ပေ။ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်၏ တွန်းအားပေးမှုကြောင့် တိရိစ္ဆာန်နှင့် လူများ နီးကပ်လာသည့်အခါ ၎င်းရောဂါများ "ပျံ့ပွားလာသည့် ဖြစ်ရပ်များ” ပိုမိုဖြစ်ပေါ်ရန် အခွင့်အလမ်းများလာကြောင်း Financial Times က တင်ပြထားသည်။
ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်က လှုံ့ဆော်သည့် ပျံ့ပွားမှုအန္တရာယ်သည် အသေးငယ်ဆုံး တိရိစ္ဆာန်များဖြစ်သည့် အင်းဆက်များမှ လာခြင်းဖြစ်သည်ကို ဖြစ်ရပ်များစွာတွင် တွေ့ရသည်။ အပူချိန်မြင့်တက်လာခြင်းက ရောဂါမျိုးစုံ သယ်ဆောင်နိုင်သည့် မတူညီသော ခြင်မျိုးစိတ်များကို မျိုးပွားမှု မြင့်တက်စေခြင်း၊ ကိုက်နှုန်း မြင့်တက်စေခြင်း၊ ပထဝီနယ်မြေ ချဲ့ထွင်စေခြင်းတို့ ဖြစ်ပေါ်စေနိုင်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ၂၀၂၃ ခုနှစ် အစီရင်ခံစာတွင် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်နှင့် ငှက်ဖျားရောဂါ ပျံ့ပွားစေသည့် အနောဖိလိခြင်တို့အကြား ဆက်စပ်မှုကို အလေးပေးဖော်ပြထားသည်။
အလားတူပင် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်နှင့် မြို့ပြချဲ့ထွင်မှုတို့ကြောင့် ခြင်သယ်ဆောင်သည့် သွေးလွန်တုပ်ကွေးအဖျားသည် ယခင်က မတွေ့ရှိခဲ့ရသည့် နေရာများတွင် ပျံ့နှံ့လာနေသည်ဟု Sierra မဂ္ဂဇင်းက တင်ပြထားသည်။ အထူးသဖြင့် ပီရူးနိုင်ငံမှ အခြေအနေမှာ စိတ်ပျက်ဖွယ်ဖြစ်ပြီး သွေးလွန်တုပ်ကွေးကြောင့် သေဆုံးမှုများမှာ ယခုနှစ်တွင် သုံးဆကျော် များပြားလာခဲ့သည်။
သိပ္ပံပညာရှင်များက ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်နှင့် Lyme ရောဂါ (မွှားကောင် ကိုက်ခံရမှုကြောင့် ဘက်တီးရီးယား ကူးစက်ခြင်း) တို့အကြား ဆက်စပ်မှုကိုလည်း စမ်းသပ်စစ်ဆေးနေကြသည်။ ပို၍ ပူနွေးခြင်းနှင့် ပိုမို စိုစွတ်သော အခြေအနေများက Maine နှင့် Wisconsin ကဲ့သို့သော အချို့ဒေသများတွင် မွှားကောင်များ၏ နယ်မြေကို ပိုမိုချဲ့ထွင်ပေးကြောင်း သုတေသနများက ဖော်ပြကြသည်။
တိရစ္ဆာန်သယ်ဆောင်သည့် ဖျားနာရောဂါများ ပျံ့နှံ့ခြင်းကို လျော့ကျစေရန် နိုင်ငံအများအပြားက လူထုအစီရင်ခံတင်ပြမှု ကွန်ရက်များနှင့် အသိဉာဏ်တု AI တို့ကို အသုံးပြုကာ စောင့်ကြည်မှုများ တိုးမြှင့်လာကြသည်။
ကိုးကား - Inside Climate News
ပုံစာ - အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် စိမ့်မြေများတွင် ဗမာ့စပါးအုံးမြွေများကို သုတ်သင် ရှင်းလင်းရန် လုပ်ဆောင်နေသည့် ဝန်ဆောင်လုပ်ကိုင်ပေးသူ။ (RHONA WISE/AFP via Getty Images)
Burma Associated Press
Top News
လွန်ခဲ့သော ၄ ရက် က
လွန်ခဲ့သော ၁၃ ရက် က
လွန်ခဲ့သော ၁၃ ရက် က