Article
အရှေ့တောင်အာရှနိုင်ငံများ တရုတ်ဘက်သို့ ယိမ်းလာသလား
လွန်ခဲ့သော ၉ လ က
စင်ကာပူအခြေစိုက် တွေးခေါ်ပညာရှင်များ အဖွဲ့ ISEAS-Yusof Ishak အင်တီကျု၏ နောက်ဆုံးတင်ပြချက် အစီရင်ခံစာအရ အာဆီယံနိုင်ငံများသည် တရုတ်နှင့် အမေရိကိန်နှစ်နိုင်ငံအနက် မိတ်ဖက်အဖြစ် ရွေးချယ်ရမည်ဆိုလျှင် တရုတ်ကို ရွေးချယ်လိုမှု ပိုမိုများပြားကြောင်း အရှေ့တောင်အာရှ နှစ်ပတ်လည် စစ်တမ်းတွင် ငါးနှစ်အတွင်း ပထမဆုံးအကြိမ် ပြသခဲ့သည်။
သို့သော် ၎င်းတွေ့ရှိချက်က အင်အားကြီးနိုင်ငံများ၏ ပြိုင်ဆိုင်မှုကြောင့် ဒေသတွင်း စိုးရိမ်မှုများ ဖြစ်ပေါ်နေချိန်တွင် တရုတ်နိုင်ငံဘက်သို့ တညီတညွတ်တည်း တိမ်းစောင်းနေခြင်းမှ ဝေးကွာနေသည်ဟု ဖော်ပြနေကြောင်း ကျွမ်းကျင်သူများ သတိပေးသည်။
ယခုနှစ်တွင် ၁၀ နိုင်ငံအနက် ၇ နိုင်ငံဖြစ်သော ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့သည် မနှစ်ကထက် တရုတ်ကို ပို၍ ဦးစားပေးရွေးချယ်မှု မြင့်မားခဲ့
ပထဝီနိုင်ငံရေးအရဖွဲ့စည်းထားသည့် အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံမှ ဖြေဆိုသူ ၂,၀၀၀ နီးပါးကို "အာဆီယံသည် မဟာဗျူဟာပြိုင်ဘက်နှစ်ဦးအနက် တစ်ဦးကို ဖိအားပေးရွေးချယ်ရမည်ဆိုလျှင် မည်သူ့ကို ရွေးချယ်သင့်သနည်း။” ဟု မေးမြန်းခဲ့သည်။
ယခုနှစ်တွင် ၁၀ နိုင်ငံအနက် ၇ နိုင်ငံဖြစ်သော ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့သည် မနှစ်ကထက် တရုတ်ကို ပို၍ ဦးစားပေးရွေးချယ်မှု မြင့်မားခဲ့ပြီး လာအိုနှင့် မလေးရှားတို့တွင် ၂၉.၅% နှင့် ၂၀.၃% အသီးသီး ခုန်တက်သွားသဖြင့် အကြီးမားဆုံး အပြောင်းအလဲကို တွေ့ရှိရသည်။ တစ်ချိန်တည်းတွင် ဖိလစ်ပိုင်၊ စင်ကာပူနှင့် ဗီယက်နမ်တို့တွင် တရုတ်ကို ရွေးချယ်မှု လျော့ကျသွားသည်။
အာဆီယံ၏ ခြုံငုံမှုရလဒ်ကို တွက်ချက်ရာတွင် ၎င်းနိုင်ငံတို့၏ လူဦးရေးခြားနားချက်အရ ၁၀% အလေးပေးမှုများ အဖွဲ့ဝင် ၁၀ နိုင်ငံ၏ ရလဒ်များတွင် ထည့်သွင်းထားပြီး အာဆီယံ၏ အသေးငယ်ဆုံးနိုင်ငံဖြစ်သော ဘရူနိုင်းတွင် လူဦးရေ သန်းတစ်ဝက်အောက်သာရှိကာ ဒေသတွင်း အကြီးမားဆုံးနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံသည် လူဦးရေ သန်း ၂၈၀ ခန့်ရှိသည်။
ISEAS သည် ၎င်းချဉ်းကပ်မှုနည်းလမ်းကို ရွေးချယ်ခဲ့ခြင်းမှာ "အာဆီယံမှာ အများဆန္ဒနဲ့ ဆုံးဖြတ်ချက်ချခြင်းလုပ်ငန်းစဉ်ဟာ တန်းတူညီမျှ ရပိုင်ခွင့်ပေါ်မှာ အခြေခံတဲ့အတွက် ဖြစ်ပါတယ်။” ဟု ၎င်းအင်စတီကျု၏ အာဆီယံလေ့လာရေးစင်တာ အကြီးတန်းအဖွဲ့ဝင် Sharon Seah က TIME ကို ပြောသည်။
(စစ်တမ်းဖြေဆိုသူများတွင် အမျိုးအစား ငါးခု ရှိကာ ပညာရှင်များနှင့် တွေးခေါ်ပညာရှင်များ၊ ပုဂ္ဂလိကကဏ္ဍ၊ လူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ သို့မဟုတ် မီဒီယာ၊ အစိုးရ အရာရှိများနှင့် ဒေသတွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများဖြစ်ကြသည်။)
အမေရိကန်-တရုတ် ပြိုင်ဆိုင်မှုအတွက် စုစည်းညီညွတ်သည့် သဘောထား ရရှိရန် ခက်ခဲနေသည်ဟု အစီရင်ခံစာက ဖော်ပြနေပြီး အဖွဲ့ကွဲမှုဖြင့် အမည်ဆိုးထွက်နေသော အာဆီယံသည် တရုတ်ဘက်သို့ ယိမ်းယိုင်နေပုံရသည်ဟု Seah အပါအဝင် ကျွမ်းကျင်သူများက ပြောသည်။
“အမေရိကန်-တရုတ် နှစ်ဘက်မေးခွန်းအတွက် နိုင်ငံတစ်ခုချင်းစီက ကိုယ်ပိုင်အေဂျင်စီနဲ့ အမြင်တွေ ဆက်လက်ကိုင်စွဲထားကြပါတယ်။ တရုတ် ဒါမှမဟုတ် အမေရိကန်ဆိုတဲ့ စုစည်းညီညွတ်တဲ့ အမြင်ကို ဒီဒေသမှာ ရှိတယ်လို့ ကျွန်မတို့ ယူဆလို့ မရပါဘူး။” ဟု Seah က ပြောသည်။ "နိုင်ငံတွေက အင်အားကြီးနိုင်ငံတစ်ခုစီနဲ့ နှစ်နိုင်ငံဆက်ဆံရေးတွေမှာ မတူညီတဲ့ တွက်ချက်မှုတွေ အသုံးပြုထားပါတယ်။”
ဂျပန်နိုင်ငံ Kanai Gaidai တက္ကသိုလ် ငြိမ်းချမ်းရေးနှင့် ပဋိပက္ခ လေ့လာရေး ပါမောက္ခ Mark S. Cogan က လတ်တလော စစ်တမ်းရလဒ်များသည် အံ့ဩစရာ မရှိကြောင်း၊ "အာဆီယံက အဖွဲ့အစည်းတစ်ခုအနေနဲ့ အဖွဲ့ကွဲနေပြီး အမေရိကန်-တရုတ် ဆက်ဆံရေးအကြောင်းပြောတဲ့အခါ အပြုအမူ အမျိုးစုံ ပြသနေပါတယ်။” ဟု TIME ကို ပြောသည်။
အာဆီယံနိုင်ငံအများစုက ကုန်သွယ်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး ရင်းနှီးမြှပ်နှံမှုများမှတဆင့် တရုတ်နှင့် အနီးကပ် စီးပွားရေးပေါင်းစည်းမှု ယေဘုယျအားဖြင့် ဆက်လက်ထိန်းသိမ်းထားကြသည်နှင့် တပြိုင်နက်တည်းမှာပင် တရုတ်နိုင်ငံ၏ လွှမ်းမိုးလိုမှု၊ နယ်မြေချဲ့ထွင်လိုမှုတို့ကို အမေရိကန်နှင့် ကာကွယ်ရေးဆိုင်ရာ မိတ်ဖက်ပြုခြင်းဖြင့် တန်ပြန် ကာကွယ်နေကြသည်။
တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်တွင် ရန်လိုမှုများ မြင့်တက်လာနေပြီး ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်း၊ အင်ဒိုနီးရှားတို့နှင့် နယ်မြေပိုင်ဆိုင်မှု ဆက်လက် အငြင်းပွားနေဆဲဖြစ်ကာ အရှေ့တောင်အာရှနိုင်ငံများက အမေရိကန်နိုင်ငံမှ ကာကွယ်ရေး အထောက်အပံ့များ ရယူလိုကြသည်
၎င်းမဟာဗျူဟာကို ဥပမာအနေဖြင့် အင်ဒိုနီးရှားမှ သမ္မတအဖြစ် ရွေးကောက်ခံထားရသူ Prabowo Subianto သည် အမေရိကန်နိုင်ငံ၏ ထင်ရှားသော မဟာမိတ် ဂျပန်နိုင်ငံတွင် ဂျပန်ဝန်ကြီးချုပ် Fumio Kishida၊ ကာကွယ်ရေးဝန်ကြီး Minoru Kihara တို့နှင့် တွေ့ဆုံရန် ဂျပန်သို့ မထွက်ခွာမီ အချိန်လေးမှာပင် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နှင့် တနင်္လာနေ့တွင် ဘေဂျင်း၌ တွေ့ဆုံခဲ့ပြီး နွေးထွေးသည့် နှစ်နိုင်ငံ ပေါင်းစည်းဆက်ဆံမှုကို ပြသရန်အတွက် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုပြုရန် နှစ်နိုင်ငံလုံးက ကတိပြုခဲ့ကြခြင်းဖြစ်သည်။
တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်တွင် ရန်လိုမှုများ မြင့်တက်လာနေပြီး ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်း၊ အင်ဒိုနီးရှားတို့နှင့် နယ်မြေပိုင်ဆိုင်မှု ဆက်လက် အငြင်းပွားနေဆဲဖြစ်ကာ အရှေ့တောင်အာရှနိုင်ငံများက အမေရိကန်နိုင်ငံမှ ကာကွယ်ရေး အထောက်အပံ့များ ရယူလိုကြသည်။ သို့ရာတွင် တရုတ်နိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံ၏ ထိပ်တန်း ကုန်သွယ်မှု မိတ်ဖက်အဖြစ် နှစ်များစွာ ရှိနေခဲ့ခြင်းမှာလည်း သတိပြုမှတ်သားဖွယ်ဖြစ်သည်။
ထိုအချိန်တွင် ထိုင်းဝန်ကြီးချုပ် Srettha Thavisin သည် ထိုင်းနိုင်ငံတွင်း ရင်းနှီးမြှပ်နှံမှုများအတွက် အထူးသဖြင့် သွားလာမှုများပြားသည့် မလက္ကာရေလက်ကြားကို ဖြတ်သန်းရမည့်အစား နိုင်ငံကိုဖြတ်၍ ကုန်တွင်းတံတားတည်ဆောက်ရေး ဒေါ်လာ ဘီလီယံချီသည့် အခြေခံအဆောက်အအုံ စီမံကိန်းအတွက် တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံလုံးနှင့် စိတ်အားထက်သန် ဆက်ဆံနေခဲ့သည်။
“အဓိက အချက်ကတော့ ပထဝီနိုင်ငံရေး ပတ်ဝန်းကျင်က ပိုပြီး မတည်မငြိမ် ဖြစ်လာတယ်။ ဒီဒေသက သူ့ရဲ့ ဒေသတွင်း ခံနိုင်ရည်ရှိမှုကို တိုးမြှင့်ဖို့ ကြိုးစားနေတယ်။” ဟု Seah က ပြောသည်။
အမေရိကန်-တရုတ် ပြိုင်ဆိုင်မှုကို အာဆီယံက မည်သို့ တုန့်ပြန်သင့်သနည်းဟု မေးမြန်းသောအခါ ဖြေဆိုသူတစ်ဝက်ခန့်က ပြီးခဲ့သည့်နှစ်ကဲ့သို့ပင် “အင်အားကြီး နှစ်နိုင်ငံ၏ ဖိအားများကို ခုခံရန် အာဆီယံသည် ၎င်း၏ ခံနိုင်ရည်ရှိမှုနှင့် စည်းလုံးမှုကို တိုးမြှင့်သင့်ကြောင်း” ဖြေဆိုသည်ဟု ISEAS’ 2024 အစီရင်ခံစာက တွေ့ရှိရသည်။
ISEAS’ နှစ်ပတ်လည် အစီရင်ခံစာသည် ၂၀၁၉ ခုနှစ်မှ စတင် ထုတ်ဝေခဲ့ပြီး အာဆီယံက မြန်မာစစ်အာဏာရှင်ကို မည်သို့ ရင်ဆိုင်ဖြေရှင်းသင့်သနည်း၊ ထိုင်ဝမ်ရေလက်ကြားတွင် ပဋိပက္ခဖြစ်ပွားခဲ့လျှင် အာဆီယံက မည်သို့ ဆောင်ရွက်သင့်သနည်းစသည့် ဖိအားအများဆုံး ဒေသတွင်း နိုင်ငံရေးကိစ္စများ၏ စစ်တမ်းရလဒ်များ ပါဝင်သည်။
“အမေရိကန်-တရုတ် ပြိုင်ဆိုင်မှုကို တုန့်ပြန်ရာမှာ အဖွဲ့အစည်းအဆင့်အနေနဲ့ အာဆီယံ တစ်သင်းတည်းပဲဆိုတာ ပြောဖို့ အလွန်ခက်ခဲပါတယ်။ ဘာကြောင့်လဲဆိုတော့ အလွန် အနုစိတ်ပြီး ရှုပ်ထွေးလို့ပါ။” ဟု Cogan က ပြောသည်။ "ဒါက နိုင်ငံပေါ် မူတည်တယ်။ ပြီးတော့ အပိုင်းအခြားကဏ္ဍတွေအပေါ် မူတည်တယ်။ အကြမ်းဖက်မှုတိုက်ဖျက်ရေးလား၊ သံတမန်ရေးလား၊ လုံခြုံရေးလား၊ မြန်မာ့အရေးလားဆိုတဲ့ အပိုင်းအခြားကဏ္ဍတွေအပေါ် မူတည်တယ်။ အဖွဲ့အစည်းတွင်းမှာ နိုင်ငံအလိုက် တုန့်ပြန်မှုတွေ မျိုးစုံ မရေမတွက်နိုင်အောင် ရှိနိုင်ပါတယ်။”
ကိုးကား - TIME
ပုံစာ - စက်တင်ဘာလ ၂၀ ရက် ၂၀၂၃ ခုနှစ် အင်ဒိုနီးရှားနိုင်ငံ Batam မြို့ ရေတပ်အခြေစိုက်စခန်းတစ်ခုတွင် အာဆီယံ သွေးစည်းညီညွတ်မှု လေ့ကျင့်ရေး Natuna 2023 အခမ်းအနားအတွင်း လွှင့်ထူထားသော အာဆီယံအဖွဲ့ဝင်နိုင်ငံအလံများ။ (Bay Ismoyo—AFP/Getty Images)
Top News
လွန်ခဲ့သော ၄ ရက် က
လွန်ခဲ့သော ၁၂ ရက် က
လွန်ခဲ့သော ၁၂ ရက် က