bap-logo
Article

လက်နက်ကုန်သွယ်မှု ဖြိုခွင်းခြင်းဖြင့် မြန်မာ ဗိုလ်ချုပ်များအပေါ် စင်ကာပူ ပိုမို ဖိအားပေးတင်းကျပ်

xg5lvdQpo91c4b8vMoxVy-image

လွန်ခဲ့သော တစ်လ က

စင်ကာပူလမ်းကြောင်း ပိတ်ဆို့ထားသော်လည် ရုရှား၊ တရုတ်နှင့် အိန္ဒိယတို့က မြန်မာသို့ လက်နက်များ ဆက်လက်ပေးပို့နေကြောင်း ကုလသမဂ္ဂက ပြောသည်။

 

စင်ကာပူနိုင်ငံသည် ကုလသမဂ္ဂ၏ ဖိအားပေးမှုကို တုန့်ပြန်သည့်အနေဖြင့် ၎င်းနိုင်ငံမှတဆင့် လက်နက်များ မြန်မာသို့ ရောင်းချနေမှုကို ဖြိုခွင်းလိုက်ပြီး မြန်မာစစ်ဗိုလ်ချုပ်များကို ပြင်းထန်သည့် ထိုးနှက်ချက် ဖြစ်စေခဲ့သည်။

 

စင်ကာပူ၏ ဖြိုခွင်းမှုသည် မကြုံစဖူး စစ်မြေပြင် ဘေးသင့်မှုများ ရင်ဆိုင်နေရသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ၎င်း၏ တပ်ဖွဲ့များအတွက် ထိခိုက်စေခဲ့သည်

 

မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် သောမတ်စ်အင်ဒရူးက စင်ကာပူအခြေစိုက် အဖွဲ့အစည်းများသည် စစ်တပ်အတွက် တတိယအကြီးဆုံး လက်နက်ကိရိယာ အရင်းအမြစ်များ ဖြစ်လာကြောင်း၊ လက်နက်ဝယ်ယူမှုအတွက် "အဓိကအရေးပါကြောင်း” ၎င်း၏ ၂၀၂၃ အစီရင်ခံစာကို စင်ကာပူအစိုးရက "ချက်ချင်း တုန့်ပြန်” ခဲ့သည်ဟု Al Jazeera ကို ပြောသည်။

 

ကျွန်တော့်ရဲ့ လူ့အခွင့်အရေးကောင်စီကို တင်ပြတဲ့ နောက်ဆက်တွဲ အစီရင်ခံစာမှာ စင်ကာပူကနေ မြန်မာကို တင်ပို့တဲ့ လက်နက်ကိရိယာတွေဟာ ၈၃ ရာခိုင်နှုန်း လျော့ကျသွားပါတယ်။” ဟု အင်ဒရူးက ပြောသည်။ "ဒါက သိသာထင်ရှားတဲ့ ရှေ့ခြေလှမ်းတစ်ခု ဖြစ်ပြီးတော့ မြန်မာနိုင်ငံက ထိခိုက်ခံစားနေရသူတွေအတွက် အစိုးရတွေက ဘယ်လို ကွဲပြားခြားနားအောင် လုပ်နိုင်တယ်ဆိုတဲ့ ဥပမာတစ်ခုဖြစ်ပါတယ်။”

 

စင်ကာပူ၏ ဖြိုခွင်းမှုသည် မကြုံစဖူး စစ်မြေပြင် ဘေးသင့်မှုများ ရင်ဆိုင်နေရသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ၎င်း၏ တပ်ဖွဲ့များအတွက် ထိခိုက်စေခဲ့သည်။ ၎င်းစစ်မြေပြင် ဘေးသင့်မှုများမှာ နိုင်ငံဗဟိုချက်တွင် ၎င်းတို့၏ အုပ်ချုပ်မှုကို ဆန့်ကျင်နေသူများကို ချေမှုန်းရာတွင် ရုန်းကန်နေရခြင်း၊ တိုင်းရင်းသားလူနည်းစုများနှင့် လူများစု ဗမာခုခံတော်လှန်ရေးအင်အားစုများ ပေါင်းစည်း၍ ထိုင်း၊ တရုတ်၊ အိန္ဒိယနယ်စပ် နယ်မြေများမှ စစ်တပ်ကို မောင်းထုတ်ခံရခြင်းမှ ပြန်လည် မတွန်းလှန်နိုင်ဘဲ အရေးနိမ့်နေခြင်းတို့ ပါဝင်သည်။

 

အကဲဖြတ်ဆန်းစစ်သူတို့ အမြင်တွင် ဗိုလ်ချုပ်များ ကြံရာမရဖြစ်မှု တိုးမြင့်လာပြီး စစ်မှုထမ်းဥပဒေအသက်သွင်းပြဌာန်းခြင်းဖြင့် အင်အားတိုးမြှင့်ရန် လုပ်ဆောင်နေရသည်။

 

အင်ဒရူး၏ ၂၀၂၃ ခုနှစ် 'ဒေါ်လာ ဘီလီယံချီသည့် မရဏကုန်သွယ်မှု' အစီရင်ခံစာတွင် ဒေါ်လာ ၁ ဘီလီယံ ကျော် လက်နက်နှင့် ဆက်စပ်ကိရိယာများ မြန်မာစစ်ဗိုလ်ချုပ်များအတွက် လွှဲပြောင်းပေးခဲ့မှု အချက်အလက်များကို ဖော်ပြထားသည်။ အစီရင်ခံစာတွင် စင်ကာပူအခြေစိုက်လုပ်ငန်း ၁၃၈ ခုက ၂၀၂၁ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း ဒေါ်လာ ၂၅၄ သန်း တန်ဖိုးရှိ လက်နက်ကိရိယာများ စစ်ကောင်စီအတွက် လွှဲပြောင်းပေးပို့ရာတွင် ပါဝင်ခဲ့ကြောင်းဖော်ပြထားသည်။ တရုတ်၊ ရုရှားနှင့် အိန္ဒိယကဏ္ဍများနှင့် မတူညီသည်မှာ ကုမ္ပဏီအမည်များ မဖော်ပြခဲ့ခြင်းဖြစ်သည်။

 

တုန့်ပြန်သည့်အနေဖြင့် စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက အစိုးရသည် အင်ဒရူး၏ "စင်ကာပူနိုင်ငံ၏ ဥပဒေအရ ကျူးလွန်မှု တစုံတရာ ရှိ၊ မရှိ စင်ကာပူနိုင်ငံ၏ စုံစမ်းစစ်ဆေးမှုကို သတင်းအချက်အလက်များ ပေးအပ်ရန်" အားထုတ်မှုကို တန်ဖိုးထား အသိအမှတ်ပြုပါကြောင်း ပြောသည်။

 

"မြန်မာစစ်တပ်၏ လက်နက်မဲ့ အရပ်သားများအပေါ် သေစေလောက်သည့် အင်အားသုံးခြင်းကို ဆန့်ကျင့်သည့် မူဝါဒ ရပ်တည်ချက်နှင့် မြန်မာနိုင်ငံသို့ လက်နက် စီး ဆင်းမှု ကာကွယ်ရေး လုပ်ဆောင်နေကြောင်း" လည်း ပြောသည်။

 

အနည်းဆုံး အရပ်သား ၄၈၈၂ ဦး သေဆုံးခဲ့ပြီးဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ အချက်အလက်များအရ သိရသည်။ စစ်တပ်သည် လေကြောင်းအသုံးပြုမှုနှင့် အရပ်သားများအပေါ် တိုက်ခိုက်မှုများကြောင့် စစ်ရာဇဝတ်မှုကျူးလွန်နေကြောင်းလည်း စွပ်စွဲခံနေရသည်။

 

စင်ကာပူက မြန်မာအပေါ် ဖိအားပေးတင်းကျပ်မှု တိတ်တဆိတ် ပြုလုပ်နေခဲ့ပါတယ်။” ဟု ဝါရှင်တန် ဒီစီရှိ အမျိုးသား စစ်ကောလိပ်မှ ပါမောက္ခ Zachary Abuza က ပြောသည်။ "သူတို့ ဒီထက်ပိုလုပ်နိုင်တာတွေ ရှိနေတဲ့ အချိန်မှာပဲ စင်ကာပူက ပြီးခဲ့တဲ့ နှစ်မှာ စစ်အုပ်ချုပ်ရေးကို ဖိအားတွေ တိတ်တဆိတ် ပေးခဲ့တဲ့အတွက် အသိအမှတ်ပြုမှု ဒီထက် ပိုရသင့်ပါတယ်။”

 

ဆယ်စုနှစ်များစွာ စင်ကာပူက မြန်မာနိုင်ငံအတွက် အဓိက ဘဏ္ဍာရေးလမ်းကြောင်း ဖြစ်နေခဲ့ပါတယ်။ စစ်အာဏာရှင်နဲ့ သူတို့ရဲ့ ခရိုနီတွေအတွက်တော့ ဒါက ခွင့်ပြုဖွယ်ရာ မဟုတ်တော့တဲ့အတွက် သူတို့ရဲ့ လွှဲပြောင်းမှုတွေကို တခြားစီရင်ခွင့်ရှိရာနယ်မြေတွေကတဆင့် အတင်းအကျပ် လမ်းကြောင်းလွှဲ လုပ်ဆောင်စေပါတယ်။ ဒါက ဘဏ္ဍာရေးစီးဆင်းမှုကို မရပ်တန့်စေပါဘူး။ ဒါပေမယ့် ကုန်ကျစားရိတ် အသစ်တွေ တိုးလာစေပါတယ်။”

 

ကြားဖြတ်နိုင်မည့် လုပ်ပိုင်ခွင့်အာဏာ

 

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ နောက်ဆက်တွဲအစီရင်ခံစာတွင် စင်ကာပူအစိုးရအနေဖြင့် လွှဲပြောင်းမှုများလုပ်ဆောင်နေသည်ကို သိရှိကြောင်း သက်သေအထောက်အထား မရှိဟု အင်ဒရူးက မှတ်ချက်ပြုထားသည်။

 

စစ်အာဏာရှင်ကို ပေးတဲ့ ကျည်ဆံနဲ့ ဒေါ်လာတိုင်းဟာ မြန်မာလူထုအတွက် သေဆုံးခြင်းတွေ၊ ဖျက်ဆီးခြင်းတွေ၊ နာကျင်မှုတွေနဲ့ ဒုက္ခခံစားရမှုတွေ ပိုရလာဖို့ပဲ ရှိပါတယ်

 

၂၀၂၃ တွေ့ရှိချက်များကို ထုတ်ပြန်ပြီးနောက် သံတမန်ရေးရာ ကြိုးပမ်းအားထုတ်မှုလုပ်ဆောင်ခဲ့အပြီးတွင် စင်ကာပူအစိုးရက တွေ့ရှိချက်များနှင့် ပတ်သတ်၍ စုံစမ်းစစ်ဆေးမှု တစ်ခု ပြုလုပ်ခဲ့ကြောင်း၊ အင်ဒရူးကို စင်ကာပူမှ ကြိုဆိုလက်ခံခဲ့ပြီး စုံစမ်းစစ်ဆေးမှုနှင့် ပတ်သတ်၍ အထောက်အကူပြု သတင်းအချက်အလက်များ ဆက်လက်ပေးအပ်ခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

 

အမေရိကန်နိုင်ငံက ၂၁ ရက် ဂျွန်လ ၂၀၂၃ ခုနှစ်တွင် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်တို့ကို ကန့်သတ်အရေးယူမှုများ ချမှတ်ပြီးနောက် စင်ကာပူ ငွေကြေးအာဏာပိုင်အဖွဲ့က UOB နှင့် အခြား စင်ကာပူဘဏ်များကို မြန်မာနှင့် ချိတ်ဆက်ထားသည့် အကောင့်များအား ဝန်ဆောင်မှု ရပ်တန့်ရန် ခွင့်ပြုချက်ပေးခဲ့သည်။

 

စင်ကာပူ၏ ကြားဝင်ဆောင်ရွက်မှုသည် ဗိုလ်ချုပ်များ၏ ဝယ်ယူနိုင်စွမ်းကို ဖြတ်တောက်နိုင်ခဲ့သည်ဟု အမျိုးသားညီညွတရေးအစိုးရက ပြောသည်။

 

လက်နက်ရယူနိုင်ခွင့်၊ ဘဏ္ဍာရေး၊ တရားဝင်မှုတွေကို ဖြတ်တောက်ခြင်းအားဖြင့် မြန်မာစစ်တပ်ရဲ့ ကိုယ့်ပြည်သူအပေါ် အကြမ်းဖက်လုပ်ဆောင်ချက်တွေကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ကြားဝင်ဟန့်တားနိုင်တဲ့ လုပ်ပိုင်ခွင့်အာဏာရှိကြောင်း စင်ကာပူရဲ့ လုပ်ရပ်က မီးမောင်းထိုး ဖော်ပြခဲ့ပါတယ်။” NUG အစိုးရအဖွဲ့ဝင် ဝန်ကြီး ဒေါက်တာဆာဆာက ပြောသည်။

 

စစ်အာဏာရှင်ကို ပေးတဲ့ ကျည်ဆံနဲ့ ဒေါ်လာတိုင်းဟာ မြန်မာလူထုအတွက် သေဆုံးခြင်းတွေ၊ ဖျက်ဆီးခြင်းတွေ၊ နာကျင်မှုတွေနဲ့ ဒုက္ခခံစားရမှုတွေ ပိုရလာဖို့ပဲ ရှိပါတယ်။”

 

အာဆီယံ အဖွဲ့ဝင်နိုင်ငံအားလုံးကို မြန်မာ့ "အကြမ်းဖက် အုပ်ချုပ်မှု” အဆုံးသတ်ရာတွင် ကူညီကြရန်တောင်းဆိုလိုက်ပြီး ဗိုလ်ချုပ်များကို အာဏာမှ ဖယ်ရှားရာတွင် ဖိအားပေးခြင်းဖြင့် တည်ငြိမ်မှု၊ ကြွယ်ဝချမ်းသာမှုတို့သည် ဒေသတွင်းသာမက ကမ္ဘာအတွက်ပါ အကျိုးအမြတ်ရစေမည်ဟု ပြောသည်။

 

မြန်မာက စစ်အာဏာရှင်တွေ ဖန်တီးလိုက်တဲ့ ကပ်ဘေးအကျပ်အတည်းက အာဆီယံနဲ့ အိမ်နီးချင်းနိုင်ငံတွေကို ရိုက်ခတ်ခြင်းအားဖြင့် နိုင်ငံတကာ နယ်စပ်တွေအထိ ပျံ့နှံ့နေပါပြီ။ စစ်အာဏာရှင်က သူ့ရဲ့ စစ်မှုထမ်းဥပဒေကို အတင်းအကျပ် ဆက်လက်လုပ်ဆောင်ရင် အကျပ်အတည်းကို ပိုမိုဆိုးရွားစေမှာဖြစ်ပြီး ဒေသတွင်းမှာ မတည်ငြိမ်မှုတွေ ဆက်လက်ဖြစ်ပေါ်စေလိမ့်မယ်။” ဟု ဝန်ကြီးက Al Jazeera ကို ပြောသည်။

 

စစ်အုပ်ချုပ်ရေးဘက်မှ မြောက်ပိုင်းပြည်နယ်များတွင် စစ်စခန်း ရာပေါင်းများစွာနှင့် တရုတ်နယ်စပ်နှင့် ရခိုင်ပြည်နယ်တွင်ပါ အဓိကအရေးပါသည့် မြို့များ ဆုံးရှုံးခြင်းတို့ ကြုံတွေ့နေရပြီး ကရင်တိုင်းရင်းသားများနှင့် အာဏာသိမ်းဆန့်ကျင်သည် တိုက်ခိုက်ရေးသမားများ၏ မဟာမိတ်အဖွဲ့များက မဟာဗျူဟာအရ အရေးပါသည့် ထိုင်းနယ်စပ် မြဝတီမြို့မှ စစ်တပ်ကို ဆုတ်ခွာစေခဲ့သည်။

 

ရုရှားနှင့် တရုတ်တို့သည် စစ်တပ်အတွက် အဓိက အဆင့်မြင့်လက်နက်များ၏ အရင်းအမြစ်အဖြစ် ဆက်လက်တည်ရှိနေပြီး ဒေါ်လာ ၄၀၀ မီလီယံ (ရုရှားထံမှ) ဒေါ်လာ ၂၆၀ မီလီယံ (တရုတ်ထံမှ) တန်ဖိုး လက်နက်များ တင်သွင်းခဲ့သည်ဟု အင်ဒရူး၏ ၂၀၂၃ အစီရင်ခံစာအရ သိရသည်။ ပြီးခဲ့သည့်လ တပ်မတော်နေ့အခမ်းအနားတွင် ရုရှား ဒုကာကွယ်ရေးဝန်ကြီး Alexander Fomin က အထူးဧည့်သည်တော်အဖြစ် ထပ်မံ တက်ရောက်ခဲ့ပြီး အခြားနိုင်ငံများစွာက သပိတ်မှောက်ထားခဲ့ကြသည်။

 

ဆက်လက် ဖြိုခွင်းရေးအတွက် စကစ၏ နိုင်ငံခြားမှ ၀င်ငွေများကို ပြန်လည်လက်ခံရန်နှင့် လက်နက်များရယူရန် ကမ္ဘာ့ဘဏ္ဍာရေးစနစ်သို့ ဝင်ရောက်ရေး နည်းလမ်းများကို အင်ဒရူးက စစ်ဆေးနေသည်ဟု Al Jazeera က နားလည်ထားပါသည်။

 

ဒေသတွင်း အရေးယူမှု လိုအပ်

 

အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်ခဲ့ရသည့် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းသည် လူပေါင်း ၂. သန်းကို ပဋိပက္ခနှင့် မလုံခြုံမှုမှ ထွက်ပြေးစေခဲ့သည်ဟု ကုလက ခန့်မှန်းထားပြီး အကျပ်အတည်းကို ထိရောက်စွာ မတုန့်ပြန်နိုင်သည့်အတွက်သော်လည်းကောင်း၊ မင်းအောင်လှိုင်ကို မတားဆီးနိုင်သည့်အတွက်သော်လည်းကောင်း အရှေ့တောင်အာရှနိုင်ငံများအတွက် ဖိအားများ တိုးပွားလာခဲ့သည်။

 

မြန်မာနိုင်ငံက ၁၉၉၇ ခုနှစ်တွင် ဝင်ရောက်ခဲ့သည့် အာဆီယံတွင် စင်ကာပူပါဝင်သည့် ပိုမိုပြင်းထန်စွာလုပ်ဆောင်လိုသူ နိုင်ငံများနှင့် ကမ္ဘောဒီးယားကဲ့သို့သော ထိတွေ့ဆက်ဆံရေးတောင်းဆိုနေသည့် နိုင်ငံများဟူ၍ နှစ်ပိုင်းပြတ်နေသည်။

 

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် Srettha Thavisin က စကစသည် "အင်အားနည်းနေကြောင်း” ယခုအပတ်တွင် Reuters ကို ပြောခဲ့ပြီး မြန်မာနှင့် စကားပြောဆိုဆွေးနွေးရန် အချိန်ကော်းဖြစ်သည်ဟု ပြောသည်။

 

မြဝတီမြို့ကို စွန့်ခွာခဲ့သည့် အစိုးရအရာရှိများ၊ စစ်တပ်အရာရှိများ၊ ၎င်းတို့၏ မိသားစုများကို ထိုင်းနိုင်ငံမှတဆင့် မြန်မာသို့ လေကြောင်းဖြင့် ပြန်လည်ပို့ဆောင်ခြင်းကို မြန်မာ စစ်တပ်အတွက် ခွင့်ပြုခြင်းဖြင့်ထိုင်းခေါင်းဆောင်များ၏ ကြားဝင်ဆောင်ရွက်မှု ပါဝင်လာခြင်းဖြစ်သည်။

 

တိုက်ပွဲများနှင့် သီးသန့်ခွဲခြားခံထားရမှုများ မြင့်တက်လာခြင်း၊ စစ်မြေပြင် ထိခိုက်သေဆုံးမှုများ၊ တပ်ပြေးပြဿနာများအကြား စကစသည် စစ်မှု မထမ်းမနေရ ဥပဒေကို စတင်အသက်ဝင်စေခဲ့သည်။

 

"စစ်လက်နက်တပ်ဆင်ထားသည့် ရဲ နှင့် စစ်သွေးကြွအဖွဲ့များမှ အထောက်အကူပြုထားသော တပ်ဖွဲ့ ၇၀၀၀၀ ဝန်းကျင်ကို စုစည်းထားသည့် အမိန့်ညွှန်ကြားမှု ဖွဲ့စည်းပုံအောက်တွင် ဖွဲ့စည်းထားသည်မှာ သေချာသလောက်ရှိသည်။"လုံခြုံရေး အကဲဖြတ်ဆန်းစစ်သူ Anthony Davis က မကြာသေးမီက ရေးသားခဲ့သည်။

 

ကုန်တင်ပို့ရေး ထိန်းချုပ်မှုများကို ချိုးဖောက်သည့် မြန်မာစစ်လက်နက် ပွဲစားများကို တရားစွဲဆိုအရေးယူရာတွင် အရှိန်မြှင့်တင်ရန်၊ ကုန်သွယ်မှုမှ အကျိုးအမြတ်ရယူရန် ကြိုးပမ်းနေသော အခြားသူများကို မည်သည့်နေရာတွင်မဆို တားမြစ်ရန် စင်ကာပူကို Justice for Myanmar တက်ကြွလှုပ်ရှားသူများအဖွဲ့က တောင်းဆိုခဲ့သည်။

 

စစ်အာဏာရှင်ရဲ့ လက်နက်ပွဲစားတွေကို ကြားဖြတ်ဟန့်တားတဲ့ စင်ကာပူရဲ့ ခြေလှမ်းတွေကို ကျွန်မတို့ ကြိုဆိုပါတယ်။ ဒါပေမယ့် အစိုးရက စစ်အာဏာရှင်ရဲ့ ဘဏ္ဍာရေး၊ လက်နက်၊ ကိရိယာနဲ့ လေယာဉ်ဆီ ရယူနိုင်မှုကို တားမြစ်ဖို့ ပိုပြီး လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ မြန်မာခရိုနီတွေဟာ စင်ကာပူမှာ လုပ်ငန်းလုပ်ကိုင်နေရုံမက နေထိုင်နေတာတွေပါ ရှိနေသေးပြီး စင်ကာပူက ရုရှားအပေါ်မှာ [ယူကရိန်းအရေးနှင့်ပတ်သတ်၍] ကန့်သတ်အရေးယူတာတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် စစ်အာဏာရှင်နဲ့ သူ့ရဲ့ လုပ်ငန်းတွေအပေါ် ဘယ်လို ကန့်သတ်အရေးယူမှုမျိုးမှ မပြဌာန်းရသေးပါဘူး။” ဟု ၎င်းအဖွဲ့၏ ပြောခွင့်ရ ဒေါ်ရတနာမောင်က ပြောသည်။

 

စင်ကာပူလမ်းကြောင်းကို တင်းကျပ်လိုက်သော်လည်း အရောင်းအဝယ်ပြုသူများသည် အခြားသော တင်ပို့မှုလမ်းကြောင်းများ ရှာဖွေနေကြမည်ကို သူမက စိုးရိမ်သည်။

 

၎င်းလမ်းကြောင်းတို့အနက် နိုင်ငံတစ်ခုမှာ ထိုင်းနိုင်ငံဖြစ်သည်။ အဆင့်မြင့်လက်နက်စနစ်များအတွက် အပိုပစ္စည်းများ တင်ပို့ခြင်း၊ ကုန်ကြမ်းများ၊ စကစာ လက်နက်စက်ရုံများအတွက် ကိရိယာများ ထုတ်လုပ်ခြင်းတို့တွင် ၎င်းနိုင်ငံအတွင်း လုပ်ငန်းလုပ်ကိုင်နေသည့် အစုအဖွဲ့များ မည်ကဲ့သို့ပါဝင်နေသည်ကို အင်ဒရူး၏ အစီရင်ခံစာတွင် မှတ်ချက်ပြုထားသည်။

 

ထိုင်းနိုင်ငံဟာ ခရိုနီတွေနဲ့ လက်နက်ပွဲစားတွေအတွက် လူကြိုက်များတဲ့ ဦးတည်ရာအဖြစ် တိုးတက်လာနေတယ်ဆိုတဲ့ လက္ခဏာတွေ ရှိပါတယ်။ အဲဒီအတွက် စစ်အာဏာရှင်အပေါ် နိုင်ငံတကာ အရေးယူမှုတွေ ပြုရာမှာ ပူးပေါင်းရန် ဆက်လက် ပျက်ကွက်နေမယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။” ဟု ဒေါ်ရတနာမောင်က Al Jazeera ကို ပြောသည်။

 

Al Jazeera က ရန်ကုန်မြို့ရှိ စင်ကာပူသံရုံးကို မှတ်ချက်ပေးရန် ဆက်သွယ်ခဲ့ပါသည်။

 

ကိုးကား - Al Jazeera

 

ပုံစာ - အာဏာသိမ်းမှု၏ ရလဒ်အဖြစ် လူပေါင်း ၂. သန်းကျော် ပဋိပက္ခနှင့် မလုံခြုံမှုများမှ ထွက်ပြေးခဲ့ရသည်။ (File: Sakchai Lalit/AP Photo)

 

 Burma Associated Press

မြန်မာ
မြန်မာဗိုလ်ချုပ်
မင်းအောင်လှိုင်
စင်္ကာပူ
လက်နက်ထုတ်လုပ်သူများ

Share With
bap-logo