Politics
NCA လက်မှတ်ထိုးခဲ့သည့် လက်နက်ကိုင် ၆ ဖွဲ့ က (၁၀) နှစ်ပြည့်အခမ်းအနား မတက်ရန် တိုက်တွန်း
လွန်ခဲ့သော ၃ နာရီ က
BAP၊ အောက်တိုဘာ ၁၃။
တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၆ ဖွဲ့က စစ်အုပ်စုစီစဉ်နေသည့် ၁၀ နှစ်ပြည့် အခမ်းအနားကို မတက်ရန် တိုက်တွန်းလိုက်သည်။
ပြည်သူလူထုကိုနေ့စဥ်ဗုံးကြဲသတ်ဖြတ်၊ လူငယ်များကိုအဓမ္မစစ်မှုထမ်းစေခိုင်းခြင်းပြုလုပ်နေသည့် စစ်အုပ်စု၏ ဟန်ပြလုပ်ငန်းစဉ်များ တွင်ပါဝင်ခြင်းသည် မြန်မာနိုင်ငံနှင့် ဒေသတွင်းမတည်ငြိမ်မှုကို ဖန်တီးနေသည့် စစ်အုပ်စုကို ထောက်ခံရာကျသည့်အတွက် (NCA) လက်မှတ်ရေးထိုးခဲ့ခြင်း (၁၀) နှစ် ပြည့်မြောက် အခမ်းအနားသို့ မတက်ရောက်ခြင်းဖြင့် ပြည်သူလူထုနှင့် အတူရပ်တည် ကြောင်းပြသ ကြရန် UN, ASEAN နှင့် နိုင်ငံတကာသံတမန်များနှင့် အဖွဲ့အစည်းများကို တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။
NCA တွင် လက်မှတ်ထိုးထားသည့် တိုင်းရင်းသားနက်ကိုင်တပ်ဖွဲ့များဖြစ်သည့် KNU, CNF, ABSDF PNLO၊ NMSP-AD နှင့် LDU တို့က ထိုသို့ တိုက်တွန်းလိုက်ခြင်းဖြစ်သည်။
NCA ကို သမ္မတ ဦးသိန်းစိန်လက်ထက် ၂၀၁၅ ခုနှစ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့၊ NLD အစိုးရ လက်ထက် ၂၀၁၈ ခုနှစ်တွင် ၂ ဖွဲ့ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကာ လာမည့် အောက်တိုဘာ ၁၅ ရက်တွင် ၁၀ နှစ် ပြည့်မြောက်မည်ဖြစ်သည်။
NCA လုပ်ငန်းစဉ် အကောင်အထည်ဖော်စဉ်ကာလ အတွင်း မြန်မာစစ်တပ်သည် လုပ်ငန်းစဉ်အား လွှမ်းမိုး ထိန်းချုပ်ခြင်း၊ ၎င်းတို့၏ စစ်တပ်ကြီးစိုးရေး မူဝါဒများဖြင့် တဖက်သတ် ပိတ်ဆို့ပြီး NCA သဘောတူညီချက် များကို အကောင်အထည်မဖော်နိုင်ရန် တားဆီးခြင်းများပြုလုပ်ခဲ့သလို၊ စာချုပ်ပါ သဘောတူညီချက်များအား အကြိမ်ကြိမ် ချိုးဖောက်ခြင်းများရှိခဲ့သော်လည်း မိမိတို့သည် ငြိမ်းချမ်းရေးနှင့် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရန် ရည်မှန်းချက်ဖြင့် စိတ်ရှည်ညည်းခံ၊ နည်းလမ်းရှာဖွေကာ တစိုက်မတ်မတ် ကြိုးစားခဲ့မှုကြောင့် သဘောတူညီချက် အချို့ရရှိအောင် ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့သည်ဟု ထိုစဉ်က လက်မှတ်ထိုးရာတွင် ပါဝင်ခဲ့သည့် အဖွဲ့ ၆ ဖွဲ့ကဆိုသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုသည် NCA စာချုပ်၏ အနှစ်သာရ၊ အခြေခံမူများ နှင့် ရည်မှန်းချက်များ ကို ပြောင်ပြောင်တင်းတင်း ဖျက်ဆီးလိုက်ပြီ ဖြစ်ပြီး NCA အကောင်အထည်ဖော်မှု လုပ်ငန်းစဉ်လည်း ရပ်ဆိုင်း သွားကာ စက္ကူစုတ်တခုအဖြစ်သို့ ရောက်ရှိသွားစေပါသည်ဟုလည်း ပူးတွဲ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်အုပ်စု၏ NCA အမည်ခံပြီး ပြုလုပ်သည့် ဟန်ပြလုပ်ငန်းစဉ်များ နှင့် စစ်အုပ်စုမှ ၎င်းတို့ကိုယ်တိုင် ချိုးဖောက်ခဲ့၍ ပျက်ပြယ်သွားပြီဖြစ်သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအောက်မှာ ကျင်းပရန် ပြင်ဆင် နေသည့် အတုအယောင် ရွေးကောက်ပွဲတို့သည် စစ်အာဏာရှင်များက နိုင်ငံကို တသက်လုံး ထိန်းချုပ်နိုင်ရေး တရားဝင်မှုရှိရန် ကြိုးပမ်းခြင်းသာဖြစ်သည်ဟုလည်း ဆိုသည်။
ထိုလုပ်ဆောင်ချက်များသည် နိုင်ငံ၏ အကျပ်အတည်းနှင့် ပြည်သူလူထု၏ ဆင်းရဲဒုက္ခများကို ဖြေရှင်းနိုင်မည် မဟုတ်ဘဲ ပဋိပက္ခများသာ ပို၍ ရှည်လျား စေမည်ဟုလည်း ဖော်ပြထားသည်။
ပုံစာ - စစ်ကောင်စီက နေပြည်တော်တွင်ပြုလုပ်ခဲ့သည် NCA (၈) နှစ်ပြည့်အခမ်းအနား ( ဓာတ်ပုံ- လူမှုကွန်ရက်)