Article
ထိုင်းနှင့် လာအိုတို့က စစ်အာဏာရှင် ပွဲတိုးနိုင်စေရေး ကြိုးပမ်းနေ
လွန်ခဲ့သော ၉ လ က
လာအိုဥက္ကဌတာဝန်ယူပြီးနောက် အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံသည် ကဲ့ရဲ့ပြစ်တင်ခံနေရသည့် စစ်အာဏာရှင်ကို ပိုမိုနေရာပေးလာသည့်အသွင် မြင်ရသည်။
ထိုင်းနိုင်ငံ၏ အငြင်းပွားဖွယ် လူသားချင်းစာနာမှုအစီအစဉ်ကို အာဆီယံအဖွဲ့ဝင်များကပင် ဝေဖန်မှုများ ခံနေရသည်။
ယခုအခါ လာအို ဥက္ကဌတာဝန်ယူစဉ်မှစ၍ သံသယများ ကြီးထွားလာခဲ့ကြသည်
ကုန်းတွင်းပိတ်နိုင်ငံ လာအို၏ မြို့တော်ဟောင်း Luang Prabang တွင် ပြုလုပ်ခဲ့သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသည် သဘောတူညီမှု ငါးချက်ကို အလေးပေးခြင်းဖြင့် အဆုံးသတ်ခဲ့သည်။
အကျပ်အတည်းအဆုံးသတ်ရန် ဆောင်ရွက်မှုများ မရှိသည့်အတွက် စစ်အုပ်ချုပ်ရေးဘက်မှ ထိပ်သီးအစည်းအဝေးများ တက်ရောက်ခြင်း မပြုနိုင်ရန် ပိတ်ပင်မှုများနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာမှ အရာရှိတစ်ဦး တက်ရောက်ခဲ့သည်။
ဒီမိုကရေစီအရေး လှုပ်ရှားသူများနှင့် နိုင်ငံရေးသမားများက အာဆီယံကို မင်းအောင်လှိုင်နှင့် ၎င်း၏ ဗိုလ်ချုပ်များအပေါ် ပိုမိုအားကောင်းသည့် အရေးယူမှုများ ပြုလုပ်ရန် ထပ်ဖန်တလဲလဲ တောင်းဆိုခဲ့ကြသည်။ သို့သော် ယခုအခါ လာအို ဥက္ကဌတာဝန်ယူစဉ်မှစ၍ သံသယများ ကြီးထွားလာခဲ့ကြသည်။
အာဆီယံဥက္ကဌတာဝန် လွှဲပြောင်းရယူပြီးနောက် လာအိုသည် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တစ်ဦးကို ခန့်အပ်ခဲ့သည်။ ၂၀၂၂ ခုနှစ် ကမ္ဘောဒီးယား ဥက္ကဌတာဝန်ယူစဉ်က လုပ်ဆောင်ခဲ့သည့်အတိုင်း ဒုနိုင်ငံခြားရေးဝန်ကြီးဟောင်းဖြစ်သူ အထူးကိုယ်စားလှယ် Alounkeo Kittikhoun သည် ဇန်နဝါရီ လလယ်ပိုင်းက နေပြည်တော်သို့ သွားရောက်ခဲ့ပြီး ဗိုလ်ချုပ်ကြီးများနှင့် တွေ့ဆုံခဲ့သည်။
ကမ္ဘောဒီးယားကဲ့သို့ပင် လာအိုသည် တရုတ်နိုင်ငံနှင့် နီးစပ်ပြီး ပို၍ နီးကပ်သည်ပင်ဟု မြင်ရသည်။
“အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက ဝေဖန်မှု အများအပြား ခံနေရတဲ့ ထိုင်းလူသားချင်းစာနာမှုအစီအစဉ်နဲ့ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း တရုတ်နိုင်ငံရဲ့ ကြီးထွားလာတဲ့ အခန်းကဏ္ဍကို ထောက်ခံအားပေးခဲ့ကြတဲ့အတွက် အာဆီယံကတော့ နောက်ရောက်သွားပြီး မှေးမှိန်သွားတယ်လို့ မြင်ရပါတယ်။” ဟု မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံတို့ဆိုင်ရာ နယ်သာလန် သံအမတ်ဟောင်း Laetitia van den Assum က ပြောသည်။
လာအိုအစိုးရ၏ ဥက္ကဌအဖြစ်တာဝန်ယူမှုသည် "ခက်ခဲသည့် ကာလ” ဖြစ်မည်ဟု သူမက ပြောသည်။
“ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှုရဲ့ ၁၂၅ ရာခိုင်နှုန်း အမျိုးသားအဆင့် ကြွေးမြီတင်နေတဲ့ နိုင်ငံတစ်နိုင်ငံ၊ အဲဒီကြွေးမြီတွေကလည်း တရုတ်ကို ပေးရမှာ ဖြစ်တဲ့အတွက် အာဆီယံကို ဖိအားပေးနေတဲ့ ပြဿနာတွေကို တိုးတက်ဖြေရှင်းနိုင်မယ့် နည်းလမ်း ရှာဖို့ ခက်ခဲနိုင်ပါတယ်။” ဟု သူမက Al Jazeera ကို ပြောသည်။
ထိုင်းနိုင်ငံနှင့် ပတ်သတ်၍လည်း စိုးရိမ်ရန် ရှိသည်။ အာဆီယံတည်ထောင်သူများတွင် ပါဝင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ၎င်းနိုင်ငံ၏ အင်အားကြီးသော စစ်တပ်သည် အာဏာသိမ်းမှု အကြိမ်ကြိမ်ပြုလုပ်ခဲ့ကာ မြန်မာနိုင်ငံမှ ဗိုလ်ချုပ်ကြီးများနှင့် အနီးကပ် ဆက်ဆံပူးပေါင်းမှုကို ထိန်းသိမ်းထားသည်
ပြောင်ပြောင်တင်းတင်း အရေးမစိုက်ခြင်း
အာဆီယံသည် လွန်ခဲ့သည့် သုံးနှစ်အတွင်း စကစ၏ "အာဆီယံ သဘောတူညီချက် ငါးချက်ကို ပြောင်ပြောင်တင်းတင်း အရေးမစိုက်ဘဲ" ရက်စက်ကြမ်းကြုပ်ခဲ့မှုများကို အရေးယူဆောင်ရွက်ရန် ပျက်ကွက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့ဝင် ဝန်ကြီး ဒေါက်တာဆာဆာက မှတ်ချက်ပြုသည်။
ထပ်မံ၍ ဗိုလ်ချုပ်ကြီးများသည် အကြမ်းဖက်မှုများ အဆုံးသတ်ရန်၊ သမ္မတ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို ချက်ချင်းပြန်လွှတ်ရန်တောင်းဆိုထားသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ ကိုလည်း ချိုးဖောက်ခဲ့သည်ဟု ဒေါက်တာ ဆာဆာက ပြောသည်။
“အာဆီယံနဲ့ အဖွဲ့ဝင်နိုင်ငံတွေဟာ NUG နဲ့ သူ့ရဲ့ မဟာမိတ်တွေ အပါအဝင် မြန်မာနိုင်ငံရဲ့ တရားဝင်ဒီမိုကရေစီ ကိုယ်စားလှယ်တွေနဲ့ ထိတွေ့ ဆက်ဆံသင့်ပါတယ်။ ဒီလိုဆိုရင် အာဆီယံက မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနဲ့ ဖက်ဒရယ် ဒီမိုကရေစီအုပ်ချုပ်ရေးကို ပြန်လည်ရယူဖို့ ကူညီရာရောက်ပါလိမ့်မယ်။” ဟု ၎င်းက ပြောသည်။
ထိုင်းနိုင်ငံနှင့် ပတ်သတ်၍လည်း စိုးရိမ်ရန် ရှိသည်။ အာဆီယံတည်ထောင်သူများတွင် ပါဝင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ၎င်းနိုင်ငံ၏ အင်အားကြီးသော စစ်တပ်သည် အာဏာသိမ်းမှု အကြိမ်ကြိမ်ပြုလုပ်ခဲ့ကာ မြန်မာနိုင်ငံမှ ဗိုလ်ချုပ်ကြီးများနှင့် အနီးကပ် ဆက်ဆံပူးပေါင်းမှုကို ထိန်းသိမ်းထားသည်။
လူသားချင်းစာနာမှုအစီအစဉ်သည် အကျပ်အတည်း အဆုံးသတ်ရေး ဆွေးနွေးပြောဆိုရန် လမ်းခင်းပေးခြင်းကို ကူညီနိုင်ရန်ဖြစ်သည်ဟု ထိုင်းနိုင်ငံက ပြောသည်။
“ထိုင်းနိုင်ငံက စကစကို အာဆီယံထ ပြန်ခေါ်ချင်တယ်။ စစ်အုပ်ချုပ်ရေးဘက်ကို ပွဲတက်နိုင်အောင် လုပ်ချင်တယ်။ ထိုင်းနိုင်ငံရဲ့ လူသားချင်းစာနာမှုစင်္ကြံဆိုတာ ခြေလှမ်းတွေအများကြီးထဲက ပထမဆုံးခြေလှမ်းတစ်ခုပဲ။” ဟု နယ်သာလန်သံအမတ်ဟောင်း van den Assum က ပြောသည်။
ထိုင်းနိုင်ငံသည် ၁၉၈၀ ခုနှစ်များ၏ အလယ်ပိုင်းကစ၍ မြန်မာနိုင်ငံမှ ဒုက္ခသည် ၉၀၀၀၀ ခန့်အတွက် ဒုက္ခသည်စခန်း ကိုးခုဖွင့်လှစ်ပေးထားသည်ဟု လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့က ယမန်နှစ်တွင် ပြောသည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် မြန်မာဒုက္ခသည် အနည်းဆုံး ၄၅၀၀၀ ခန့် ထိုင်းနိုင်ငံသို့ ထွက်ပြေးလာခဲ့ကြသည်ဟု အစီရင်ခံစာက ခန့်မှန်းသည်။ မြန်မာ့ စစ်မှုထမ်းဥပဒေကြောင့် စိုးရိမ်မှုများ မြင့်တက်လာပြီး နယ်စပ်မှ လူများ ပိုမိုဝင်ရောက်လာနိုင်သည်။
ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် "မြန်မာကို အာဆီယံမိသားစုအတွှု်း အပြည့်အဝ ပြန်လည်ဝင်ရောက်လာသည်ကို မြင်တွေ့လိုကြောင်း” ထိုင်းဝန်ကြီးချုပ် Srettha Thavisin က ပြီးခဲ့သည့်လ ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Manet လာရောက်လည်ပတ်စဉ် ပြောသည်။
အာဆီယံဥက္ကဌတာဝန်ကို အင်ဒိုနီးရှားထံမှ လာအိုနိုင်ငံ လွှဲပြောင်းမရယူခင်ကပင် မြန်မာနိုင်ငံ၏ ပိုမိုနက်ရှိုင်းလာသော အကျပ်အတည်းကို အာဆီယံအနေဖြင့် ဖြေရှင်းနိုင်စွမ်း ရှိ၊ မရှိ မေးခွန်းများ ရှိနေခဲ့သည်။ မြန်မာ့အရေးသာမက တောင်တရုတ်ပင်လယ်အရေးတွင်ပါ အငြင်းပွားမှုများ၊ အရေးမယူမှုများကြောင့် အာဆီယံ၏ ပတ်သတ်ဆက်နွယ်မှုနှင့် ၎င်း၏ အမေရိကန်နှင့် အပြိုင်ဖြစ်နေသည့် တရုတ်နှင့် ဆက်ဆံရေးကို မေးခွန်းထုတ်ဖွယ်ရာများ ဆက်လက်မြင့်တက်နေခဲ့သည်။
အာဆီယံ၏ ရပ်မြဲတိုင်း ရပ်နေလိုမှုက စိတ်ဝမ်းကွဲပြားမှုများကို ကိုယ်ပိုင် နိုင်ငံခြားရေးမူဝါဒဖြင့်သာ ဖြေရှင်းစေလိုပြီး ဖိလစ်ပိုင်နှင့် ဗီယက်နမ်တို့က တောင်တရုတ်ပင်လယ် ကမ်းခြေစောင့်ပူးပေါင်းလှုပ်ရှားမှုများ ပိုမိုကျယ်ပြန့်စွာ လုပ်ဆောင်ရန် ပြီးခဲ့သည့်လက လက်မှတ်ရေးထိုးခဲ့ကြသည်။
ထိုင်းအစိုးရသစ်၏ မြန်မာအပေါ် ချဉ်းကပ်မှု အထူးသဖြင့် စကစကို အသိအမှတ်ပြုခြင်းကို လူအများက ဝေဖန်ခဲ့ကြသည်။ အများလေးစားမှုခံရသည့် ဝါရင့် သံအမတ်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း Kasit Piromya ၏ ဝေဖန်မှုမှာ သတိပြုမှတ်သားဖွယ်ရှိသည်။
“စစ်အာဏာရှင်ဟာ ဒီမိုကရေစီ၊ လူမှုအဖွဲ့အစည်းနဲ့ အသက် သန်းပေါင်းများစွာကို ဖျက်ဆီးခဲ့တဲ့တစ်ခုတည်းသော အကြောင်းရင်းဖြစ်တယ်ဆိုတာကို အသိအမှတ်ပြုဖို့ ငြင်းပယ်ခြင်းဟာ ကိုယ့်အစိုးရရဲ့ ယုံကြည်ကိုးစားရမှုကို ပျက်စီးစေတယ်။” ဟု Kasit ၏ ဘန်ကောက်ပို့စ်တွင် ဖော်ပြခဲ့သော အတွေးအမြင်၌ သတိပေးထားသည်။ "သူ့ရဲ့ တစ်ဖက်နိုင်ငံခြာရေးဝန်ကြီးနဲ့ စစ်အုပ်ချုပ်ရေးကို လုပ်ပိုင်ခွင့်ပေးလိုက်တာက Khun Parnpreee အနေနဲ့ စစ်အာဏာရှင်ရဲ့ လုပ်ရပ်တွေကို အသိအမှတ်ပြု သဘောတူလိုက်တာပဲ။” ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-nukara ကို ရည်ညွှန်းပြောဆိုခဲ့သည်။
လူမှုအဖွဲ့အစည်းနှင့် လူသားချင်းစာနာမှုအဖွဲ့ အများအပြားသည် ထိုင်းနိုင်ငံ၏ အဆိုပြုချက်ကို ငြင်းပယ်ခဲ့ကြပြီး လိုအပ်သော ဘဏ္ဍာရေး မရရှိနိုင်ဟု ပြောကြောင်း Van den Assum က ပြောသည်။
“ဒီအစီအစဉ်အရ မြန်မာကြက်ခြေနီအဖွဲ့အစည်းက စကစရဲ့ ညွှန်ကြားမှုကို လိုက်နာရမယ်။ စကစဟာ တခြား လူသားချင်းစာနာမှု လုပ်ဆောင်ချက်တွေကို ဘယ်လို လုပ်ခဲ့တယ်ဆိုတာ ကျွန်မတို့ မြင်ခဲ့ရတာပဲ။ ဥပမာ၊ မေလက တိုင်ဖွန် မိုခါ နောက်ပိုင်း စကစက ရခိုင်ပြည်နယ်ကို လူသားချင်းစာနာမှုအကူအညီတွေ လပေါင်းများစွာ ပိတ်ဆို့ထားခဲ့တယ်။” ဟု သူမက ပြောသည်။
လာအိုဦးဆောင်တဲ့ အာဆီယံဟာ ဗမာစစ်အုပ်ချုပ်ရေးရဲ့ အရိုင်းအစိုင်းလုပ်ရပ်တွေို့ ပြန်ပြီး တွန်းလှန်ဖို့ အရေးတကြီးလိုအပ်ပါတယ်
နက်ရှိုင်းလာသည့် အကျပ်အတည်း
ထိုင်းနိုင်ငံက မြန်မာဗိုလ်ချုပ်ကြီးများကို သက်ညှာနေသော်လည်း စကစ၏ အကြမ်းဖက်မှုနှင့် ရက်စက်ကြမ်းကြုပ်မှု အထောက်အထားများမှာမူ ပိုမိုကြီးမားကျယ်ပြန့်လာနေသည်။
မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီးတွင် ခုခံတော်လှန်သူများကို စစ်တပ်က အသက်ရှင်လျက် မီးရှို့သတ်ဖြတ်ခဲ့ကြောင်း မြန်မာနောင်းသတင်းဌာနက ဖော်ပြခဲ့သည်။ ဒေသခံများနှင့် ခုခံတော်လှန်ရေးသမားများ၏ ပြောကြားချက်အရ ကျူးလွန်ခံရသူ ၈ ဦးအနက် ၆ ဦးကို မြန်မာနောင်းက အမည်ဖော်နိုင်ခဲ့သည်။ ၎င်းတို့မှာ အသက် ၃၀ မှ ၆၀ အကြား ဖြစ်ကြသည်။
မကွေးတိုင်းဒေသကြီးမှ ကြောက်မက်ဖွယ် သတ်ဖြတ်မှုတစ်ခုတွင် အသက် ၂၀ အရွယ် ခုခံတော်လှန်ရေးသမားနှစ်ဦးကို အများပြည်သူရှေ့တွင် ကြိုးတွဲလောင်းချပြီး မီးရှို့သတ်ဖြတ်ခဲ့သည်ဟု ဒေသတွင်း သတင်းဌာနများက ဖော်ပြကြသည်။ မနှစ်က ဖြစ်ပွားခဲ့ခြင်းဖြစ်သော်လည်း ဗီဒီယိုမှာ မကြာသေးမီကမှ ထွက်ပေါ်လာခြင်းဖြစ်သည်။
“လာအိုဦးဆောင်တဲ့ အာဆီယံဟာ ဗမာစစ်အုပ်ချုပ်ရေးရဲ့ အရိုင်းအစိုင်းလုပ်ရပ်တွေို့ ပြန်ပြီး တွန်းလှန်ဖို့ အရေးတကြီးလိုအပ်ပါတယ်။ သဘောတူညီချက် ငါချက်က မထိရောက်ဘူးဆိုတာ သက်သေပြခဲ့ပြီးပြီ။ ဒါကို စွန့်လွှတ်ဖို့ အချိန်ရောက်ပြီ။ စစ်အာဏာရှင်ဟာ တာဝန်ယူကို ယူရပါမယ်။” ဟု မြန်မာ လူ့အခွင့်အရေးလှုပ်ရှားသူ မသဉ္စာရွှန်းလဲ့ရည်က Al Jazeera ကို ပြောသည်။
သို့ရာတွင် ဗိုလ်ချုပ်ကြီးများကို နေရာပေးနေသည့် လာအို၊ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့ကဲ့သို့သော နိုင်ငံများက တစ်ဘက် အခြားသော နိုင်ငံများကတစ်ဘက် ကွဲပြားနေသည့်အတွက် ၎င်းအရေးယူမှုများမှာ ဖြစ်ပေါ်လာဖွယ်မရှိဟု ကျွမ်းကျင်သူများက ပြောသည်။
အနောက်နိုင်ငံများသည်"အင်ဒိုနီးရှားနှင့် စင်ကာပူတို့ကဲ့သို့သော အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့နှင့် ပိုမိုကောင်းမွန်သည့် ချဉ်းကပ်မှုတစ်ခုကို တက်ကြွစွာ လုပ်ဆောင်"သင့်သည်ဟု အင်ဒိုနီးရှား၊ အာဆီယံနှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း၊ 'အပြစ်မကင်းသည့် မိတ်ဖက်များ - အမေရိကန်ပြည်ထောင်စုနှင့် အရှေ့တောင်အာရှ' စာအုပ်ရေးသားသူ Scot Marciel က ယုံကြည်သည်ဟု ပြောသည်။
“ထိုင်းနဲ့ လာအိုက မြန်မာစစ်အာဏာရှင်နဲ့ ပြန်လည်ထိတွေ့ ဆက်ဆံဖို့ ကြိုးပမ်းအားထုတ်နေပါတယ်။ ဒါပေမယ့် လူသားချင်းစာနာမှု အကျပ်အတည်းကို ဖြေရှင်းခြင်းအားဖြင့် နိုင်ငံရေးစကားဝိုင်းအတွက် လမ်းခင်းပေးမယ်ဆိုတဲ့ သူတို့ရဲ့ ယုံကြည်ချက်က လမ်းလွဲနေတယ်။” ဟု မြန်မာနိုင်ငံမှ ဒီမိုကရေစီလိုအားသူ နိုင်ငံရေးသမာတစ်ဦးက အမည်မဖော်ဘဲ Al Jazeera ကို ပြောသည်။
“မြန်မာ့ဗဟိုချက်ဟာ စစ်အာဏာရှင်ရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အလေးမထားခြင်းနဲ့ အာဆီယံရဲ့ ပူးပေါင်းတုန့်ပြန်နိုင်မှု မရှိခြင်းတို့ ပေါင်းစပ်ထားတဲ့ ရွှံ့နွံထဲမှာ ရောက်နေပါတယ်။ ဒီလို အခြေခံကျတဲ့ အရေးတွေကို ဖြေရှင်းဖို့ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု မရှိဘဲနဲ့ အာဏာရှင်ကို ပြန်ခေါ်သွင်းဖို့ ကြိုးပမ်းမှုတိုင်းဟာ အချည်းနှီးပဲ ဖြစ်မှာပါ။”
ကိုးကား - Al Jazeera
ပုံစာ - ဇန်နဝါရီလတွင် လာအိုနိုင်ငံ Luang Prabang မြို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးသို့ တက်ရောက်လာသည့် မြန်မာ အမြဲတမ်းအတွင်းဝန် မာလာသန်းထိုက်။ (Photo: Tang Chhin Sothy/AFP)
Top News
လွန်ခဲ့သော ၄ ရက် က
လွန်ခဲ့သော ၁၂ ရက် က
လွန်ခဲ့သော ၁၂ ရက် က