Editorial
အာဏာရှင်၏ အသံဆိုး
လွန်ခဲ့သော တစ်နှစ် က
စစ်ကောင်စီ၏ လူငယ်၊ လူရွယ်များကို စစ်မှုထမ်းစေခြင်းကိစ္စသည် မိဘများ၏ အိမ်တံခါးပေါက်အား လာခေါက် နေသော အာဏာရှင်၏ အသံဆိုးဖြစ်သည်။
စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေကို အတည်ပြုခြင်းနှင့်အတူ အကောင်အထည်ဖော်ခြင်းကို အချိန်မဆိုင်းဘဲ အစောတလျင် လုပ်ဆောင်နေသည်။ ရပ်ကွက်ကျေးရွာအတွင်း လူငယ်၊ လူရွယ်ထုစာရင်းကောက်ယူခြင်းနှင့်အတူ စစ်သည်ဦးရေ လိုအပ်ချက်အရ မဲနှိုက်၍ လူရွေးခြင်းများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေသည်။
စစ်မှုထမ်းနည်းဥပဒေအတည်ပြုမှ စစ်မှုထမ်းစေခြင်း လုပ်ငန်းစဉ်စတင်မည်ဟု ဆိုသော်လည်း စစ်ကောင်စီ၏ စစ်သည် လိုအပ်ချက်အတိုင်း မြေပြင်တွင် စတင်လှုပ်ရှားနေပြီဖြစ်သည်။
ယင်းဥပဒေကြောင့် လူငယ်၊ လူရွယ်ဘဝ သာယာလုံခြုံမှုနှင့် နုနယ်ပျိုပျစ်မှုများကို စစ်ကောင်စီက ဝါးမျိုပစ်တော့ မည်ဖြစ်သည်။ ကံအကြောင်းမလှပါက ဒုက္ခိတဘဝသို့ ဆိုက်ရောက်နိုင်စရာရှိပြီး အသက်ပင်ပေးရမည့် အခြေအ နေဖြစ်သည်။ ယင်းကြောင့်လူငယ်ထု၏ မိခင်ဖခင်နှင့် ဆွေမျိုးညာတိတို့သည် ပူပင်သောကရောက်ကြရသည်။
ဥပဒေတိုင်းဟု စစ်ကောင်စီက မည်မျှပင်ဆိုစေကာမူ ယင်းတို့အပေါ် ယုံကြည်မှုကင်းမဲ့နေသော အများပြည်သူသည် မိမိရင်သွေးများကို ဘေးရန်ကင်းစေကြောင်း အကြံထုတ်လာကြသည်။
အခြေအနေပေးသူများက ပြည်ပထွက်ရန်ကြိုးပမ်းကြသည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထဲဝင်ရန် စီမံကြ သည်။ ငွေကြေးတတ်နိုင်သူများက ကင်းလွတ်ခွင့်ရရန် ငွေလမ်းခင်းကြသည်။ အခြေခံပေါက်ကြေးအဖြစ် ကင်း လွတ်ခွင့်သည် သိန်း ၅၀ ဖြစ်ပြီး အာမခံချက်ရာနှုန်းလည်း အလွန်နည်းပါးသည်။
အကြောင်းမသင့်၍ စစ်ကောင်စီတပ်ထဲရောက်၍ စစ်မှုထမ်းရသော် တိုက်ပွဲများတွင် ရှေ့တန်းမှ လူသားတံတိုင်း သ ဖွယ် အသုံးချခံရနိုင်ချေရှိသည်။ အန္တရာယ်များလွန်းသည့် ကိစ္စများအတွက် အစားထိုးခိုင်းစေရန် ရာနှုန်းအလွန်များ သည်။ အသက်ကို ဖက်ဖြင့် ထုတ်ထားရသလို သေလူအဖြစ်အကြောင်းဆိုက်နေပြီဖြစ်သည်။
ဤနေရာ၌ မိမိတို့ သားသမီး ဆွေးမျိုးညာတကာဖြစ်သည့် လူငယ်၊ လူရွယ်များသည် အကြောင်းချင်းရာအရ တစ် ကြိမ်တစ်ခါအဖြစ် စစ်မှုထမ်းရန် ကင်းလွတ်ခွင့်ရှိလျင် ရှိနိုင်မည်ဖြစ်သော်လည်း ထိုအကြောင်းချင်းရာသည် ယတိ ပြတ် စိတ်အေးချမ်းသာခြင်းကို ရရှိစေမည် မဟုတ်ပါ။
စစ်အာဏာရှင်သည် မိမိတို့ အိမ်တံခါးဝကို အချိန်မရွေး လာခေါက်ပြီး မိမိတို့ခံစားရရှိသော လူ့အခွင့်အရေးအပါအဝင် အရာအားလုံးကို ချိုးဖျက်ဖို့ရန် အမြဲရှိနေပါသည်။
ထိုသို့ဖြစ်ရခြင်းအကြောင်းသည် အာဏာရှင်နှင့် အာဏာရှင်စနစ်ကြောင့်ဖြစ်သည်။ လူ့အခွင့်အရေးချိုးဖောက်ခံရ ခြင်းနှင့် အာဏာရှင်တည်မြဲရေးအတွက် စတေးခံရခြင်းများသည် အာဏာရှင်အမြစ်မပြတ်ခြင်းကြောင့်ဖြစ်သည်။
အာဏာရှင်နှင့် ယင်း၏ စနစ်ဆိုး သက်တမ်းရှည်ကြာနေခြင်းကြောင့် မိမိတို့ ဘိုးဘွားမျိုးဆက်မှသည် မိမိတို့ ရင်သွေးများ မျိုးဆက်ထိ၊ မိမိတို့ရင်သွေးများမှ ဖြစ်သော မျိုးဆက်၊ မျိုးဆက်များထိ ဒုက္ခတရားသည် ရှည်ကြာနေဦး မည်သာ ဖြစ်ပါသည်။
ထို့ကြောင့် အာဏာရှင်အမြစ်ပြတ်ရေး အလေးပေး ဆောင်ရွက်နိုင်မှ အများပြည်သူဘဝသည် ဒုက္ခတရားကင်း၍ လွတ်လပ်လုံခြုံအေးချမ်း မည်ဖြစ်သည်။