bap-logo
Editorial

ခေါင်းဆောင်ကောင်း၏ ဦးဆောင်မှုကောင်း

meMA_wXBJIXIaTBHkhrZg-image

လွန်ခဲ့သော ၂ နှစ် က

 

နွေဦးတော်လှန်ရေးအတွက် လိုအပ်ချက်တစ်ခုမှာ နိုင်ငံရေးအရ ဦးဆောင်နိုင်မှုပင်ဖြစ်သည်။ ထိုနိုင်ငံရေးအရ ဦး ဆောင်မှုတွင် ယုံကြည်ရသော ခေါင်းဆောင်ကောင်းရှိရမည်ဖြစ်၏။ ထိုအချက်နှင့်ပတ်သက်၍ ရှိပြီးဖြစ် ကြောင်းနှင့် ပြင်ဆင်ပြီးဖြစ်ကြောင်း ငြင်းချက်ထုတ်လာနိုင်စရာလည်း ရှိသည်။ သို့သော် ထိုအချက်များ သက်ဝင်လှုပ်ရှားမှု အားကောင်းလာပြီးလားဆိုသည်မှာ မေးခွန်းဖြစ်မည်။

 

လက်နက်ကိုင်အင်အားစုများကြောင့် စစ်ကောင်စီတပ်ဖွဲ့များ ပြိုကွဲယိုင်နဲ့လာသည်က သေချာသော်လည်း၊ စိုးမိုး နိုင်သည့် နယ်မြေများရှိလာသည်ကမှန်သော်လည်း နွေဦးတော်လှန်ရေးအလွန် နိုင်ငံတည်ဆောက်ရေးအတွက် စည်းလုံးညီညွတ်စွာဖြင့် နိုင်ငံရေးစနစ်တည်ဆောက်ရေးတွင် အခက်အခဲပြဿနာကြုံတွေ့ရနိုင်သေးသည်။ ယင်း အတွက် ဖက်ဒရယ်ချာတာရှိသည်ဟု ထောက်ပြနိုင်သော်လည်း ယင်းတွင် အားလုံးပါဝင်နိုင်ခြင်းမရှိသေးကြောင်း သတိပြုရမည်။

 

ထိုသို့ပါဝင်နိုင်ရေးအတွက် အများကယုံကြည်စိတ်ချသည့် ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ ခေါင်းဆောင်လိုအပ်ပါမည်။ ထိုနေရာတွင် ဗိုလ်ချုပ်သမီး ဒေါ်အောင်ဆန်းစုကြည်ရှိပါသည်ဟု ဆို၍မရနိုင်ကြောင်း ထောက်ပြလိုပါသည်။

 

ဒေါ်အောင်ဆန်းစုကြည်သည် ရှစ်လေးလုံးမှစ၍ ယနေ့ကာလအထိ ပြည်တွင်းပြည်ပ ယုံကြည်ထောက်ခံမှုရှိနေ သေးသည်ဆိုသော်လည်း ၂၀၁၅ မှ ၂၀၂၀ နိုင်ငံရေးအခင်းအကျင်းအကြား၌ရှိခဲ့သော စစ်တပ်နှင့် ရင်ကြားစေ့ရေး ကိစ္စများကြောင့် လက်နက်ကိုင်တော်လှန်ရေးသမားများ၏ ယုံကြည်ကိုးစားမှု အားယုတ်ခဲ့ရသည်။ ထိုကာလအ တွင်း လက်နက်ကိုင်တိုင်းရင်းသားများအပေါ် ပြုမှုဆက်ဆံပြောဆိုခဲ့ခြင်းများသည် နာစရာကောင်းသော အခင်းအကျင်းများဖြစ်ခဲ့သည်။

 

ထို့ကြောင့် တော်လှန်ရေးသည် ရွေ့သင့်ရွေ့ထိုက်သည့် အရှိန်ထက် နောက်ကျ၍ ရွေ့နေပြီး စစ်ကောင်စီ၏ တင်းခံ နိုင်စွမ်းအတွက် ဝန်အားဖြစ်နေသေးသည်။ လိုအပ်ချိန်တစ်ခု၌ ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်သုံးမည်ဟု စစ် ကောင်စီက ခြေလှမ်းပြင်ထားသလို နိုင်ငံရေးအခင်းအကျင်းထဲ ဒေါ်အောင်ဆန်းစုကြည် ရောက်လာပါက ပြောင်း လဲသွားနိုင်သည့် အခင်းအကျင်းကိုလည်း သတိချပ်နေကြသည်ကို အထူးသတိပြုနိုင်ရပါမည်။ ထိုအခြေအနေများ သည် လယ်ပြင်တွင် ဆင်သွားသလို အထင်အရှားရှိနေပြီး၊ ဆိုခဲ့သောအကြောင်းများအတွက် သက်သေများစွာလူသိ ရှင်ကြား အထင်အရှားရှိပြီးဖြစ်သည်။

 

နွေဦးတော်လှန်ရေးသည် လူတစ်ဦး၊ တစ်စုတစ်ဖွဲ့၊ အင်အားစုတစ်ခုအတွက် ဖြတ်သန်းနေသော တော်လှန်ရေး ဟုတ်ဘဲ ဖက်ဒရယ်ဒီမိုကရေစီစနစ်တည်ထောင်ရန် ဖြစ်ကြောင်း သတိမလပ်သင့်ပါ။ ထို့ကြောင့် ပုဂ္ဂိုလ်ရေးနှင့် အစု အဖွဲ့အရေးကို ဖယ်ထုတ်စဉ်းစားနိုင်ပါမှ သင့်တော်မည်ဖြစ်သည်။

 

ထို့ကြောင့် နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍကို ပြန်လည်သုံးသပ်၍ အစုလိုက်အဖွဲ့လိုက် တစ်သံတည်း တစ်ညီ ညွတ်တည်း ဦးဆောင်နိုင်သော ခေါင်းဆောင်မှုအခန်းကဏ္ဍကိုဖော်ဆောင်ရန် လိုအပ်လာပြီဖြစ်သည်။ ထိုသို့ ဖော် ဆောင်ရာတွင် တစ်ဦးတစ်ယောက်ချင်းဖြစ်နိုင်သလို၊ အစုအဖွဲ့တစ်ခုလည်းဖြစ်နိုင်သည်။ ရှိရင်းစွဲအစုအဖွဲ့အပေါ် ပါဝင်သင့်ပါဝင်ထိုက်သူများအား စည်းရုံးထည့်သွင်း၍ ကြိုးပမ်းသည်လည်း ဖြစ်နိုင်မည်။ အာဆီယံနှင့် တရုတ်အပါ အဝင် နိုင်ငံတကာမှ ယုံကြည်ရသည့်သူများလည်း ပါဝင်ကောင်း ပါဝင်နိုင်မည်။ သို့မှသာ အများပြည်သူ ယုံကြည် မျှော်လင့်သည့် ဖက်ဒရယ်ဒီမိုကရေစီသို့ ခရီးပေါက်မည်ဖြစ်သည်။

 

ထို့သို့ ဖြစ်တည်ခြင်းအရွေ့သို့ ကူးပြောင်းရန် ပါဝင်မည်သူများ၏ စိတ်တွင် အများပြည်သူအကျိုးစီးပွားအား ရှေ့ရှု သော စိတ်တစ်ခုကို တည်ဆောက်ရန်လည်း လိုအပ်မည်ဖြစ်ကြောင်း တိုက်တွန်းနှိုးဆော်ရပါသည်။

 

Burma Associated Press

မြန်မာ
ခေါင်းဆောင်
စစ်ကောင်စီ
ဒေါ်အောင်ဆန်းစုကြည်
အာဏာသိမ်း

Share With
bap-logo