Editorial
အမုန်းတရားသွတ်သွင်းခြင်းအား ရှောင်ရှားနိုင်စေ
လွန်ခဲ့သော တစ်နှစ် က
လူမျိုး၊ ကိုးကွယ်သည့်ဘာသာ၊ ကျားမရေးရာနှင့် နိုင်ငံရေးအရ ခွဲခြားဆက်ဆံခြင်းသည် အစုအဖွဲ့အသီးသီးအကြား အမုန်းတရားကြီးထွားစေပြီး ပဋိပက္ခမီး ပိုမိုတောက်လောင်စေသော အခင်းအကျင်းဖြစ်သည်။
၂၀၂၀ ရွေးကောက်ပွဲ မဲမသာသဖြင့် အာဏာသိမ်းရပါသည်ဆိုသော စစ်ကောင်စီအပေါ် လက်နက်ကိုင်နည်းနာဖြင့် တော်လှန်လာကြရာဝယ် စစ်ကောင်စီသည် ရှင်သန်ရန် ထွက်လမ်းပျောက်လာပြီဖြစ်သည်။
ထိုသို့ ထွက်လမ်းပျောက်လာခြင်းကြောင့် စစ်ကောင်စီသည် လူမျိုးရေး၊ ဘာသာရေးနှင့် နိုင်ငံရေးအရ ခွဲခြားပြော ဆိုပြီး ဆန့်ကျင်ဘက်အဖွဲ့များအပေါ် အမုန်းတရားသွတ်သွင်းခြင်းများ လုပ်လာသည်ကို အထင်ရှားစွာတွေ့လာရ သည်။
မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး ပေါ်ပေါက်လာသည့်အခါ တရုတ်နိုင်ငံအပေါ် အပြစ်တင်၍ ဆန္ဒ ထုတ်ဖော်ပွဲများ ဖန်တီးခဲ့သည်။ တရုတ်နိုင်ငံ၏ အရှိန်ဩဇာကြောင့် တရုတ်နိုင်ငံဆန့်ကျင်ရေး ကိုယ်ရှိန်သတ်ခဲ့သည်။ ထို့နောက် MNDAA တပ်သားတစ်ယာက်၏ စေတီဖြိုဖျက်ခြင်းကို အကြောင်းပြု၍ ကိုးကွယ်ယုံကြည်မှုနှင့် လူမျိုးရေးမတူကွဲပြားသူများက ဗုဒ္ဓဘာသာနှင့်လူမျိုးရေးအပေါ် စော်ကားနေပြီဟု အမုန်းတရားသွတ်သွင်းခဲ့ပြန်သည်။
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့်ဖြစ်သော ဘေးထွက်ဆိုးကျိုးများကို အကြောင်းပြပြီး ရခိုင်တိုင်းရင်း သားနှင့် ဗမာတိုင်းရင်းသားများအကြား ခွဲခြားပြောဆိုပြီး အမုန်းတရားသွတ်သွင်းနိုင်ရန် ကြိုးစားကြပြန်သည်။
ရခိုင်ပြည်နယ်တွင်သာမကဘဲ ရခိုင်တိုင်းရင်းသားများနေထိုင်သည့် ရန်ကုန်၊ မန္တလေးဒေသများတွင် ရခိုင်ဆန့်ကျင်ရေး လှုပ်ရှားမှုများပြုလုပ်ခဲ့သည်။
ကချင်ပြည်နယ်အတွင်း KIA တပ်၏ ထိုးစစ်များပေါ်ပေါက်လာသောအခါ ကချင်နှင့် ဗမာသွေးကွဲစေရန် ခွဲခြားပြောဆိုခြင်းများ ပြုလုပ်လာသည်။ KIA နှင့်ပတ်သက်၍ အမုန်းစကားဖြစ်စေရန် ခွဲခြားပြောဆိုရာတွင် KIA ကြောင့် AA နှင့် PDF များပေါ်ပေါက်လာပြီး ရိုးသားလှသော အညာသားဗမာများ နိုင်ငံရေးမှိုင်းမိလာကြောင်း ပဋိပက္ခနှင့် စစ်မီး မတောက်ခဲ့သော ဗမာများနေထိုင်သည့် ဒေသများတွင်မငြိမ်းချမ်းတော့ကြောင်း ခွဲခြားပြောဆို၍ အမုန်းတရား သွတ်သွင်းကြပြန်သည်။
လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်း၊ တရားမျှတခြင်းများအတွက် စစ်အာဏာရှင်ကို တော်လှန်တိုက်ပွဲဝင်နေသော လက်နက်ကိုင်တိုင်းရင်းသားများနှင့် နွေဦးတော်လှန်ရေးအဖွဲ့များအပေါ် ပုံဖျက်လို၍ လူမျိုးရေး၊ ဘာသာရေးနှင့် နိုင်ငံရေးအပေါ်အခြေခံ၍ ခွဲခြားပြီး အမုန်းတရားကြီးထွားစေရန် အားထုတ်နေသည်ကို သတိပြုရပါမည်။
နိုင်ငံရေးအကြပ်အတည်းများကို လူမျိုးရေး၊ ဘာသာရေးပဋိပက္ခများ ဖန်တီးပေးခြင်းဖြင့် စစ်တပ်ကအသုံးချခဲ့သည်ကို ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းကတည်းက မြင်တွေ့ခဲ့ရပြီးဖြစ်သည်။ ယင်းနည်းနာကို စစ်တပ်သည် ယနေ့တိုင် အောင် ကျင့်သုံးနေသည်ကို သတိပြုအပ်ပါသည်။
စစ်တပ်၏ ခွဲခြားဆက်ဆံခြင်းအခြေခံသည့် အမုန်းတရားသွတ်သွင်းခြင်း ထောင်ချောက်ကို သတိထားရှောင်ရှား ရမည်။ ထို့အတူ ဖက်ဒရယ် ဒီမိုကရေစီလိုလားသူများသည်လည်း လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေး အကဲဆတ် မှုများကို သတိထား၍ ခွဲခြားဆက်ဆံမှု ကင်းအောင် အားထုတ်ရမည်။
စုံလင်ကွဲပြားမှုများကိုလက်ခံပြီး လူ့အခွင့်အရေးစံနှုန်းနှင့် ဖက်ဒရယ်စံနှုန်းများကို တော်လှန်ရေးကာလအတွင်း၌ ပင်စတင်၍ ကျင့်သုံးနိုင်ရမည်။ ထို့အတူ ရန်သူကို အနိုင်တိုက်ရန် ရန်သူ၏ ရန်သူအချင်းချင်းသည် မိတ်ဆွေဖွဲ့စည်း လုံးရမည်။ ထိုသို့ စည်းလုံးညီညွတ်စေရန် ခွဲခြားဆက်ဆံမှုကို ရှောင်ရှား၍ အမုန်းတရားကင်းစင်ရမည်ဖြစ်ကြောင်း တိုက်တွန်းရပါသည်။