Editorial
၆၂ နှစ်တာ သင်ခန်းစာ
လွန်ခဲ့သော တစ်နှစ် က
၁၉၆၂ ခုနှစ် အာဏာသိမ်းခြင်းသည် ၂၀၂၄ ခုနှစ်တွင် ၆၂ နှစ်ကာလသို့ ရောက်ရှိပြီဖြစ်သည်။ စစ်အာဏာသိမ်းခြင်း အစမှ ယနေ့အထိ စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများသည် ဆိုဖွယ်ရာစကားမရှိအောင် ရက်စက်ယုတ်မာ ကြမ်းတမ်းခဲ့သည်သာဖြစ်သည်။ လွတ်လပ်ရေးကြေညာစာတမ်းပါ လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်းနှင့်တရားမျှ တခြင်းများသည် စစ်တပ်ကြောင့် ကြေညာစာတမ်းပေါ်မှာသာ ရှိနေရစ်ပြီး ပြည်သူအတွက် အစဉ်အမြဲ ဆုံးရှုံးနေရသော ဆုံးရှုံးမှုကြီးဖြစ်ခဲ့သည်။
မည်သို့ပင်ဆိုစေ မြန်မာနိုင်ငံအတွင်းနေထိုင်သူများသည် အာဏာရှင်အောက်တွင် ပိပြားငြိမ်ဝပ်မနေဘဲ တွန်းလှန် အံတုခြင်းကို အခွင့်သင့်တိုင်း အင်တိုက်အားတိုက် လုပ်ဆောင်ခဲ့ကြသည်။
၁၉၇၄ ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးဟောင်း ဦးသန့်စျာပနအား ဦးနေဝင်း၏ စီမံခန့်ခွဲခြင်း မောက်မာမှုအပေါ် ကျောင်းသားများက မကျေမနပ်ဖြစ်ရာမှ ဦးသန့်အရေးအခင်းဖြစ်ပေါ်လာခဲ့သည်။ ထိုအခြေအနေကို ရက်စက်စွာဖြင့် အာဏာရှင်နေဝင်းက အကြမ်းဖက်ဖိနှိပ်ခဲ့သည်။ ထိုနောက် အာဏာရှင်တွန်းလှန်သည့် ၁၉၇၅ နှင့် ၁၉၇၆ လှုပ်ရှားမှုများဖြစ်ပေါ်လာခဲ့သည်။ တိုင်းရင်းသားရေးရာကိစ္စတွင်လည်း တိုင်းရင်းသားများသည် မိမိ တို့၏ ရပိုင်ခွင့်များအတွက် တိုက်ပွဲဝင်နေခဲ့ကြသည်။
ထို့နောက် ၁၉၈၈ ခုနှစ်တွင် အာရ်အိုင်တီတက္ကသိုလ်ကျောင်းသား ဘုန်းမော်ကို အကြောင်းပြု၍ ကျောင်းသားလှုပ် ရှားမှုတစ်ခုပေါ်ပေါက်လာပြီး ရှစ်လေးလုံးအရေးတော်ပုံဆိုသော အာဏာရှင်စနစ်အား ဆန့်ကျင်သော လူထုလှုပ် ရှားမှုကြီး ဖြစ်ပေါ်ခဲ့သည်။ ထိုနောက် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်အပေါ် စစ်တပ်က လူထုဆန္ဒကို ဆန့် ကျင်ပြီး ကလိမ်ကျမှုများကို ရင်ဆိုင်တွန်းလှန်ခဲ့ကြရသည်။
အာဏာရှင်၏ အမျိုးမျိုးအဖုံဖုံသော ဖိနှိပ်မှုများအပေါ် အံတုတွန်းလှန်ကြရာဝယ် ၁၉၉၆ ကျောင်းသား လှုပ်ရှားမှု ပေါ်ပေါက်ခဲ့သည်။ ထို့နောက် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးလှုပ်ရှားမှုကြီးဖြင့် အာဏာရှင်ကို တွန်းလှန်ခဲ့ကြ သည်။ ထိုလှုပ်ရှားမှုများကို စစ်အာဏာရှင်သည် အလွန်ရက်စက်စွာ ဖိနှိပ်ခဲ့သည်။ သံဃာထုအပါအဝင် အများပြည် သူ၏ အသက်သွေးများ မြေကျခဲ့ကြသည်။
ထို့နောက် အာဏာရှင်စစ်တပ်သည် ၂၀၁၀ ရွေးကောက်ပွဲကို အကြောင်းပြု၍ အရပ်ဝတ်အစိုးရအဖြစ် ဖန်တီးပြီး အာဏာရှင်စနစ်ကို ဆက်လက်အသက်သွင်းထားခဲ့သည်။ ထိုသို့သော အခင်းအကျင်းများအပေါ် ပြည်သူလူထုက ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အရပ်သားအစစ်ဖြစ်သော အစိုးရကိုရွေးချယ်၍ အာဏာရှင်များကို အံ တု တွန်းလှန်ခဲ့ကြသည်။
ထို့သို့တွန်းလှန်နေသည့်ကြားမှ အမြစ်မပြတ်သေးသော စစ်အာဏာရှင်သည် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကို မဲမ သာမှုဟု အကြောင်းပြ၍ တကျော့ပြန် အာဏာသိမ်းခဲ့ပြန်သည်။ ထိုသို့ စစ်တပ်၏ ကျူးလွန်ခြင်းအပေါ် အများပြည်သူသည် နိုင်ငံရေးနည်းနာအရ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်တုံ့ပြန်ခဲ့သည်ကို အင်အားသုံးနှိမ်နင်းခဲ့သဖြင့် အသက် ပေါင်းများစွာ သွေးမြေကျခဲ့ရပြန်သည်။ ထိုသို့သော ဖက်ဆစ်စစ်တပ်၏ဖိနှိပ်မှုကို ခုခံတွန်းလှန်ရင်းဖြင့် အာဏာရှင် စနစ် အမြစ်ပြတ်ရန် ကြံဆောင်ကြရာဝယ် စစ်ရေးနည်းနာကိုအသုံးပြုဆက်လက်တိုက်ပွဲဝင်ကြသည်မှာ ယနေ့တိုင် အောင်ဖြစ်သည်။
အာဏာရှင်များသည် ၆၂ နှစ်တာကာလပတ်လုံး အာဏာရှင်ပီသစွာဖြင့် အာဏာရှင်အမူအကျင့်ကို တိတိပပကျင့် သုံးခဲ့ကြသလို ပြည်သူလူထုကလည်း ရရာအခြေအနဖြင့် တွန်းလှန်ခဲ့ကြသည်သာဖြစ်သည်။ အာဏာရှင်သည် အ များ ပြည်သူအား ရန်သူသဖွယ်ပြုမှုနေခဲ့ကြသည်။
ထို့ကြောင့် ဖက်ဒရယ်ဒီမိုကရေစီလိုလားသူများသည် ရန်သူသဖွယ်ပြုမူနေသူ အာဏာရှင်အကြောင်းကို ၆၂ နှစ်တာ အတွေ့အကြုံအရ သိသင့်ပြီဖြစ်သည်။ နိုင်ငံရေးသမားကြီး၊ သတင်းစာဆရာ ဟံသာဝတီ ဦးဝင်းတင်ပြောခဲ့ဖူးသလို စစ်တပ်ကျေးဇူး မူး၍ရှူစရာမရှိ ဆိုသကဲ့သို့ စစ်တပ်သည် ဖက်ဒရယ်ဒီမိုကရေစီအရေး နှမ်းစေ့မျှပင် စိတ်ဝင်စား ခြင်းမရှိပါ။ ထို့ကြောင့် အာဏာရှင်စစ်တပ်အမြစ်ပြုတ်အောင် စည်းလုံးညီညွတ်စွာဖြင့် တိုက်ထုတ်ရမည်ဖြစ် ကြောင်း တိုက်တွန်းရပါသည်။
Burma Associated Press