bap-logo
Politics

တရုတ်နှင့် အာဆီယံ စစ်ရေးရင်ဆိုင်မှု မပြုရေးသဘောတူညီချက် သုံးနှစ်အတွင်း အပြီးသတ်ရေးဆွဲနိုင်ရန် သဘောတူညီချက်ရ

TK_aDbD2Uh_ghledNeUQ--image

လွန်ခဲ့သော တစ်နှစ် က

ဇူလိုင် ၁၄။

 

တောင်တရုတ်ပင်လယ်အတွင်း မကြာခဏဖြစ်ပွားနေသော နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ ရန်စပွားမှုများကို လက်နက်ကိုင် ပဋိပက္ခ အကြီးအကျယ်ဖြစ်ပွားခြင်းသို့ ရောက်ရှိခြင်းမှ ကာကွယ်ရန် တရုတ်နှင့် အာဆီယံနိုင်ငံများက ကာလကြာမြင့်စွာ နှောင့်နှေးနေခဲ့သော စစ်ရေးရင်ဆိုင်မှုမပြုရေး သဘောတူညီချက်ကို သုံးနှစ်အတွင်း အပြီးသတ်ရေးဆွဲရန် ကြာသပတေး နေ့က သဘောတူညီခဲ့ကြသည်။ 

 

တရုတ်နှင့် အာဆီယံသည် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ကျင်းပနေသော နိုင်ငံခြားရေးဝန်ကြီးများနှင့် တရုတ် ထိပ်တန်းသံတမန် Wang Yi တို့၏ အစည်းအဝေးအတွင်း ၎င်းတို့၏ ကျင့်ဝတ်စည်းမျဉ်းများညှိနှိုင်းမှုကို အပြီးသတ်ရန် လမ်းညွှန်ချက်များကို သဘောတူညီခဲ့ကြကြောင်း အစည်းအဝေးတွင် ပါဝင်သည့် အရှေ့တောင်အာရှသံတမန်တစ်ဦးက Associated Press ကို ပြောကြားသည်။ 

 

သဘောတူညီချက်ကို တရားဝင်မ‌ကြေညာမီ ထုတ်ဖော်ဆွေးနွေးခြင်းပြုခွင့်မရှိသောကြောင့် အမည်လျှို့ဝှက်၍ ပြောကြားခြင်း ဖြစ်သည်။ 

 

တရုတ်နှင့် အာဆီယံအဖွဲ့ဝင်လေးနိုင်ငံဖြစ်သော ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်တို့သည် ထိုင်ဝမ်နိုင်ငံ အပါအဝင် ကြီးမားသော ပင်လယ်ရေအောက် ရေနံနှင့် သဘာဝဓာတ်ငွေ့သိုက်ကြီးရှိသည်ဟု ယုံကြည်ရသော ကမ္ဘာ့ ပင်လယ် ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းနှင့် ပတ်သတ်၍ အငြင်းပွားမှုများ ဆယ်စုနှစ်ချီ ဖြစ်ပွားနေခဲ့ခြင်း ဖြစ်သည်။ 

 

ပြိုင်ဆိုင်မှုဖြစ်ပွားနေသော နယ်မြေသည် အာရှနိုင်ငံများ၏ ကာလရှည်ကြာ ရန်စပွားသည့် နယ်မြေဖြစ်နေခဲ့ပြီး အမေရိကန်-တရုတ် ပြိုင်ဆိုင်မှု၏ အထိမခံသည့် ရှေ့တန်းနယ်မြေတစ်ခုအဖြစ်လည်း တည်ရှိနေခဲ့သည်။ 

 

တရုတ်နှင့် အာဆီယံတို့၏ ပူးတွဲလုပ်ဆောင်ရေးအဖွဲ့သည် ၁၉၈၂ ကုလသမဂ္ဂ ပင်လယ်ဆိုင်ရာ ဥပဒေ သဘော တူညီချက်အပါအဝင် နိုင်ငံတကာဥပဒေများနှင့်အညီ ထိရောက်၍ ခိုင်မာသော စည်းမျဉ်းဥပဒေများကို သုံးနှစ် သို့မဟုတ် ၎င်းထက် ပိုမိုစောလျင်သောအချိန်အတွင်း အပြီးသတ်ရေးဆွဲရန် ကြိုးပမ်းအားထုတ်သင့်သည်။ဟူသော လမ်းညွှန်ချက် ကို AP က တွေ့မြင်ခဲ့ရသည့် မိတ္တူအရ သိရှိရသည်။ 

 

ဝါရှင်တန်က တောင်တရုတ်ပင်လယ်အတွင်း နယ်မြေပိုင်ဆိုင်လိုမှု မရှိသော်လည်း လွတ်လပ်စွာ လှည့်လည်သွားလာခွင့်၊ လေကြောင်းပျံသန်းခွင့်နှင့် အငြင်းပွားမှုများကို ငြိမ်းချမ်းစွာဖြေရှင်း‌ရေးသည် အမေရိကန်ပြည်ထောင်စု၏ အမျိုးသား အကျိုးစီးပွားလိုလားမှုဖြစ်သည်ဟု ဆိုသည်။ ၎င်းအကျိုးစီးပွားလိုလားမှုက တရုတ်၏ နယ်မြေပိုင်ဆိုင်လိုမှုကို စိန်ခေါ်မှုများပြုလုပ်ခဲ့ပြီး ဘေဂျင်းက အာရှနိုင်ငံများ၏ အငြင်းပွားမှုသက်သက်ဖြစ်သည့်အတွက် ဝင်ရောက် စွက်ဖက်ခြင်းမှ ရပ်တန့်ရန် ဒေါသတကြီး တုံ့ပြန်ခဲ့သည်။ 

 

တရုတ်နှင့် အာဆီယံတို့သည် လွင်တီးခေါင်ကျွန်းများ၊ ကျောက်တန်းများကို သိမ်းပိုက်ခြင်းအပါအဝင် ပိုင်ဆိုင်လိုသည့် ပြိုင်ဘက်နိုင်ငံများအကြား လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားစေနိုင်သည့် ရန်လိုသော လုပ်ရပ်များ ရှောင်ကြဉ်နိုင်ရန် နှောင်ကြိုးမဲ့ ၂၀၀၂ သဘောတူညီချက်ကို ရေးထိုးခဲ့သော်လည်း ချိုး‌ဖောက်မှုများမှာ ဆက်လက်ဖြစ်ပွားမြဲ ဖြစ်ပွားနေခဲ့သည်။ 

 

လွန်ခဲ့သော ၁၀ နှစ်က တရုတ်သည် Spratly ကျွန်းစုမှ အငြင်းပွား ကျောက်တန်း ၇ ခုတွင် ဒုံးကျည်ကာကွယ်ထားသည့် ကျွန်းစုကွင်းဆက်များအဖြစ် ပြောင်းလဲလိုက်ခြင်းဖြင့် ပြိုင်ဘက်တောင်းဆိုသူများ၊ အမေရိကန်နှင့် မဟာမိတ်များကို သတိပေးချက် ထိုးနှက်လိုက်သည့် တောင်တရုတ်ပင်လယ်၏ အပြင်းထန်ဆုံး ပြိုင်ဆိုင်မှုဖြစ်ပေါ်စေခဲ့သည်။ တင်းမာမှုများ မြင့်တက်လာစဉ်တွင်ပင် အာဆီယံနှင့် တရုတ်တို့သည် စည်းမျဉ်းဥပဒေများ ဆွေးနွေးရန် သဘောတူညီခဲ့ကြသည်။ သို့သော် တရုတ်နှင့် ပြိုင်ဘက်တောင်းဆိုသူနိုင်ငံများအကြား ကြီးမားသော ကွဲပြားမှုများကြောင့် ညှိနှိုင်းပြောဆိုမှုများသည် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးဆိုး ဆိုးရွားစွာ ဖြစ်ပွားလာချိန်အထိ နှစ်များစွာ ကြာမြင့်ခဲ့သည်။ 

 

တရုတ်ညှိနှိုင်းရေးသမားများက အငြင်းပွားရေပိုင်နက်အတွင်း ပြည်ပတပ်ဖွဲ့များ တည်ရှိခြင်းနှင့် လှုပ်ရှား ဆောင်ရွက်မှုများကို ကန့်သတ်ချက် စည်းမျဉ်းဥပဒေအတွင်း ထည့်သွင်းရန် တောင်းဆိုခဲ့သည်။ ဝါရှင်တန်သည် ဒေသတွင်းတွင် ဘေဂျင်းအတွက် အဓိက တန်ပြန်ထိန်းညှိမှုအခန်းကဏ္ဍမှ ပါဝင်သည့်အတွက် ညှိနှိုင်းဆွေးနွေးမှုတွင် ပါဝင်သည့် အမေရိကန်မဟာမိတ်များက ၎င်းတောင်းဆိုမှုကို ဆန့်ကျင်ခဲ့သည်ဟု အရှေ့တောင်အာရှနိုင်ငံများ၏ သံတမန်များက ပြောဆိုခဲ့သည်။ 

 

ကိုးကား - AP

ပုံစာ - တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ Wang Yi အား အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တရုတ်အစည်းအဝေးတွင် ဂျူလိုင်လ ၁၃ ရက် ၂၀၂၃ က တွေ့ရစဉ်။ (AP Phtoto/Tatan Syuflana, Pool )

Burma Associated Press

တရုတ်
ဝန်ယီ

Share With
bap-logo