bap-logo
Editorial

တရုတ်ဗျူဟာ ချိန်ခွင်လျှာ

xkUWj_cwY1PtNSeVf4gtK-image

လွန်ခဲ့သော တစ်နှစ် က

 

မြန်မာ့နိုင်ငံရေးအခင်းအကျင်း၌ တရုတ်နိုင်ငံ၏ပါဝင်ပတ်သက်နေခြင်းကို အလေးထားသုံးသပ်၍ ကောင်းမွန်မှန် ကန်သော မဟာဗျူဟာတစ်ရပ်ကို စုပေါင်းချမှတ်ကြရတော့မည်ဖြစ်သည်။

 

လက်ရှိကာလ၏ မြန်မာ့နိုင်ငံရေးအင်အားစုများအပေါ် တရုတ်နိုင်ငံက မျက်နှာစာတစ်ခုလျှင် မူဝါဒတစ်မျိုးနှုန်းဖြင့် ဆက်ဆံလုပ်ကိုင်နေသည်ကို သတိထားရမည်။ ထိုသို့ဆက်ဆံနေခြင်းသည် တရုတ်နိုင်ငံ၏ ကိုယ်ကျိုးကြည့်မူဝါဒ ကြောင့်ဖြစ်သည်။

 

ထိုမူဝါဒကို တရုတ်နိုင်ငံက စာဖြင့်ရေးသားထုတ်ဖော်ပြသ၍ တရားဝင်ကြေညာထားသည်မဟုတ်ဘဲ လက်တွေ့ ကျင့်သုံးနေခြင်းဖြစ်သည်။ တရုတ်နိုင်ငံသည် ကမ္ဘာ့အင်အားကြီးနိုင်ငံ တစ်နိုင်ငံဖြစ်လာသော်လည်း အလိုလောဘ ကြီးမားခြင်းကို မလျော့နိုင်သေးပါ။

 

တရုတ်နိုင်ငံသည် ပထဝီနိုင်ငံရေးအရ မြန်မာနိုင်ငံမှလိုလားနေသည်မှာ အနောက်အုပ်စုနိုင်ငံများဖြင့် ဆက်ဆံရေး ချိန်ခွင်လျှာထိန်းညှိရန်သည် ပထမတစ်ချက်ဖြစ်သည်။ မြန်မာ့အာဏာရှင်အဆက်ဆက်အား အနောက်နိုင်ငံများက စီးပွားရေးပိတ်ဆို့ခဲ့ကြသည့်အခါ မြန်မာအာဏာရှင်များသည် တရုတ်အစိုးရဖြင့် အလွန်နီးကပ်သွားခဲ့ပြီး မြန်မာ့မြေပေါ်မှ စီမံကိန်းအများစုသည် တရုတ်နိုင်ငံလက်တွင်းသို့ ရောက်ရှိသွားရသည်။

 

တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးတွင် တရုတ်နိုင်ငံသည် အသာစီးရနေပြီး မြန်မာ့မြေပေါ်မှ သယံဇာတများ သည် ဈေးချိုချိုဖြင့် တရုတ်နိုင်ငံသို့ ဝင်ရောက်ပြီး မြန်မာလူထု အကုန်အကျခံသုံးနိုင်လောက်သည့် လျှပ်စစ်၊ အီလက်ထရောနစ်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာပစ္စည်းများသည် ပြည်တွင်းသို့ ဝင်လာပြီး ဈေးပေါပေါ တရုတ်ပစ္စည်းများအဖြစ် အသုံးပြုနေကြရသည်။

 

ဒုတိယတစ်ချက်တွင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှတစ်ဆင့် ပင်လယ်ထွက်ပေါက်တစ်ခု ရရှိရန်မျှော်မှန်းနေ၍ အကောင်အထည်ဖော်နေပြီဖြစ်သည်။ တတိယအချက်အနေဖြင့် တရုတ်နိုင်ငံ၏ စွမ်းအင်လိုအပ်ချက်ကို ဖြည့် ဆည်းနိုင်ရန် မြန်မာ့ရေမြေမှ သဘာဝဓာတ်ငွေ့ကို ရယူထားပြီး မြစ်ဆုံစီမံကိန်းကဲ့သို့ လျှပ်စစ်စွမ်းအင်ကိစ္စနှင့် လက်ပတောင်းတောင် ကြေးနီစီမံကိန်းကဲ့သို့ စီမံကိန်းကိစ္စများကို တရုတ်နိုင်ငံက ကြီးစိုးထားသည်။

 

ထိုသို့ နိုင်ငံတော်အဆင့်စီမံကိန်းကြီးများကို ဝင်ရောက်အကောင်အထည်ဖော်နေသည်သာမက ကျားဖြန့်ကဲ့သို့ အွန်လိုင်းလောင်းကစားများ၊ မူးယစ်ဆေးကိစ္စများနှင့် လူကုန်ကူးမှုကဲ့သို့ ကိစ္စများသည်လည်း မြန်မာနိုင်ငံနယ်စပ် ဒေသများနှင့် နယ်စပ်မြို့များတွင် အခြေစိုက်လာကြသည်။ ထိုသို့တရားဝင်နှင့် တရားမဝင်ကဲ့သို့ စီးပွားရေးလုပ် ငန်းများအခြေစိုက်လာကြသလို မြန်မာနိုင်ငံသားအမည်ခံ၍ တရုတ်ပိုင်ဆိုင်သော လုပ်ငန်းများသည်လည်း အများ အပြားဖြစ်လာသည်။ တရုတ်နိုင်ငံအတွင်း စိုက်ပျိုးပါက မြေယာများပျက်စီးနိုင်မည့် ဖရဲသီးစိုက်ခင်းကဲ့သို့ စိုက်ပျိုး ရေးလုပ်ငန်းများကို မြန်မာနိုင်ငံအတွင်း ကျယ်ပြန့်စွာလုပ်ကိုင်၍ စီမံဆောင်ရွက်နေကြသည်ကိုလည်း အထင်အရှား မြင်ရသည်။

 

တိုင်းရင်းသားလက်နက်ကိုင်များနှင့်ပတ်သက်သည့်အရေးတွင်လည်း တရုတ်နိုင်ငံသည် ကူညီထောက်ပံ့မှုများ ပေး နေပြီး ဗမာအရပ်သား၊ တိုင်းရင်းသားနှင့် အစိုးရများကြားက ချိန်ခွင်လျှာများကို ဝင်ရောက် ထိန်းကြောင်းနေသည်။ သိသာထင်ရှားသည့် သာဓကအနေဖြင့် ရှမ်းမြောက်တိုက်ပွဲ ၁၀၂၇ ကို ကြည့်နိုင်ပြီး တိုက်ပွဲဖော်ဆောင်ခြင်း၊ တိုက်ပွဲရပ်ခြင်းနှင့် စားပွဲဝိုင်းစကားပြောခြင်းများတွင် တရုတ်နိုင်ငံက ပါဝင် နေသည်ကို အထင်အရှား တွေ့မြင်နေသည်။

 

ထို့အတူ တရုတ်အစိုးရ၏စီမံကိန်းကြီးများရှိသော ရခိုင်ပြည်နယ်တွင်လည်း တရုတ်အစိုးရသည် မြန်မာစစ်တပ်ကို ရော ရက္ခိုင့်တပ်တော်ကိုပါ ထိတွေ့ဆက်ဆံနေသည်ကို ထင်သာမြင်သာတွေ့ရမည်။ ထိုနည်းတူစွာ တရုတ်အစိုးရ သည် ယင်း၏အကျိုးစီးပွားရှိရာဒေသ၊ ဌာနများတွင် ကိုယ်ကျိုးစီးပွား မထိခိုက်ရေး အသားပေးဆောင်ရွက်နေ သည်။ ကိုယ်ကျိုးရှိပါက မည်သူဖြင့်မဆိုပေါင်းသင်းမည့်အကြံမျိုးဖြစ်သည်။ မြန်မာ့နိုင်ငံရေးအင်အားစုများကို မိမိ ကိုယ်ကျိုးမထိခိုက်ရေးအတွက် ထိန်းကြောင်းဩဇာလွှမ်းထားခြင်းဖြစ်သည်။ ထိုသို့ စီမံထားနိုင်ခြင်းသည် တရုတ် အစိုးရအပေါ် အားကိုးနေရခြင်းကြောင့်ဖြစ်သည်။

 

၂၀၂၁ နိုင်ငံရေးအခင်းအကျင်းနောက်ပိုင်းတွင် တရုတ်နိုင်ငံသည် ဒေါ်အောင်ဆန်းစုကြည်အပေါ် နိုင်ငံရေးအရ အရေးပါသူတစ်ဦးအဖြစ် လက်သင့်ခံထားပြီး သံတမန်များမှတစ်ဆင့် တွေ့ဆုံရန် တောင်းဆိုခြင်း၊ ကျန်းမာရေးအ ခြေအနေများကို မေးမြန်းစုံစမ်းခြင်းနှင့် အမျိုးသားညီညွတ်ရေးအစိုးရဖြင့် ထိတွေ့ဆက်ဆံခြင်းများလည်းရှိနေ သည်။

 

အမျိုးသားညီညွတ်ရေးအစိုးရကလည်း တရုတ်၏ မူဝါဒနှင့် နိုင်ငံရေးအရ အလေးထားစေလိုမှုများကို ပျော့ပြောင်း သည့်အနေဖြင့် ပြသနေရသည်။ မိမိတို့အား အလေးထားစေလိုကြောင်းနှင့် အားကိုးကြောင်း ပြသနေရသည်။

 

မည်သို့ပင်ဆိုစေ ထိုအခြေအနေ၊ အကြောင်းတရားနှင့် အရှိတရားကို အရင်းအတိုင်းရှု့မြင်ရန်လိုပြီး ထိုအခင်း ကျင်းကို မည်သို့ကိုင်တွင်စီမံမည်ဆိုသည်မှာ အဓိကကျသည်။ တရုတ်နိုင်ငံအား ရှု့မြင်ရာတွင် လူမျိုးရေးအရ သိ မြင်ခြင်းကို ရှောင်ရှား၍ တရုတ်အစိုးရ၏ မူဝါဒရေးရာအရ ရှု့မြင်ခြင်းကို ချဉ်းကပ်သင့်သည်။

 

အခြေအနေအရပ်ရပ်အရ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံဖြင့်လည်း နှစ်ဦးနှစ်ဖက်အကျိုးရှိသော ဆက်ဆံရေးပုံစံကို အလေးထားရမည်။ နိုင်ငံရေးအင်အားစုများနှင့် လက်နက်ကိုင်အဖွဲ့အစည်းများသည် မိမိတို့အင်အားစုတစ်ခု မျက် နှာ သာရရှိရေး စီမံဆောင်ရွက်သည်ထက် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်သူများ၏ အရေးအတွက် တရုတ် စိုးရနှင့် ကောင်းမွန်မှန်ကန်သော ဆက်ဆံရေးကို အလေးထားသင့်သည်။ မျှတသော ဆက်ဆံရေးနှင့် အကျိုးစီးပွား ဖြစ်ထွန်းရေးကို အားစိုက်သင့်သည်။

 

အာဏာရှင်စစ်တပ်၏ ယုတ်ညံ့ကောက်ကျစ်မှုများကို တရုတ်အစိုးရက အမှန်အတိုင်းသိနားလည်ပြီး မြန်မာ ပြည် သူများဘက် အပြည့်အဝရပ်တည်မှုဖြစ်လာရေး ဝိုင်းဝန်းစုပေါင်း၍ အားထုတ်သင့်သည်။ နွေဦးတော်လှန်ရေး အင် အားစုများ၏ တရုတ်နိုင်ငံမဟာဗျူဟာကို စုပေါင်းချမှတ်ရေးဆွဲသင့်ပါပြီ။

 

Burma Associated Press

တရုတ်
မြန်မာ
နိုင်ငံရေး
ဗျူဟာ

Share With
bap-logo