Editorial
နည်းမျိုးစုံဖြင့် ချိုးဖောက်ခြင်း
လွန်ခဲ့သော တစ်နှစ် က
ဖုန်းအတွင်း VPN (Virtual Private Network) တွေ့ရှိ၍ ဖမ်းဆီးခံရကြောင်း၊ ဒဏ်ကြေးအနေဖြင့် ငွေသိန်းဂဏန်း အထိပေးဆောင်ရကြောင်း သတင်းများအား ခိုင်လုံစွာ ကြားသိနေရသည်။ ထိုသတင်းများကို သတင်းမှားများ အဖြစ် စစ်ကောင်စီက ငြင်းဆိုဝါဒဖြန့်လျက် တန်ပြန်နေသည်။
စစ်ကောင်စီက VPN များကို မေလကုန်ပိုင်း၌ တစ်စုံတရာထုတ်ပြန်ခြင်းမရှိပါဘဲ အင်တာနက်ဝန်ဆောင်မှု ပေးသူ များမှတစ်ဆင့် ပိတ်ပင်ခဲ့သည်။ စစ်ကောင်စီ၏ အဓိကရည်ရွယ်ချက်သည် မြန်မာအများစုသုံးစွဲနေသော ဖေ့ဘွတ်ခ် လူမှုကွန်ယက်အား မသုံးစွဲနိုင်စေရန်ဖြစ်သည်။
ဖေ့ဘွတ်ခ်လူမှုကွန်ယက်မှနေ၍ တော်လှန်ရေးလုပ်ငန်းများလုပ်ကိုင်ခြင်း၊ အများပြည်သူဖြင့်ဆက်သွယ်ဆောင် ရွက်ခြင်းနှင့် သတင်းအချက်အလက်စီးဆင်းခြင်းများကို လုပ်ဆောင်နေသည်ဟု စစ်ကောင်စီက တထစ်ချယုံကြည် နေ၍ ထိုသို့ဆောင်ရွက်ခြင်းလည်းဖြစ်သည်။
ထို့အပြင် စစ်ကောင်စီ၏ ဖေ့ဘွတ်ခ်စာမျက်နှာများ၊ ပြည်ခိုင်ဖြိုးပါတီက ဖေ့ဘွတ်ခ်စာမျက်နှာများနှင့် စစ်ကောင်စီ ထောက်ခံသူများ၏ ဖေ့ဘွတ်ခ်စာမျက်နှာများသည် တရားဝင်စာမျက်နှာများအဖြစ် သုံးစွဲခွင့်ရမနေပါ။ ယင်းကြောင့် လည်း စစ်ကောင်စီက ပိတ်ပင်လိုခြင်းဖြစ်မည်။
ထို့အပြင် ထိန်းမရအောင် မြင့်တက်နေသောရွှေဈေးနှင့် ဒေါ်လာဈေးများသည် ဖေ့ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှနေ၍ ဈေးကစားနေခြင်းကြောင့်ဟု ယူဆနေ၍လည်း ဖေ့ဘွတ်ခ်ကို ပိတ်ပင်ရန်ကြိုးပမ်းခြင်းဖြစ်သည်။
ဖေ့ဘွတ်ခ်အသုံးပြုခြင်းကို ၂၀၂၁ အာဏာသိမ်းစဉ်ကတည်းက တားမြစ်ရန်ကြိုးပမ်းခဲ့သော်လည်း သုံးစွဲသူများက VPN အသုံးပြု၍ ကျော်လွှားခဲ့ကြသည်။ ဖေ့ဘွတ်ခ်သုံးစွဲခြင်းကို အင်တာနက်သုံးနေခြင်းဟု နားလည်နေကြသော မြန်မာအများစုသည် ဖေ့ဘွတ်ခ်ပေါ်တွင် လူမှုရေး၊ စီးပွားရေးမှအစ ပညာရေးနှင့် နေ့စဉ်ဘဝကျင်လည်မှုများအထိ နေထိုင်အသုံးပြုလာကြသည်။ စီးပွားရေးလုပ်ငန်းပေါင်းများစွာသည် ဖေ့ဘွတ်ခ်၌ ရှင်သန်လာကြသည်။
ထိုအခြေအနေများကြောင့် ဖေ့ဘွတ်ခ်ကို မည်မျှပိတ်စေကာမူ ရရာနည်းလမ်းဖြင့် ရှာကြံသုံးကြမည်ဖြစ်သည်။ VPN ကဲ့သို့ နည်းပညာများကိုသုံး၍ ကျော်ခွကြမည်ဖြစ်သည်။ ထို့ကြောင့် စစ်ကောင်စီက ဆိုက်ဘာဥပဒေတွင် VPN မ သုံးစွဲရေးပြဌာန်းရန် ကြိုးပမ်းခြင်းဖြစ်သည်။ ထိုဥပဒေသည် မူကြမ်းအဆင့်တွင်သာရှိပြီး လွန်ခဲ့သောနှစ်များက တည်းက အားစမ်းသည့်အနေဖြင့် ပြောဆိုခဲ့ကြပြီးဖြစ်သည်။
ယခုတစ်ဖန် VPN ပိတ်၍ ဥပဒေလေသံလွှင့်လာရာ၌ မြေပြင်တွင် ဖမ်းဆီးလာသည်အထိ ဖြစ်လာသည်။ နည်းပညာ အရနှင့် အခြေအနေအရပ်ရပ်အရ ထိန်းချုပ်ရန် ခက်ခဲလာခြင်းများကို ဥပဒေထုတ်၍ ဖိနှိပ်ရန် အားထုတ်လာခြင်း ဖြစ်သည်။
စစ်ကောင်စီက ထိုသို့ ပြုမူလိုက်ခြင်းသည် အများပြည်သူ၏ လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ကို တိုက် ရိုက်ပိတ်ပင် ချိုးဖောက်လိုက်သကဲ့သို့ ဒစ်ဂျစ်တယ်ရပိုင်ခွင့်များနှင့်ချိတ်ဆက်နေသော အခြေခံလူ့အခွင့်အရေးများ ကို ပိတ်ပင်ဟန့်တား ချိုးဖောက်လိုက်ခြင်းပင် ဖြစ်သည်။
ထို့အပြင် တခြားတစ်ချက်သည် ဖေ့ဘွတ်ခ်ကို ပိတ်ပင်ခြင်းဖြင့် အရာအားလုံးကို ထိန်းချုပ်နိုင်မည်ဟု ထင်မြင်ယူ ဆခြင်းဖြစ်၏။ ယင်းသို့ ထင်မြင်ယူဆခြင်းသည် မှားယွင်းနေသည်။ ထိုသို့ မှားယွင်းနေသည်နှင့်အတူ အင်တာနက် ဆက်သွယ်ရေးတစ်ခုလုံးကို ပိတ်ပင်လိုက် သို့မဟုတ် ထိန်းချုပ်လိုက်နိုင်သည်များလည်း ရှိနိုင်ပါသည်။
ထို့ကြောင့် ထိုအခြေအနေများကို ကျော်လွှားနိုင်ရန် နည်းပညာအရ ပြင်ဆင်မှုများကို တော်လှန်ရေးဘက်တော် သားများက ပြင်ဆင်ထားရမည်ဖြစ်ပြီး လူမှုကွန်ယက်သုံးစွဲခွင့်ပိတ်ပင်ခြင်းနှင့် အင်တာနက်သုံးစွဲခွင့် ပိတ်ပင်ခြင်း များသည် လူမှုဘဝပျက်စီးအောင် လုပ်ဆောင်ခြင်းဖြစ်ပြီး လူအခွင့်အရေးချိုးဖောက်သည့်လုပ်ရပ်အဖြစ် ကျယ် လောင်စွာပြောဆိုကြရမည်ဖြစ်သည်။
သို့မှသာ လေကြောင်းမှတိုက်ခိုက်ခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်း၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းတို့ဖြင့်သာ လူအ ခွင့်အရေးချိုးဖောက်မှုများကို စစ်ကောင်စီက ကျူးလွန်နေသည်မဟုတ်ဘဲ ပြည်သူ၏ ရပိုင်ခွင့်အားလုံးအပေါ်တွင် နည်းလမ်းမျိုးစုံဖြင့် ချိုးဖောက်ကျူးလွန်နေသည်ဆိုခြင်းအား ပိုမိုသိမြင်နိုင်ကြမည်ဖြစ်ပေသည်။
Burma Associated Press