bap-logo
Editorial

ကျင့်ဝတ် သိက္ခာဖြင့် ထိန်းကြောင်းခြင်း

8nRdINaa2MEzLcbCZAbYo-image

လွန်ခဲ့သော တစ်နှစ် က

 

လာမည့် မေ()ရက်သည် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ ဖြစ်သည်။ စိန်ခေါ်မှုပေါင်းများစွာဖြင့် ရင်ဆိုင်နေရ သော သတင်းလွတ်လပ်ခွင့်သည် မြန်မာနိုင်ငံတွင် အဆိုးရွားဆုံး ရင်ဆိုင်နေကြရသည်။

 

သတင်းလွတ်လပ်ခွင့် လေးစားလိုက်နာခြင်း အလေ့အကျင့်နည်းပါးနေသေးသော မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ်အာဏာသိမ်းခြင်းကြောင့် အဆိုးဆုံးအခြေအနေသို့ ရောက်ရှိရခြင်း ဖြစ်သည်။ နယ်စည်းမခြား သတင်းသမားများ အဖွဲ့ (RSF) ၂၀၂၃ ခုနှစ် ညွှန်းကိန်းအရ မြန်မာ့သတင်းလွတ်လပ်ခွင့်သည် နိုင်ငံပေါင်း ၁၈၀ တွင် ၁၇၃ သာရှိသည်။

 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှ ယနေ့ကာလအထိ ဖမ်းဆီးခံရသည့် သတင်းမီဒီယာသမား ၂၀၀ ကျော်ရှိပြီး သတင်းရယူ စဉ် သေဆုံးသူများလည်း ရှိခဲ့သည်။ ယနေ့အချိန်အထိ အကျဉ်းထောင်အသီးသီးတွင် ဖမ်းဆီးခံထားရသူ ၅၀ ကျော် ရှိနေသေးသည်။ ပဋိပက္ခအရှိန်မြင့်နေသော တိုက်ပွဲဒေသများတွင် သတင်းမီဒီယာသမားများသည် အခက်အခဲမျိုး စုံကြုံတွေ့နေရပြီး ဘေးအန္တရာယ်များစွာ ရှိနေသည့်‌ အခြေအနေဖြစ်သည်။

 

သတင်းမီဒီယာသမားများသည် စစ်ကောင်စီ၏ အထွေထွေဖိနှိပ်မှုများသာမက သတင်းမီဒီယာ သိနားလည်မှုနည်းပါးသော အကျိုးဆက်ဖြစ်သည့် အခြေအနေများကိုလည်း ရင်ဆိုင်နေရသည်။ လွန်ခဲ့သော ရက်ပိုင်းက ကေအဲန်ယူနှင့် ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီတို့၏ သတင်းမီဒီယာဆိုင်ရာ ထုတ်ပြန်ချက်များသည် သတင်း မီဒီယာ လွတ်လပ်ခွင့်ကို ထိပါးစေသည့်ကိစ္စများဖြစ်သည်။

 

သတင်းမီဒီယာလွတ်လပ်ခွင့်ကို ထိပါးခြင်းသည် အများပြည်သူ၏ လွတ်လပ်စွာထုတ် ဖော်ပြောဆိုခွင့်ကို ထိပါးခြင်း ဖြစ်သည်။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ထိပါးခြင်းသည် ဒီမိုကရေစီကို ထိပါးခြင်းဖြစ်သည်။ လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်သည် ဒီမိုကရေစီ၏အခြေခံအုတ်မြစ်ဖြစ်၍ တော်လှန်ရေးကာလတွင် ဖြစ်စေ လေးစား လိုက်နာရန် လိုအပ်သည်။

 

သတင်းမီဒီယာသည် ဒီမိုကရေစီစနစ်နှင့် အခြားသော ယန္တရားများကို ထိန်းညှိထိန်းကြောင်းပေးနိုင်ပြီး ပြည်သူ၏ အသံကို နားထောင်နိုင်သောနေရာဖြစ်သည်။ လူ့အခွင့်အရေးချိုးဖောက်မှုများကို မီးမောင်းထိုးပြနိုင်ပြီး တရားမျှတ မှုကို ဖော်ဆောင်ပေးနိုင်သော အခြေအနေကောင်းများကို လွတ်လပ်သော သတင်းမီဒီယာများပေါ်၌ မြင်သာနိုင်ပါသည်။

 

ပဋိပက္ခကြီးထွားနေသော အခြေအနေတွင် သတင်းမီဒီယာအမည်ခံ၍ ဝါဒဖြန့်ချိခြင်းနှင့် တစ်ဦးတစ်ယောက်၊ တစ် ဖွဲ့တစ်စည်းကို မြှောက်ပင့်ပြောဆိုရှေ့တန်းတင်ခြင်းများလည်း ရှိသည်။ ဝါဒဖြန့်ချိခြင်းသည် မှန်ကန်သော အခြေ အနေတစ်ရပ် မဟုတ်ကြောင်း သတိပြုသင့်ပြီး ကျင့်ဝတ်လေးစားလိုက်နာသော လွတ်လပ်သည့် သတင်းမီဒီယာ များကိုသာ ယုံကြည်ကိုးစားသင့်သည်။

 

သတင်းမီဒီယာနှင့် သတင်းမီဒီယာသမားများအတွက် သိက္ခာနှင့်ပရောဖက်ရှင်နယ်ပီသကြောင်း မှတ်ကျောက်ပြု နိုင်သည်မှာ သတင်းမီဒီယာကျင့်ဝတ်ဖြစ်သည်။ ကျင့်ဝတ်နှင့်အညီ အလုပ်လုပ်ကိုင်ခြင်းသည် လွတ်လပ်သော တင်းမီဒီယာ၏ သွင်ပြင်ကို ပီပြင်စေပြီး ဒီမိုကရေစီကို အခြေခိုင်စေပါသည်။ ထို့ကြောင့် သတင်းမီဒီယာများကို ကန့်သတ်ထိန်းချုပ်ရန် အားထုတ်သည်ထက် ကျင့်ဝတ်လိုက်နာမှုအားကောင်းခြင်းရှိမရှိဖြင့်သာ အကဲဖြတ်သင့်ပါသည်။

 

ကျင့်ဝတ်လိုက်နာခြင်း အားနည်းချက်ရှိပါက လွတ်လပ်၍ အမှီအခိုကင်းသောသတင်းမီဒီယာကောင်စီကို တိုင်ကြား ပြဿနာပြေလည်အောင် ဖြေရှင်းနိုင်ပါသည်။ ကျင့်ဝတ်နှင့် ကောင်စီကဲ့သို့ ပေးထားချက်များက သတင်းမီဒီယာများကို ထိန်းကြောင်းသွားမည့် နည်းနာများဖြစ်ပါသည်။

 

ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်သို့ ဦးတည်သွားလာနေစဉ်ကာလအတွင်း လူ့အခွင့်အရေးလေးစားလိုက်နာရန် လို အပ်ပြီး ယင်းတို့အားအကာအကွယ်ပေးနိုင်သော သတင်းစာလွတ်လပ်ခွင့်ကို လေးစားလိုက်နာသင့်ကြောင်းနှင့် အားပေးသင့်ကြောင်း တိုက်တွန်းလိုက်ရပါသည်။

 

Burma Associated Press

အာဏာသိမ်း
ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့
မြန်မာ
သတင်းထောက်

Share With
bap-logo