Editorial
အသစ်တဖန် ပြန်လည်တည်ဆောက်ရန်လိုအပ်နေမှု
လွန်ခဲ့သော တစ်နှစ် က
စစ်အာဏာရှင်အား ဆန့်ကျင်ခဲ့ကြသည်မှာ လေးနှစ်နီးပါး ရှိခဲ့ပါပြီ။ အာဏာသိမ်းမှု နောက်ဆက်တွဲ ဆိုးကျိုးအဖြစ် ပညာရေးကဏ္ဍ ပျက်စီးခြင်း၊ ကျန်းမာရေးကဏ္ဍ ယိုယွင်းခြင်း၊ တရားဥပဒေကဏ္ဍ ကျိုးပဲ့ခြင်း၊ စီးပွားရေးကဏ္ဍ မတည်မငြိမ် ဖြစ်ခြင်းများကို ခါးစည်းရင်ဆိုင်နေကြရပြီ ဖြစ်သည်။ နိုင်ငံအဝန်းတွင် စစ်မီးများတောက်လောင်နေပြီး လူအများနေ့စဉ်သေဆုံး၍ လူမှုဘဝသည် ပြာပုံအတိ ဖုံးလွှမ်းသည့် အခြေအနေသို့ ဆိုက်ရောက်နေပြီဖြစ်သည်။
အလုပ်အကိုင်ရှားပါးခြင်းနှင့် စားဝတ်နေရေး ကျပ်တည်းခြင်းများကြောင့် ပြည်ပနိုင်ငံများသို့ ရွှေ့ပြောင်း လုပ်သားအဖြစ် ထွက်ခွာနေကြရသည်။ စီးပွားရေးလုပ်ငန်းအချို့၏ ရင်းနှီးမြှုပ်နှံမှုများသည် တခြားနိုင်ငံသို့ ရွေ့သွားကြပြီ ဖြစ်သည်။ ပြည်တွင်း၌ နေထိုင်၍ ရှာဖွေစားသောက်နေကြရသူများသည် အထွေထွေကျပ်တည်းမှုဒဏ်များကို တစ်နေ့ထက်တစ်နေ့ ပိုမိုကြုံတွေ့လာရပြီး ကျပ်သည်ထက် ကျပ်လာကြသည်မှာ တစ်အစ်အစ်မြည်သည်အထိ လည်ပင်းအစ်နေကြပြီဖြစ်သည်။
လက်နက်ကိုင်အရေးကိစ္စတွင်လည်း လက်နက်ကိုင်အစုအဖွဲ့များ၏ လိုလားချက်များနှင့် နယ်မြေပိုင်ဆိုင်ထိန်းချုပ်လိုခွင့်များသည် တမျိုးတမည်အရောင်ကွဲလာသည်ကို မြင်သိလာရသည်။ လူမျိုးရေးနှင့် ဘာသာရေးပဋိပက္ခများသည် အမျိုးသားရေး ဟစ်ကြွေးနေသူများအကြား အရှိန်အဟုန်မြင့်တက်လာပြီး ပေါက်ကွဲလုနီးနီး မိုင်းဗုံးတစ်လုံး ကဲ့သို့ အသင့်အနေအထား ဖြစ်နေသည်။
အာဆီယံဒေသတွင်းနှင့် နိုင်ငံတကာအရေးမျက်နှာစာတွင် မြန်မာ့အရေးသည် အဖြေရှာရခက်သော ပုစ္ဆာတစ်ပုဒ် ဖြစ်နေပြီး မြန်မာ့အရေးပြေလည်လိုမှုသည် ယင်းတို့၏အကျိုးစီးပွားပေါ်အခြေခံသော လိုလားမှုနှင့် ချဉ်းကပ်မှုသာ ဖြစ်သည်။ မြန်မာ့အရေးအတွက် စိတ်ရင်းဖြင့် ပြေလည်စေလိုသော အဖြေမရှိပေ။
မြန်မာ့အရေးအဖြေသည် မြန်မာ့လူမှု အသိုင်းအဝိုင်းတွင်သာရှိသည်။ မြန်မာနိုင်ငံနှင့်တိုက်ရိုက်သက်ဆိုင်နေသူများ၏ လိုဘသည်သာ မြန်မာ့အရေးအဖြေဖြစ်သည်။ ထိုလိုဘကို ထုတ်ပြပါဆိုလျင် ဖက်ဒရယ်ဒီမိုကရေစီဟု ဆိုကြမည်။ ယင်းသို့ဆိုပါက ဖက်ဒရယ်ဒီမိုကရေစီ အမှန်တကယ်လိုချင်ပါသလားနှင့် ယင်းအတွက် သင့်တော်သော အခင်းအကျင်းကောင်းများ ရှိနေပြီလားဆိုသည်ကို ပြန်လှန် ဆန်းစစ်ရမည်ဖြစ်သည်။
နောက်တစ်ချက်ထပ်မံ တွေးတောသင့်သည်မှာ လက်နက်ကိုင်နည်းနာဖြစ်သည်။ အခြေအနေအရပ်ရပ်ကြောင့် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ရသည်ကို လက်ခံထားသည့်တိုင်အောင် ထိုလမ်းစဉ်းအတွက် ခရီးပေါက်သည့် အခြေအနေကို ပြန်လည်သုံးသပ်သင့်ပြီဖြစ်သည်။
၂၀၂၁ အခင်းအကျင်းမပေါ်ပေါက်မီက လက်နက်ကိုင်ခဲ့ကြသော လက်နက်ကိုင်အင်အားစုများ၏ လက်နက်ကိုင်ရခြင်းနှင့် ယနေ့အထိ လက်နက်စွဲကိုင်နေမှု သဘောထားများကို ပြန်လည်သုံးသပ်ကြရတော့မည်ဖြစ်သည်။ အထူး သဖြင့် လေးနှစ်ကာလအတွင်း လက်နက်ဖြင့် တိုက်ပွဲဝင်ခဲ့သည်များကို အရင်းအတိုင်းသုံးသပ်၍ လိုအပ်ပါက ဗျူဟာ ပြောင်းရန် စဉ်းစားရမည်ဖြစ်သည်။
မြန်မာ့အရေးစဉ်းစားသည့်အခါ နိုင်ငံတကာ၏ ပါဝင်မှုကို ထည့်သွင်းစဉ်းစားရသည်မှန်သော်လည်း ယခုကာလမြန်မာ့ အရေးပါဝင်ပတ်သက်နေသူသည် တရုတ်နိုင်ငံသာဖြစ်၏။ ယင်းတို့၏ အားလုံးဖြင့် ထိစပ်ထားသည့်မူအတိုင်း တော်လှန်ရေးအင်အားစုများကလည်း တရုတ်ကို အားပြုထိတွေ့ခြင်းဖြင့် အဖြေရှာနိုင်မည်။ ဒုတိယအနေဖြင့် အာဆီယံကို ထိတွေ့ခြင်းနှင့် တတိယအနေဖြင့် အနောက်အုပ်စုကို ထိတွေ့ရန်ဖြစ်သည်။
အနှစ်ချုပ်ဆိုရသော် မြန်မာ့အရေးအဖြေရရှိရန် နည်းနာအသစ်များ ရှာဖွေရမည် ဖြစ်ပြီး တချို့သောနည်းနာများကို ပူးပေါင်း၍လုပ်ဆောင်ရမည်ဖြစ်သည်။ ဤသို့ဆိုရခြင်းတွင် နိုင်ငံရေးနည်းနာနှင့် စစ်ရေးနည်းနာပေါင်းစည်းခြင်း သို့မဟုတ် နည်းနာများအားလုံးပေါင်းစည်းခြင်းလည်း ဖြစ်နိုင်သည်။ နှစ်ပေါင်း ၇၀ ကျော် မပြောင်းမလဲ သဏ္ဌာန်တူ ဖြစ်ပျက်နေခဲ့သော နိုင်ငံရေးအိမ်အိုကြီးသည် အသစ်တဖန်တည်ဆောက်ရန် လိုအပ်နေသည်ကား အသေအချာပင် ဖြစ်တော့၏။
Burma Associated Press