Editorial
နွေဦး၏ သတိမူစရာ အကြောင်းများ
လွန်ခဲ့သော တစ်နှစ် က
ကာလများ ရွှေ့လျားဖြတ်သန်းရခြင်းခရီး ရှည်ကြာလာသည်နှင့်အမျှ အကြောင်းချင်းရာအစုံသည် နွေဦးတော်လှန် ရေးအတွင်း ဖြစ်တည်ပေါ်ပေါက်လာသည်က အမှန်တရားပင်ဖြစ်၏။ သို့သော် ဤနေရာ၌ နွေဦးတော်လှန်ရေးပေါ် ပေါက်လာသော အစစ်အမှန်အကြောင်းရင်းကို သတိချပ်သင့်သလို တော်လှန်ရေး၏အဓိက လိုလားချက်အား အ မှတ်ရနေရန် လိုအပ်ပါသည်။
လက်ရှိ နွေဦးတော်လှန်ရေးသည် တန်းတူညီမျှမှုဆုံးရှုံးခြင်း၊ လွတ်လပ်မှုဆုံးရှုံးခြင်း၊ တရားမျှတမှုကင်းမဲ့ခြင်း၊ နှစ် ပေါင်းများစွာနှင့် အဖန်ဖန်တလဲလဲ အာဏာရှင်စနစ် ဖြစ်ပျက်ခြင်းအား ဆန့်ကျင်အံတုတော်လှန်၍ သာယာဝပြော သော ဖက်ဒရယ်ဒီမိုကရေစီစနစ်တည်ထောင်ရန် ဆင်နွှဲနေကြခြင်းဖြစ်သည်။ ယင်းသည် မြန်မာနိုင်ငံနှင့် သက်ဆိုင် သူအားလုံး၏ စုပေါင်းအိပ်မက်၊ စုပေါင်းလိုလားချက်ဖြစ်ပြီး ပြည်သူလူထု၏ အကျိုးစီးပွားဖြစ်သည်။
ထိုသို့ဆင်နွှဲခြင်းသည် လူတစ်ဦး၊ တစ်ယောက်၊ တစ်စုတစ်ဖွဲ့၏ အာဏာတည်မြဲရန်နှင့် အာဏာတည်ဆောက်ရန် မ ဟုတ်ပါ။ စနစ်တစ်ခုတည်ထောင်ရန်ဖြစ်သည်။ ထိုကြောင့် တော်လှန်ရေးကာလအတွင်း လူပုဂ္ဂိုလ်၊ ဂိုဏ်းဂဏနှင့် အဖွဲ့အစည်းများအား ရှေ့တန်းတင်ခြင်းကို ရှောင်ရှားသင့်ပါသည်။
ဤနေရာ၌ မီဒီယာ၏အခန်းကဏ္ဍကိုလည်း ထည့်သွင်းစဉ်းစားရပါမည်။ မီဒီယာများအနေဖြင့် မိမိတို့၏ မီဒီယာ လမ်းကြောင်းပေါ်သို့ တော်လှန်ရေးဦးဆောင်သူများကို ဖော်ကျူးတင်ဆက်သည့်အခါ ယင်းတို့၏ အားသာချက်၊ အားနည်းချက်များကို ရှိရင်းအတိုင်း ဖြစ်စေရန်လိုအပ်ပါသည်။
အားသာချက်များကိုသာထုတ်ဖော်ပြီး အားနည်းချက်များကို ထိန်ချန်မှုသည် ဘက်လိုက်ခြင်းပင်ဖြစ်ပါသည်။ တ နည်းအားဖြင့် ဝါဒဖြန့်ချိမှုကိုပြုခြင်း၊ အချက်အလက်ထိန်ချန်မှုကို အားပေးခြင်းဖြစ်ပါသည်။ ထိုကြောင့် မီဒီယာ များသည် သူ့လူကိုယ့်လူ မမြင်အပ်ဘဲ အရှိတရားနှင့် ကျင့်ဝတ်ကို ကိုင်စွဲ၍ ဖြောင့်မတ်စွာ ရပ်တည်သင့်ပါသည်။
တော်လှန်ကာလအတွင်း ဂရုပြုအပ်သည့် နောက်ထပ်အချက်တစ်ခုအား ညွှန်းဆိုရလျင် မိမိကိုယ်ကျိုးအတွက် တော်လှန်ရေးအား အသုံးချခြင်းဖြစ်သည်။ စစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့်အချို့သည် နေရပ်စွန့်ခွာရသည်။ ပြည် ပသို့ ပြောင်းရွေ့နေထိုင်ရသည်။ နယ်စပ်ဒေသလွတ်မြောက်ရာတွင် နေထိုင်ရသည်။ အချို့ကပြည်တွင်း၌ပင်နေထိုင် ကြလျက်ရှိသည်။ ထိုသို့သော အခြေအနေများသည် လူတစ်ဦးချင်း၏ ပုဂ္ဂလအခြေအနေနှင့် ခံယူချက်များကြောင့် ဖြစ်ပြီး စနစ်ဆိုး၏ ဒုက္ခကိုဖြင့် အားလုံးအတူတူ ရင်ဆိုင်နေကြရသည်သာ ဖြစ်၏။
ထိုအခြေအနေတွင် မိမိကိုယ်မိမိ ရှေ့တန်းတင်ခြင်း၊ ပေါ်လွင်ထင်ရှားအောင်ပြုခြင်းနှင့် မိမိသည်သာ တော်လှန်ရေး တွင် အစွန်းကုန်အနစ်နာခံသူအဖြစ် ပုံမဖော်သင့်ပါ။ ဩဇာအာဏာ မတည်ထောင်သင့်ပါ။ တစ်ပါးသူနှင့် တော်လှန်ရေးအား လှေကားသဖွယ်ချနင်း၍ မိမိအကျိုးရှေ့တန်းရောက်ရန် မကြံဆောင်သင့်ပါ။ မိမိသည် တော်လှန်ရေး၏ အုတ်တစ်ချပ်၊ သဲတစ်ပွင့်၊ စက်သွားစိတ်တစ်ခုသာဖြစ်သင့်ပြီး တော်လှန်ရေးအား မိမိအကျိုးငှာချနင်းတက်သူ မဖြစ်သင့်ပါ။
အကြောင်းကား နွေဦးတော်လှန်ရေးသည် ပေးထားချက်မတူညီသော လူမှုအဖွဲ့အစည်းအတွင်း မွေးရာပါ အခြေခံ လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာကို တူညီခွင့်ရရှိအောင် ကြံဆောင်သည့် အများပြည်သူ၏ အကျိုးစီးပွား ဖြစ်ခြင်း ကြောင့်ပါပဲ။
နောက်တစ်ချက် အရေးကြီးသည်မှာ စည်းလုံးညီညွတ်ခြင်းဖြစ်သည်။ ဖက်ဒရယ်ဒီမိုကရေစီအရေး အားထုတ်ကြ ရာတွင် အရေးကြီးသည်မှာ အချင်းချင်း ညီညွတ်ရေးနှင့် အပြန်အလှန်လေးစားခြင်း ဖြစ်ပါသည်။ အချင်းချင်းပွင့် လင်းမြင်သာစွာ ဆက်ဆံပြီး ထောက်ပြဝေဖန်မှုများကို လေးစားစွာ နားထောင်အပ်ပါသည်။ အပြန်အလှန် ပြစ်တင် ပုတ်ခတ်ခြင်းထက် အပြန်အလှန်ထိန်းကြောင်းခြင်းဖြင့် တော်လှန်ရေးခရီးအား ရှေ့ဆက်သင့်ပြီး ကိုယ့်အကျိုး ထက် ပြည်သူ့အကျိုး ရှေ့ရှုသင့်ပါကြောင်း တိုက်တွန်းရပါသည်။
Burma Associated Press