bap-logo
Politics

တရုတ်စစ်ရေးလှုပ်ရှားမှု ပုံမှန်မဟုတ်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးပြော

xhJor6E8twV31moTiTboq-image

လွန်ခဲ့သော တစ်နှစ် က

ထိုင်ဝမ်အနီးတဝိုက်မှ တရုတ်စစ်ရေးလှုပ်ရှားမှုများ "ပုံမှန်မဟုတ်ကြောင်း” ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးက သောကြာနေ့က ပြောဆိုလိုက်သည်။

 

ပြီးခဲ့သည့် အပတ်တွင် တိုက်လေယာဉ်များ၊ ဒရုန်းများ၊ ဗုံးကြဲလေယာဉ်များနှင့် အခြားသော လေယာဉ်များ၊ စစ်သင်္ဘောများပါဝင်သည့် ပုံမှန်မဟုတ်သော လှုပ်ရှားမှုများ တိုးမြင့်လာကြောင်း ထိုင်ဝမ်က တင်ပြခဲ့သည်။

 

ကျွန်တော်တို့ရဲ့ ကနဦးလေ့လာဆန်းစစ်ချက်အရ စက်တင်ဘာလထဲမှာ မြေပြင်၊ ပင်လယ်၊ မြေပြင်-ရေပြင် ပူးတွဲလေ့ကျင့်ရေးတွေ လုပ်နေပါတယ်။ဟု ကာကွယ်ရေးဝန်ကြီး Chiu Kuo-cheng က လွှတ်တော်တွင် သတင်းထောက်များကို ပြောသည်။

 

ရန်သူရဲ့ လတ်တလော အခြေအနေက ပုံမှန် မဟုတ်ပါဘူးဟု လည်း ၎င်းက ပြောသည်။

 

ထိုင်ဝမ်နှင့် မျက်နှာချင်းဆိုင် Fujian ပြည်နယ်တောင်ပိုင်း Dacheng ပင်လယ်အော်အနီး တရုတ်လှုပ်ရှားမှုများကို စောင့်ကြည့်နေကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ကြာသပတေးနေ့တွင် ထုတ်ပြန်ပြီး နောက်ပိုင်း ၎င်းကဲ့သို့ မှတ်ချက်ပြု ပြောဆိုလာခြင်းဖြစ်သည်။

 

၎င်းဒေသမှာ တရုတ်နိုင်ငံက မြေပြင်ဆင်းသက်ခြင်း လေ့ကျင့်ရေးပြုလုပ်နေသည်ဟု ထိုင်ဝမ်လုံခြုံရေး အရင်းအမြစ်များက ပြောကြားသည့် ဒေသဖြစ်သည်။

 

တရုတ်နိုင်ငံက ထိုင်ဝမ်ဝန်းကျင်တွင် လေ့ကျင့်မှုအကြောင်း မည်သည့် ပြောဆိုခြင်းမျှ မရှိဘဲ တရုတ် ကာကွယ်ရေး ဝန်ကြီးဌာနကို မှတ်ချက်ပေးရန် နှစ်ကြိမ် တောင်းဆိုခဲ့သော်လည်း တုံ့ပြန်ခြင်းမရှိပေ။

 

Chiu က Dacheng ပင်လယ်အော် အကြောင်း သတင်းထုတ်ပြန်ခြင်းသည် ၎င်း၏ ဝန်ကြီးဌာနမှ အများပြည်သူ ကို သတင်းထုတ်ပြန်ရေး အခြေခံမူအရ ပြောကြားခြင်းဖြစ်သည်။

 

တရုတ်နိုင်ငံသည် Dacheng ပင်လယ်အော်တွင် မနှစ်က စက်တင်ဘာလတွင်လည်းကောင်း၊ တမြန်နှစ်က စက်တင်ဘာလတွင်လည်းကောင်း စစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့သည်ဟု ထိုင်ဝမ် အမျိုးသားမူဝါဒဖောင်ဒေးရှင်း ပညာရှင် အဖွဲ့မှ စစ်ရေးသုတေသီ Chieh Chung က ပြောကြားသည်။

 

၎င်းလေ့ကျင့်မှုများတွင် စက်ကိရိယာများတပ်ဆင်ထားသည့် အရပ်ဘက်သင်္ဘောများမှ ဆိပ်ကမ်းများ အလုပ် မလုပ်နိုင်ဘဲ ဖျက်ဆီးခံရသည့်အခြေအနေတွင် ဆိပ်ကမ်းမဲ့ အတင်အချပြုလုပ်ခြင်းများ ပြုလုပ်နိုင်ရန် လေ့ကျင့်နေသည်ဟု Chieh က ပြောသည်။

 

သို့ရာတွင် တရုတ်အနေဖြင့် ထိုင်ဝမ်ကို မြေပြင်-ရေပြင်နှစ်သွယ်မှ ကျူးကျော်မှုပြုလုပ်လျှင် ပထဝီ အနေအထားအရ ရှေ့တန်းတွင် ဖိအားများ ကြုံရမည်ဟု အမေရိကန် အကြီးတန်း ကာကွယ်ရေးအရာရှိတစ်ဦးက အင်္ဂါနေ့ လွှတ်တော်တွင် ပြောကြားခဲ့သည်။

 

ပြီးခဲ့သည့်အပတ်တွင် တောင်တရုတ်ပင်လယ် မဟာဗျူဟာမြောက် ရေပြင်နှင့် ထိုင်ဝမ် အရှေ့မြောက် ကမ်းရိုးတန်းဒေသများသို့ တရုတ်နိုင်ငံက စစ်သင်္ဘော အစီး ၁၀၀ အထက် စေလွှတ်ခဲ့သည်ဟု ဒေသတွင်း လုံခြုံရေးအရာရှိတစ်ဦးက မီဒီယာသို့ စကားပြောခွင့်မပေးထားသည့်အတွက် Reuters သို့ အမည်လျှို့ဝှက် ပြောကြားခဲ့သည်။

 

တရုတ်နိုင်ငံသည် ဂျူလိုင်လမှ စက်တင်ဘာလအတွင်း အကြီးစား လေ့ကျင့်မှုများ ပြုလုပ်လေ့ ရှိသည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောကြားသည်။

 

ထိုင်ဝမ်လေကြောင်းကာကွယ်ရေးသတ်မှတ်ဇုံအတွင်းသို့ ပြီးခဲ့သည့် ၂၄ နာရီအတွင်း တရုတ် စစ်လေယာဉ် ၂၄ စီး ဝင်ရောက်လာသည်ကို ထောက်လှမ်းသိရှိရကြောင်း၊ အနည်းဆုံး ၁၇ စီးက ထိုင်ဝမ်နိုင်ငံမှ သတ်မှတ်ထားသည့် မြေပုံအရ ထိုင်ဝမ်ရေလက်ကြား အလယ်မျဉ်းကို ဖြတ်ကျော်ခဲ့ကြောင်း သောကြာနေ့အစောပိုင်းက ၎င်းဝန်ကြီး ဌာနမှ ပြောကြားသည်။

 

၎င်းအလယ်မျဉ်းဆိုသည်မှာ နှစ်နိုင်ငံကို တရားဝင်မဟုတ်ဘဲ ခြားနားထားသည့် မျဉ်းဖြစ်ပြီး တရုတ်နိုင်ငံက ယမန်နှစ်က စတင်၍ ပုံမှန် ဖြတ်ကျော်လာနေခဲ့သည်။

 

ထိုင်ဝမ်သို့ အလွန်နီးကပ်လာသည့် စစ်ရေးပြင်ဆင်လာခြင်းများ အထူးသဖြင့် ယခင်ထက် ပိုမိုရှည်လျားသည့် အလယ်မျဉ်းတစ်လျှောက် ပျံသန်းမှုများပြုလုပ်ခြင်းဖြင့် တရုတ်နိုင်ငံသည် ၎င်းထက် အဆမတန်သေးငယ်သည့် ထိုင်ဝမ်စစ်တပ်ကို နေသားကျစေရန် ပြုလုပ်နေခြင်း ဖြစ်နိုင်သည်ဟု ဒုတိယ လုံခြုံရေးသတင်း အရင်းအမြစ်တစ်ဦးက အမည်မဖော်ဘဲ Reuters ကို ပြောသည်။

 

တရုတ်က ဒီလို လှုပ်ရှားမှုတွေကို ပုံမှန်ဖြစ်ရိုးဖြစ်စဉ်လို လုပ်ပြီး ထိုင်ဝမ်ကို ချောင်ထဲတွန်းပို့ဖို့ လုပ်နေတာ ဖြစ်ပါတယ်။ တရုတ် သင်္ဘော ဒါမှမဟုတ် လေယာဉ်တွေ အရမ်းနီးကပ်လာလို့ ထိုင်ဝမ်က ပစ်ခတ်လိုက်နိုင်တဲ့ မှားယွင်းတွက်ချက်မှု အန္တရာယ်ယူပြီး လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။ဟု သတင်းအရင်းအမြစ်က ပြောသည်။

 

ထိုင်ဝမ်က ၎င်းသည် တည်ငြိမ်အေးဆေးမှုကို ထိန်းသိမ်းထားမည်ဖြစ်ပြီး အခြေအနေ ပိုမိုဆိုးရွားစေရန် လုပ်ဆောင်မည် မဟုတ်ကြောင်း၊ သို့သော် တရုတ်၏ အဖန်တလဲလဲ ရန်စမှုများကို ခွင့်ပြုမည် မဟုတ်ကြောင်း မကြာခဏ ပြောဆိုခဲ့သည်။

 

ကိုးကား - Reuters

ပုံစာ - ဇန်နဝါရီလ ၁၁ ရက် ၂၀၂၃ ခုနှစ် ထိုင်ဝမ် Kaohsiung မြို့တော်တွင် ပြင်ဆင်မှု တိုးမြှင့်ရေး လေ့ကျင့်မှုအပြီး ထိုင်ဝမ်အလံနှင့် ဓာတ်ပုံအရိုက်ခံနေသည့် စစ်သားများ။ (Photo: AP Photo/Daniel Ceng, File)

 

Burma Associated Press

တရုတ်
စစ်ရေးလေ့ကျင့်မှု
ထိုင်ဝမ်

Share With
bap-logo