bap-logo
Politics

အငြင်းပွားတောင်တရုတ်ပင်လယ်အနီး အရှေ့တောင်အာရှနိုင်ငံများ ရေတပ်ပူးတွဲလေ့ကျင့်ရေး ပထမဆုံးအကြိမ်ပြုလုပ်

UmgIR_WAeLrToMUQftXis-image

လွန်ခဲ့သော တစ်နှစ် က

တရုတ်အင်အားတိုးချဲ့လာသည့်အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများက တုံ့ပြန်မှုများ ပြုလုပ်နေကြစဉ်မှာပင် အာဆီယံ၏ ပထမဆုံး ရေတပ် ပူးတွဲလေ့ကျင့်မှုကို အင်္ဂါနေ့က ပြုလုပ်ခဲ့သည်။

 

တိုက်ပွဲမဟုတ်သည့် လေ့ကျင့်ရေးကို အာဆီယံစည်းလုံးညီညွတ်မှု လေ့ကျင့်ရေးဟု အမည်ပေးထားပြီး ရေကြောင်းကင်းလှည့်ခြင်းလုပ်ငန်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း၊ လူသားချင်းစာနာမှုနှင့် သဘာဝဘေး အန္တရာယ် ကယ်ဆယ်ရေးတို့ပါဝင်သည်ဟု အင်ဒိုနီးရှားစစ်တပ်အကြီးအကဲ Adm. Yudo Margono က ပြောကြားသည်။

 

၎င်းက အင်ဒိုနီးရှားနိုင်ငံ၏ Natuna ရေပြင်မှ ငါးရက်ကြာလေ့ကျင့်ရေးသည် အာဆီယံနိုင်ငံများအတွင်း စစ်ရေးပူးပေါင်းမှု မြှင့်တင်ရန်နှင့် အပြန်အလှန်လုပ်ဆောင်နိုင်မှု မြှင့်တင်ရန် ရည်ရွယ်သည်ဟု ပြောသည်။ လေ့ကျင့်ရေးများတွင် လူသားချင်းစာနာမှုဆိုင်ရာ ကယ်ဆယ်ရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးတို့မှ အရပ်သားအဖွဲ့များလည်း ပါဝင်ကြသည်။

 

အာဆီယံနိုင်ငံများသည် အမေရိကန်နှင့် တရုတ်အပါအဝင် အခြားနိုင်ငံများနှင့် ရေတပ်လေ့ကျင့်ရေးများတွင် ပါဝင်ခဲ့ကြသော်လည်း ယခုအပတ် လေ့ကျင့်မှုမှာ အဖွဲ့ဝင်နိုင်ငံများသာ ပါဝင်သည့် ပထမဆုံး လေ့ကျင့်ရေးဖြစ်ကာ တရုတ်ကို အချက်ပေးခြင်းဖြစ်ကြောင်း အများစုက ရှုမြင်ကြသည်။

 

တရုတ်၏ တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါး ပိုင်ဆိုင်ကြောင်း "မျဉ်းပိုင်း ကိုးခု” ဖြင့် ပိုင်းခြားသတ်မှတ် မှုသည် ပြိုင်ဘက်တောင်းဆိုမှုများ ပြုလုပ်နေကြသည့် ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်း၊ ဖိလစ်ပိုင်နိုင်ငံတို့၏ တင်းမာသည့် ရပ်တည်ချက်များ ဖြစ်ပေါ်စေခဲ့ပြီး တရုတ် ငါးဖမ်းလှေများနှင့် ရေယာဉ်များက အငြင်းပွားရေပြင်တွင် ပိုမို ရန်လိုလာခဲ့ကြသည်။

 

တရုတ်သတ်မှတ်သည့် မျဉ်းကြောင်းသည် Natuna ကျွန်းစုများမှ ဆက်လက်တိုးချဲ့လာသည့် အင်ဒိုနီးရှား သီးသန့်စီးပွားရေးဇုန်၏ တစ်စိတ်တစ်ပိုင်း ပါဝင်နေသည်။ လေ့ကျင့်မှုများသည် တောင်တရုတ်ပင်လယ်အစပ်၊ Natuna ပင်လယ် မြောက်ပိုင်း အမေရိကန်-တရုတ် အားပြိုင်နေသည့် နယ်ခြားမျဉ်းတွင် ပြုလုပ်မည်ဟု ဘာလီတွင် ဂျွန်လက ကျင်းပခဲ့သည့် အာဆီယံကာကွယ်ရေး အရာရှိများ အစည်းအဝေးတွင် Margono က ကနဦး ပြောကြားခဲ့သည်။

 

သို့သော် အာဆီယံအလှည့်ကျ ဥက္ကဌတာဝန်ယူထားသည့် အင်ဒိုနီးရှားနိုင်ငံက တရုတ်အစိုးရ၏ တုံ့ပြန်မှုကို ရှောင်ကြဉ်ရန် အငြင်းပွားနယ်မြေမှ ဝေးကွာသော Natuna ကျွန်းစုများ တောင်ပိုင်းသို့ လေ့ကျင့်ရေးများ ပြောင်းရွှေ့ပြုလုပ်ရန် ဆုံးဖြတ်လိုက်သည်။

 

တရုတ်နှင့် အာဆီယံတို့သည် ပြိုင်ဘက် နယ်မြေတောင်းဆိုသူနိုင်ငံများအကြား လွင်တီးခေါင် ကျွန်းငယ်များနှင့် ကျောက်တန်းများကို သိမ်းယူမှုအပါအဝင် လက်နက်ကိုင် ပဋိပက္ခများ စတင်ဖြစ်ပေါ်စေသည့် ရန်လိုသည့် လုပ်ရပ်များ ရှောင်ကြဉ်ရန် နှောင်ကြိုးမဲ့ ၂၀၀၂ သဘောတူညီမှုကို လက်မှတ်ရေးထိုးထားကြသော်လည်း ချိုးဖောက်မှုများ ရှိနေဆဲဖြစ်သည်။

 

မဟာဗျူဟာမြောက် တောင်တရုတ်ပင်လယ်တွင် စစ်အင်အားတည်ဆောက်ခြင်းကြောင့် တရုတ်နိုင်ငံကို ပြင်းထန်သည့် ဝေဖန်မှုများ ခံနေရသော်လည်း ၎င်းပိုင်ဆိုင်သည့် နယ်မြေတွင် တည်ဆောက်ပိုင်ခွင့်ရှိကြောင်း၊ မည်သည့်နည်းနှင့်မဆို ကာကွယ်သွားမည်ဖြစ်ကြောင်း ပြောဆိုထားသည်။

 

"၎င်း နယ်မြေတွင် ရှာဖွေလှည်လည်မှု သို့မဟုတ် လုပ်ရှားမှု မည်သည့်တစုံတရာကိုမဆို ပြုလုပ်သူများသည် နိုင်ငံပိုင်နယ်မြေကို ကျူးကျော်မှု မပြုရ။” ဟု စင်ကာပူနိုင်ငံနှင့် ကပ်လျက်တည်ရှိသော Batam ကျွန်းပေါ်တွင် ပြုလုပ်သည့် အာဆီယံစစ်ရေးခေါင်းဆောင်များ တက်ရောက်သော ပူးတွဲလေ့ကျင့်ရေး ဖွင့်ပွဲအခမ်းအနားအပြီး Margono က ပြောကြားသည်။ "ဒါကို ပင်လယ်ဥပဒေဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းမှာ ရှင်းရှင်းလင်းလင်း သတ်မှတ်ထားပြီး ဖြစ်ပါတယ်။

 

အာဆီယံက တရုတ်၏ နယ်မြေတောင်းဆိုမှုကို ဆန့်ကျင်ကာ ပြင်းထန်သည့် သတင်းစကား ပေးပို့ခြင်း ဖြစ်ပါသလားဟု မေးမြန်းသောအခါ Margono က "ကျွန်တော်တို့မှာ ခိုင်မာတဲ့ ရပ်တည်ချက် ရှိပြီးသား ဖြစ်ပါတယ်။” ဟု ဖြေကြားခဲ့သည်။

 

၎င်းက စစ်ရေးလေ့ကျင့်မှုများကို နှစ်စဉ်ပြုလုပ်သွားရန် အာဆီယံက သဘောတူထားသည်ဟု သတင်းထောက် များကို ပြောကြားခဲ့သည်။ အနာဂတ်တွင် ကြည်းတပ်၊ ရေတပ်၊ လေတပ်တို့ပါဝင်သည့် စစ်ရေးလေ့ကျင့်မှု အပြည့်အစုံ တိုးချဲ့ ပြုလုပ်သွားမည်ဟု ၎င်းက ပြောသည်။

 

အင်ဒိုနီးရှားနှင့် တရုတ်တို့သည် ယေဘုယျအားဖြင့် ကောင်းမွန်သည့် ပူးပေါင်းမှုများကို နှစ်လိုကြသော်လည်း အင်ဒိုနီးရှားအစိုးရက တောင်တရုတ်ပင်လယ်ရှိ ၎င်း၏ သီးသန့်စီးပွားရေးဇုန် ကို တရုတ်က ကျူးကျော်မှုဟု တွေ့မြင်လာရသောအခါ စိုးရိမ်ကြောင်း ဖော်ထုတ်ပြသလာခဲ့သည်။ ၎င်းနယ်မြေတွင် တရုတ် ကမ်းခြေစောင့် ရေယာဉ်များနှင့် ငါးဖမ်းလှေများ၏ လှုပ်ရှားမှုများ တိုးမြင့်လာခြင်းက အင်ဒိုနီးရှားအစိုးရကို စိုးရမ်မှုဖြစ်ပေါ်စေပြီး ၂၀၂၀ ဂျူလိုင်လတွင် Natuna ရေပြင်တွင် စစ်ရေးလေ့ကျင့်မှု အကြီးအကျယ် ပြုလုပ်ခဲ့သည်။

 

တောင်တရုတ်ပင်လယ်တွင် အရေးဆိုသူမဟုတ်ကြောင်း တရားဝင်ရပ်တည်သော်လည်း သဘာဝဓာတ်ငွေ့ ကွင်းပြင်များ ပါဝင်သော Natuna ပင်လယ် မြောက်ပိုင်း တစ်စိတ်တစ်ပိုင်း၊ သီးသန့်စီးပွားရေးဇုန်ကို အင်ဒိုနီးရှား က အမည်ပြောင်းလဲမှုပြုလုပ်ခြင်းဖြင့် ၎င်း ပိုင်ဆိုင်ကြောင်းတောင်းဆိုမှုကို အလေးအနက်ပြုခဲ့သည်။ အလားတူပင် ဖိလစ်ပိုင်နိုင်ငံကလည်း ၎င်းပိုင်ဆိုင်သည်ဟု ယူဆသည့် ရေပြင်ကို အနောက်ဖိလစ်ပိုင်ပင်လယ်ဟု မှည့်ခေါ် ခဲ့သည်။

 

တရုတ်နိုင်ငံက အငြင်းပွား ကျောက်တန်း ၇ ခုကို ပြေးလမ်း သုံးခုပါဝင်သည့် လက်နက်စနစ်များ တပ်ဆင် ထားသည့် မြို့ငယ်များအပါအဝင် လူလုပ်ကျွန်းများအဖြစ် ပြောင်းလဲခဲ့သည့်အတွက် အာဆီယံမှ အရေးဆိုသူ လေးဦးအနက် တစ်ဦးဖြစ်သူ ဗီယက်နမ်နိုင်ငံက စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

 

အာဆီယံအဖွဲ့ဝင် ကမ္ဘောဒီးယားနှင့် လာအို နှစ်နိုင်ငံလုံးမှာ တရုတ် မဟာမိတ်များဖြစ်ပြီး အငြင်းပွားမှုများတွင် တရုတ်အစိုးရကို ပြင်းထန်သည့် စကားလုံးများ သုံးစွဲခြင်းကို ဆန့်ကျင် ကန့်ကွက်ခဲ့ကြသည်။

 

ကိုးကား - AP

ပုံစာ - စက်တင်ဘာ ၁၉ ရက် ၂၀၂၃ ခုနှစ် အင်ဒိုနီးရှားနိုင်ငံ Batam ကျွန်း Batu Ampar ဆိပ်ကမ်း တွင် ပြုလုပ်သည့် တိုက်ပွဲမပါဝင်သည့် အာဆီယံ စည်းလုံးညီညွတ်ရေး စစ်ရေးလေ့ကျင့်မှု ဖွင့်ပွဲအခမ်းအနားတွင် အင်ဒိုနီးရှား ရေတပ် ဆေးရုံသင်္ဘော KRI dr. Radioman Wedyodiningrat အနီးမှ စစ်တပ် တပ်ဖွဲ့ဝင်များ။ (Photo: AP Photo/Andaru Kz)

 

တောင်တရုတ်ပင်လယ်
တရုတ်
အာဆီယံ

Share With
bap-logo