bap-logo
Politics

နိုင်ငံခြားရေးဝန်ကြီးဖြစ်လာနိုင်သူဟု ထင်ကြေးပေးခံရသည့် တရုတ်သံတမန်ကို အာဏာပိုင်များ ထိန်းသိမ်းထား

xU0bSNmRw1cWr3Azqv_Rq-image

လွန်ခဲ့သော တစ်ရက် က

 ပြည်ပနိုင်ငံရေးပါတီများနှင့် ဆက်ဆံမှု စီမံခန့်ခွဲရေး အထူးကိုယ်စားလှယ် Liu Jianchao ကို ဂျူလိုင်လနှောင်းပိုင်းက ထိန်းသိမ်းခံထားရသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

 

အနာဂတ် နိုင်ငံခြားရေးဝန်ကြီးဖြစ်လာနိုင်ချေရှိသည်ဟု ကျယ်ပြန့်စွာ ရှုမြင်ထားကြသည့် ဝါရင့် တရုတ်သံတမန် Liu Jianchao ကို အာဏာပိုင်များက စစ်ဆေးမေးမြန်းရန် ထိန်းသိမ်းထားသည်ဟု Wall Street Journal က တင်ပြခဲ့သည်။

 

ဂျူလိုင်လနှောင်းပိုင်းတွင် နိုင်ငံခြား အလုပ်ခရီးစဉ်တစ်ခုမှ ဘေဂျင်းသို့ ပြန်လာစဉ် Liu ကို ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ၎င်းအရေးကို သိရှိသူများအား ကိုးကား၍ တနင်္ဂနွေနေ့က သတင်းများထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

 

တရုတ်အစိုးရထံသို့ မီဒီယာစုံစမ်းမေးမြန်းမှုများကို ကိုင်တွယ်ရသည့် တရုတ်နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံးနှင့် တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာဆက်ဆံရေးဌာနတို့က Reuters ၏ မှတ်ချက်ပေးရန် တောင်းဆိုမှုကို ချက်ချင်း တုန့်ပြန်ဖြေကြားခြင်း မရှိပေ။

 

အသက် ၆၁ နှစ် ရှိပြီဖြစ်သည့် Liu သည် ကွန်မြူနစ်ပါတီ၏ ပြည်ပနိုင်ငံရေးပါတီများနှင့် ဆက်ဆံမှု စီမံခန့်ခွဲရေးအဖွဲ့ကို ဉီးဆောင်ခဲ့သူဖြစ်သည်။ ၂၀၂၂ ခုနှစ် ၎င်းတာဝန်ခဲ့စဉ်က စ၍ နိုင်ငံပေါင်း ၂၀ ကျော်သို့ ခရီးသွားရောက်ခဲ့ပြီး နိုင်ငံပေါင်း ၁၆၀ ကျော်မှ အရာရှိများနှင့် တွေ့ဆုံခဲ့သည်။

 

Liu ၏ ပြည့်နှက်နေသော အလုပ်တာဝန်အချိန်ဇယား အထူးသဖြင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း အန်ထော်နီ ဘလင်ကန်နှင့် ဝါရှင်တန်တွင် တွေ့ဆုံဆွေးနွေးခြင်းများက လာမည့် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရမည်ဟု ယူဆမှုများ မြင့်တက်လာစေခဲ့သည်။ Liu သည် သံအမတ်ဟောင်းတစ်ဉီး ဖြစ်ပြီး ယခင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူတစ်ဉီးလည်းဖြစ်သည်။

 

၎င်းကို ထိန်းသိမ်းခြင်းသည် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ အရင်းနှီးဆုံး လက်အောက်ငယ်သား တရုတ်နိုင်ငံခြားရေးဝန်ကြီးဟောင်း Qin Gang ကို ၂၀၂၃ ခုနှစ်တွင် အိမ်ထောင်ပြင်ပ ဖောက်ပြန်သည်ဆိုသည့် ကောလာဟာလများဖြင့် ဖယ်ရှားခဲ့ပြီးနောက်ပိုင်း ရာထူးအဆင့် အမြင့်ဆုံးသူတစ်ဉီးကို စုံစမ်းစစ်ဆေးခြင်း ဖြစ်သည်။

 

အရှေ့မြောက် ပြည်နယ် Jilin တွင် မွေးဖွားခဲ့သူ Liu သည် ဘေဂျင်းနိုင်ငံခြားရေးပညာတက္ကသိုလ်တွင်အင်္ဂလိပ်စာ အထူးပြု လေ့လာသင်ကြားခဲ့ပြီး Oxford တွင် နိုင်ငံတကာဆက်ဆံရေးကို သင်ယူခဲ့သည်။ ထို့နောက် နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ဘာသာပြန်အဖြစ် ၎င်းအတွက် ပထမဉီးဆုံးရာထူးကို ရယူခဲ့သည်။

 

၎င်းသည် ဗြိတိန်နိုင်ငံဆိုင်ရာ တရုတ်မစ်ရှင်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး နောက်ပိုင်းတွင် အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် တာဝန်ယူခဲ့သည်။

 

ဝန်ကြီးဌာနပြောခွင့်ရသူအဖြစ် ၎င်းဝာာဝန်ယူထားစဉ်က သူသည် တရုတ်နိုင်ငံအကျိုးစီးပွားကို အခိုင်အမာ ခုခံကာကွယ်သကဲ့သို့ ရယ်မောစရာများဖြင့် လက်တန်း တုန့်ပြန်ပြောဆိုတတ်သူဟု လူသိများသည်။

 

ကိုးကား - The Guardian

ပုံစာ - ဂျူလိုင်လ ၃ ရက်၊ ဘေဂျင်းမြို့ ဖိုရမ်တစ်ခုတွင် တွေ့ရသည့် တရုတ်သံတမန် Liu Jianchao (Photograph: Wang Zhao/AFP/Getty Images)

 

 

တရုတ်
Liu Jianchao

Share With
bap-logo