Politics
သဘောထားကွဲလွဲသူများကို ချေမှုန်းရန် အရှေ့တောင်အာရှနိုင်ငံများ အတူတကွ လုပ်ဆောင်လာ
လွန်ခဲ့သော ၂ ရက် က
BAP၊ ဘာသာပြန်။
အရှေ့တောင်အာရှနိုင်ငံများသည် ပြည်ပမှ အစိုးရကို ဝေဖန်သူများအား ခြိမ်းခြောက်ခြင်း၊ တရားခံ လွှဲပြောင်းပေးခြင်းတို့ဖြင့် အချင်းချင်း ကူညီပေးနေကြသည်ဟု The Washington Post ၏ ဒေသတွင်း ဖြစ်စဉ်များ ကို အကဲဖြတ်ဆန်းစစ်ချက်တစ်ခုအရ သိရသည်။
ယခုနှစ်အစောပိုင်းတွင် အရေးတကြီး ပစ်မှတ်ဟု မယူဆရသည့် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့အပြင်ဘက် လူလတ်တန်းစား မိသားစုတစ်ခုအတွက် အိမ်အကူလုပ်ကိုင်နေသူ အသက် ၃၆ နှစ်အရွယ်ရှိ Nuon Toeun ကို ကမ္ဘောဒီးယားအစိုးရက ပစ်မှတ်ထားကာ နိုင်ငံ၏ သံတမန် လုပ်ပိုင်ခွင့်အပြည့်အဝ အသုံးချလာသည်။
Nuon Toeun သည် တက်ကြလှုပ်ရှားသူလည်း မဟုတ်သကဲ့သို့ အတိုက်အခံ ခေါင်းဆောင်တစ်ဦးလည်း မဟုတ်ချေ။ သူမ၏ အလုပ်ရှင်အိမ်တွင် သန့်ရှင်းရေးလုပ်ကိုင်သူတစ်ဦးသာ ဖြစ်သည်။ သို့သော် သူမသည် TikTok နှင့် Facebook တို့တွင် အာဏာရှင်ဟောင်း ဟွန်ဆန်နှင့် ၎င်း၏ သားဖြစ်သူ လက်ရှိ ဝန်ကြီးချုပ် ဟွန်မနေ့အပါအဝင် ကမ္ဘောဒီးယား ရေပေါ်ဆီများအပေါ် "အမျက်ဒေါသထွက်မှုကို ဖော်ပြ"၍ လူမှုမီဒီယာ လှုပ်ရှားသက်ဝင်မှုရှိသူဖြစ်သည်ဟု သူမက ဆိုသည်။
ကမ္ဘောဒီးယားလူထုမှာ ဆင်းရဲမွဲတေမှု၊ မြေသိမ်းခံရမှုများနှင့် ထင်ရှားသည့် အတိုက်အခံများ ပစ်မှတ်ထား ခံနေရမှုတို့ဖြင့် "ဝမ်းနည်းဖွယ်ရာများ တောင်လို ပုံနေချိန်တွင်" ဟွန်ဆန်မှာ "အလွန်အမင်း ပျော်ရွှင်စွာ ကခုန်နေကြောင်း" သူမက ပြောကြားထားသည့် ဗီဒီယိုတစ်ခုတင်ပြီးနောက် ကမ္ဘောဒီးယားအစိုးရက Toeun ကို ဖမ်းဆီးရန် ဇန်နဝါရီလ ၁၈ ရက်နေ့က ဝရမ်းထုတ်ခဲ့သည်။
ကမ္ဘောဒီးယားက မလေးရှားအာဏာပိုင်များကို ဝရမ်းအကြောင်း အသိပေးအကြောင်းကြားခဲ့သည်။ ၎င်းအကြောင်းကြားချက်တွင် သူမသည် ခြောက်နှစ်သက်တမ်း ကြာမြင့်ပြီဖြစ်သည့် ဥပဒေတစ်ခုကို ချိုးဖောက်ကာ နိုင်ငံအဖွဲ့အစည်းများကို ထိခိုက်စော်ကားသည်ဟု စွပ်စွဲထားသည်။ ဝေဖန်သူများကမူ ၎င်းဥပဒေသည် အစိုးရအတိုက်အခံဟု ယူဆရသူများအပေါ် အရေးယူအသုံးချရန် ဖြစ်သည်ဟု ဆိုသည်။
အရှေ့တောင်အာရှ ၁၀ နိုင်ငံဖြင့် ဖွဲ့စည်းထားသော အာဆီယံအဖွဲ့ ဆုပ်ကိုင်ထားသည့် အခြေခံမူအနည်းငယ်အနက် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို အခြားနိုင်ငံက ဝင်ရောက် မစွက်ဖက်ရေးလည်း အပါအဝင်ဖြစ်သည်
ကမ္ဘောဒီးယားက သူမကို နေရပ်ပြန်ပို့ရန် တောင်းဆိုခဲ့သည်။ အစောပိုင်းတွင်မူ မလေးရှားအာဏာပိုင်များ မည်သို့မျှ မတတ်နိုင်ဟု ထင်မြင်ရသည်။ Toeun သည် မလေးရှားနိုင်ငံတွင် အမှားတစုံတရာ မပြုလုပ်ခဲ့ပေ။ ဆယ်စုနှစ်တစ်ခုကျော် တရားဝင် အလုပ်လုပ်ကိုင်နေခဲ့သူသာဖြစ်သည်။
မည်ကဲ့သို့ လုပ်ဆောင်ရမည်ဆိုသည်ကို နှစ်နိုင်ငံ အာဏာပိုင်များ ခြောက်လကြာ အချိန်ယူ ရှာဖွေကြိုးပမ်းခဲ့ရသည်။ The Washington Post က ကြည့်ရှုသုံးသပ်ခဲ့ရသော လွှတ်တော်အမတ်များကို ပေးအပ်ခဲ့သည့် မလေးရှားလူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များ၏ ရုံးတွင်းစာရွက်စာတမ်းများအရ ကမ္ဘောဒီးယားအစိုးရသည် ဂျူလိုင်လတွင် Toeun ၏ နိုင်ငံကူးလက်မှတ်ကို ဖျက်သိမ်းလိုက်ပြီး ကွာလာလမ်ပူရှိ အရာရှိများကို သတင်းပို့အကြောင်းကြားခဲ့သည်။
ထို့နောက် မလေးရှားနိုင်ငံကလည်း သူမ၏ အလုပ်လုပ်ခွင့်ကို ရုပ်သိမ်းလိုက်ကာ တရားမဝင်ရွှေ့ပြောင်းလာသူ ဖြစ်စေခဲ့ပြီး ကမ္ဘောဒီးယားအာဏာပိုင်များကိုယ်စား သူမကို စောင့်ကြည့်နေခဲ့သည်။ စက်တင်ဘာလ နှောင်းပိုင်းတွင်မူ မလေးရှားရဲတပ်ဖွဲ့က သူမ၏ အလုပ်ရှင် အိမ်တွင် သူမကို ဖမ်းဆီးခဲ့သည်။
Toeun သည် ရှေ့နေလည်း ငှားခွင့်မရခဲ့ဟု မလေးရှား လွှတ်တော်အမတ်များနှင့် သူမ၏ အဒေါ်ဖြစ်သူက ပြောသည်။ နှစ်ရက်အကြာတွင် နေရပ်သို့ ပြန်ပို့ခံခဲ့ရသည်။ သူမကို လူ့အခွင့်အရေး ကာကွယ်သူများ၊ ဂျာနယ်လစ်များနှင့် ထင်ရှားသည့် အတိုက်အခံများကို စွဲဆိုရာတွင် ပုံမှန်အသုံးပြုလေ့ရှိသည့် လှုံ့ဆော်မှုဖြင့် စွဲဆိုခဲ့ကာ အာမခံမပေးဘဲ မြို့တော် ဖနွမ်းပင်ပြင်ပတွင် တရားရုံးမတင်မီ ဖမ်းဆီးထိန်းသိမ်းထားခဲ့သည်။ သူမတွင် အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ဝေဒနာများ ရှိကြောင်းနှင့် ကိုယ်အလေးချိန်သိသာစွာ ကျဆင်းသွားကြောင်း သူမ၏ ဆွေမျိုးများက ပြောသည်။
အရှေ့တောင်အာရှ ၁၀ နိုင်ငံဖြင့် ဖွဲ့စည်းထားသော အာဆီယံအဖွဲ့ ဆုပ်ကိုင်ထားသည့် အခြေခံမူအနည်းငယ်အနက် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို အခြားနိုင်ငံက ဝင်ရောက် မစွက်ဖက်ရေးလည်း အပါအဝင်ဖြစ်သည်။ သို့သော် Toeun ၏ အမှုကဲ့သို့သော ဖြစ်ရပ်များတွင် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု ပုံစံ အသစ်ဖြစ်သော အစိုးရများက အခြားအစိုးရများ၏ ခြိမ်းခြောက်မှု၊ ဖမ်းဆီးမှု၊ မဟာမိတ်နိုင်ငံများ၏ ပြည်တွင်း လုပ်ငန်းစဉ်အရ အစိုးရကို ဝေဖန်သူများအား လွှဲပြောင်းပေးမှုတို့ကို အစိုးရ တစ်ခုနှင့် တစ်ခု ကူညီပေးနေကြသည်ကို The Washington Post ၏ ဒေသတွင်း ဖြစ်ရပ် နှစ်ဒါဇင်ကျော်ကို လေ့လာဆန်းစစ်မှုတစ်ရအရ သိရှိရသည်။
ခိုလှုံခွင့်ရှာဖွေသူများအတွက် တစ်ခါက လုံခြုံသည့် ခိုလှုံရာဖြစ်သော ထိုင်းနိုင်ငံတွင် ကမ္ဘောဒီးယား အတိုက်အခံ ခေါင်းဆောင်များ အမြဲလိုလို စောင့်ကြည့်ခံရခြင်း၊ ဖမ်းဆီးထောင်ချခြင်း၊ နေရပ်နိုင်ငံပြန်ပို့ခံရပြီး ဖမ်းဆီးထိန်းသိမ်းခံရခြင်းတို့ ကြုံတွေ့နေရသည်။ ညှဉ်းပန်းနှိပ်စက်မှုမှ လွတ်မြောက်ရန် ထွက်ပြေးလာသော ဗီယက်နမ် ဌာနေ လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးကို ထိုင်းတရားရုံးများက ပြန်လည်လွှဲပြောင်းရန် ပြင်ဆင်ဆောင်ရွက်နေကြသည်။ Toeun ၏ အမှုအပြင် မလေးရှားနိုင်ငံသည် နေရပ်နိုင်ငံ ပြန်ရောက်လျှင် ညှင်းပန်းနှိပ်စက်ခံရမည်မှာ သေချာသည့် စစ်တပ်မှ ထွက်ပြေးလာသူများအပါအဝင် မြန်မာရွှေ့ပြောင်းလာသူ ထောင်ပေါင်းများစွာကို နေရပ်နိုင်ငံ ပြန်ပို့ခဲ့သည်။
အရှေ့တောင်အာရှဒေသတွင် နိုင်ငံဖြတ်ကျော် ဖိနှိပ်သည့် "ထပ်ဖန်တလဲလဲ ဖြစ်ပျက်မှုများ ပေါ်ပေါက်ထင်ရှား" လာကြောင်း၊ “အိမ်နီးချင်းနိုင်ငံတွေမှာ ခိုလှုံရာ ရှာဖွေလာတဲ့ လူ့အခွင့်အရေး ခုခံကာကွယ်သူတွေဟာ ဥပဒေအတိုင်း မဟုတ်ဘဲ တိတ်တဆိတ် နေရပ်သို့ လွှဲပြောင်းပေးပို့ခံရခြင်း၊ အတင်းအကျပ် နေရပ်ပြန်ပို့ခံရခြင်း၊ ပျောက်ဆုံးခြင်းနှင့် အသတ်ခံရခြင်းတို့နှင့်ပင် ကြုံတွေ့နေရပါတယ်။” ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türk က ဂျွန်လတွင် ပြောသည်။
Toeun နှင့် အခြားအမှုများကို "လက်ရှိတွင် ဥပဒေအတိုင်း စီစဉ်ဆောင်ရွက်နေကြောင်း" ၊ ၎င်းအနေဖြင့် ၎င်းအမှုများကို အတိအကျ မှတ်ချက်ပေးရန် မဖြစ်နိုင်ကြောင်း၊ သို့သော် နိုင်ငံ၏ ဥပဒေကို ချိုးဖောက်ပါက ဥပဒေအတိုင်း "စီရင်ဆောင်ရွက်ရမည်" ဖြစ်ကြောင်း ကမ္ဘောဒီးယား တရားရေးဝန်ကြီးဌာနမှ ပြောခွင့်ရ Seng Dyna က ပြောသည်။
“ကျူးလွန်သူဟာ ကမ္ဘောဒီးယားနိုင်ငံတွင်း ရှိသည်ဖြစ်စေ၊ နိုင်ငံခြားတွင် ရှိသည်ဖြစ်စေ ဥပဒေအတိုင်း တင်းတင်းကျပ်ကျပ် လိုက်လံရှာဖွေရမှာ ဖြစ်ပါတယ်။” ဟု ၎င်းက ပြောသည်။ "ကျူးလွန်သူက နိုင်ငံခြားမှာ ရှိတဲ့ ဖြစ်စဉ်တွေမှာတော့ ကျူးလွန်သူကို ကမ္ဘောဒီးယား တရားစီရင်ရေးဆီကို ခေါ်ဆောင်လာဖို့ ကမ္ဘောဒီးယားနိုင်ငံက သက်ဆိုင်ရာနိုင်ငံတွေနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ လုပ်ဆောင်ရပါမယ်။”
ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနနှင့် မလေးရှားအစိုးရ ပြောခွင့်ရသူတို့ကို မှတ်ချက်ပေးရန် တောင်းဆိုခဲ့ရာ တုန့်ပြန်ခြင်း မရှိပါ။
ဒေသတွင်းတွင် ဒီမိုကရေစီအရေး ပြောဆိုလှုပ်ရှားသူများကို ပြောင်ပြောင်တင်းတင်း အစိုးရ မူဝါဒများနှင့် ပစ်မှတ်ထားလာပြီး ရဲနှင့် လူဝင်မှုကြီးကြပ်ရေး ပူးပေါင်းလုပ်ဆောင်မှုများလည်း ပိုမိုနက်နက်ရှိုင်းရှိုင်းလုပ်ဆောင်လာသည်ဟု လူ့အခွင့်အရေး အဖွဲ့များနှင့် လွှတ်တော်အမတ်များက ပြောသည်။ အတိတ်ကာလတွင်ကဲ့သို့ အမည်မသိ ကျူးလွန်သူများက ထိုင်းအတိုက်အခံခေါင်းဆောင်များကို ကမ္ဘောဒီးယားနိုင်ငံ လမ်းများပေါ်တွင် ဖမ်းဆီးမှုများ၊ လာအိုတက်ကြွလှုပ်ရှားသူများ ထိုင်းနိုင်ငံတွင် သေဆုံးလျက် တွေ့ရမှုများ မဟုတ်တော့ဘဲ နိုင်ငံတော် အဖွဲ့အစည်းများက ပူးပေါင်းလုပ်ဆောင်မှုနှင့် တက်ကြွသည့် အခန်းကဏ္ဍတို့မှာ ထင်ထင်ပေါ်ပေါ်ပင် တွေ့ရှိလာရသည်။
အရှေ့တောင်အာရှနိုင်ငံအများစုမှ အာဏာရှင်များ ဦးတည်နေသည့် ပြောင်းလဲမှုတွင် ဒီမိုကရေစီရေး ပြောဆိုလှုပ်ရှားသူများကို ပစ်မှတ်ထားခြင်း၊ အစိုးရနှင့် သဘောထားကွဲလွဲသူများ၊ လူ့အခွင့်အရေး ခုခံကာကွယ်သူများကို အစိုးရချင်း လဲလှယ်ရေးစနစ် တည်ဆောက်ခြင်းတို့ အခိုင်အမာ ပါဝင်နေသည်ဟု လွှတ်တော်အမတ်များနှင့် တက်ကြွလှုပ်ရှားသူများက ပြောသည်။ ၎င်းဖြစ်စဉ်မှာ လွန်ခဲ့သည့် ငါးနှစ်အတွင်း ပေါ်ထွန်းလာခြင်းဖြစ်သည်ဟု လူ့အခွင့်အရေးအဖွဲ့များက ပြောသည်။ အထူးသဖြင့် ကမ္ဘောဒီးယားလူမျိုး အတိုက်အခံများကို ပြည်တွင်း၌ ဖြိုခွင်းပြီးနောက် နိုင်ငံခြားမှ အရေးပါသော ပြောဆိုဝေဖန်သူများကို နှိမ်နင်းရန် ကြိုးပမ်းလာသည့် နောက်ပိုင်းတွင် ပေါ်ထွက်လာခြင်း ဖြစ်သည်။
နိုဝင်ဘာလတွင် ထိုင်းနိုင်ငံက ကမ္ဘောဒီးယား တက်ကြွလှုပ်ရှားသူ ခြောက်ဦး၊ ၎င်းတို့အနက်မှ တစ်ဦး၏ မြေးဖြစ်သူ အသက် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦးတို့ကို လူဝင်မှုကြီးကြပ်ရေးစည်းကမ်းများ ချိုးဖောက်သည်ဆိုကာ နေရပ်နိုင်ငံပြန်ပို့ခဲ့သည်။ ၎င်းတို့ခြောက်ဦးလုံးမှာ ယခုအချိန်တွင် ဖျက်သိမ်းသွားပြီဖြစ်သည့် အတိုက်အခံ Cambodian National Rescue Party နှင့် ဆက်နွယ်သူများ ဖြစ်ကြသည်။ ၎င်းခြောက်ဦး ကမ္ဘောဒီးယားသို့ ပြန်လည်ရောက်ရှိသည်နှင့် နိုင်ငံတော် သစ္စာဖောက်ုပုန်ကုန်မှုဖြင့် စွဲဆိုကာ ဖမ်းဆီးထိန်းသိမ်းထားခဲ့သည်။ ကလေးငယ်ကို သူ၏ ဘွားလေးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ရာ ကလေးငယ်သည် ရက်အနည်းငယ် မစားမသောက်၊ စကားမပြောဘဲ ၎င်းကို ပြုစုပျိုးထောင်ခဲ့သည့် အဘွားနှင့် ခွဲခွာရသည့်အတွက် စိတ်ဒဏ်ရာ ရနေခဲ့သည်ဟု ဘွားလေးက ပြောသည်။
“ဒါက အမြင့်ဆုံး အဆင့်ကနေ မူဝါဒ ချမှတ်နေတာပါ။” ဟု Human Rights Watch မှ ထိုင်းနိုင်ငံဆိုင်ရာ အကြီးတန်း သုတေသီ Sunai Phasuk က ပြောသည်။ ၎င်းသည် ၂၀၂၄ ခုနှစ်တွင် ထိုင်းနိုင်ငံတွင်း နိုင်ငံဖြတ်ကျော် ဖိနှိပ်မှုပေါင်း ၂၅ ခုကို အကဲဖြတ်ဆန်းစစ်ခဲ့သူဖြစ်သည်။
လူတွေ အစိုးရကို ဝေဖန်တဲ့အခါ၊ အမှန်အတိုင်းပြောတဲ့အခါ လူတွေကို အဲဒီဟာတွေက ဖမ်းတယ်၊ အဲဒီဟာတွေက ရိုက်တယ်၊ အဲဒီဟာတွေက ခြိမ်းခြောက်တယ်
‘စက်ဆုပ်စရာကောင်းတဲ့ ကောင်’
Toeun သည် လွန်ခဲ့သည့် သုံးနှစ် ကိုရိုနာဗိုင်းရပ်စ် လှိုင်းအသစ်ကြောင့် ဖနွမ်းပင်မြို့နှင့် အခြားသော မြို့ပြဒေသများကို အတင်းအကျပ် ပိတ်ဆို့ထားစဉ် Facebook အကောင့်သစ်တစ်ခု ပြုလုပ်ခဲ့သည်။ သူမက ဝန်ကြီးချုပ် ဟွန်ဆန် သေသင့်ကြောင်း ပြောဆိုမှုများအပါအဝင် ကြမ်းတမ်းသော ဝေဖန်မှုများ အပြင်းအထန် ပြုလုပ်ခဲ့သည်။
သူမ၏ ထိုကဲ့သို့ ပို့စ်များ၏ လေသံအသုံးနှုန်းများမှာ လချီ၊ နှစ်ချီ၍ ဆက်လက် တင်ပြနေခဲ့ပြီး Facebook နှင့် TikTok အကောင့်များတွင် သူမ၏ အမည်ဖြင့် တင်ပြထားခြင်းဖြစ်သည်။ ဗီဒီယိုအားလုံးတွင် သူမက စမတ်ဖုန်းကင်မရာကို တိုက်ရိုက်ကြည့်ရှုမျက်နှာမူထားခြင်းဖြစ်ကာ ကြည့်ရှုသူ မည်သူမဆို ကောင်းမွန်စွာ အပြည့်အဝ မြင်ရစေရန် ရိုက်ကူးထားခြင်းဖြစ်သည်။
သူမ၏ ရိုးရှင်းသော အခန်းငယ်လေးမှနေ၍ ကမ္ဘောဒီးယား နိုင်ငံတွင်းနေထိုင်သူများ၊ သူမကဲ့သို့ ရွှေ့ပြောင်းအလုပ်သမားများကို ပုံမှန် စောင့်ဆိုင်းကြည့်ရှုသူများအဖြစ် စုစည်းထားနိုင်ခဲ့သည်။
“လူတွေ အစိုးရကို ဝေဖန်တဲ့အခါ၊ အမှန်အတိုင်းပြောတဲ့အခါ လူတွေကို အဲဒီဟာတွေက ဖမ်းတယ်၊ အဲဒီဟာတွေက ရိုက်တယ်၊ အဲဒီဟာတွေက ခြိမ်းခြောက်တယ်။” ဟု ဟွန်ဆန်နှင့် သူ၏ မိသားစုကို 'အဲဒီဟာတွေ’ ဟု Toeun က ရည်ညွှန်း ပြောသည်။ မလေးရှားမှ သူမ၏ ပို့စ်တစ်ခုတွင် သူမက ဟွန်ဆန်ကို “ကျွန်မရဲ့ လူထုကို ဆိုးဆိုးရွားရွား နှိပ်စက်ခဲ့တဲ့” "စက်ဆုပ်ဖို့ ကောင်းတဲ့ကောင်” ဟု ရည်ညွှန်းခဲ့သည်။
မလေးရှားနိုင်ငံတွင်း ညွန့်ပေါင်းဖွဲ့ အုပ်ချုပ်နေသည့် ပါတီများအနက် အဓိက ပါတီတစ်ခုဖြစ်သော People’s Justice Party မှ မလေးရှားအမတ်နှစ်ဦးက Teoun ၏ အမှုကို လွှတ်တော်မှ စုံစမ်းရန် နိုဝင်ဘာလတွင် တွန်းအားပေးခဲ့သည်။ လွှတ်တော် တံခါးပိတ်အစည်းအဝေးမတိုင်မီ လွှတ်တော်အမတ်နှစ်ဦးအနက် တစ်ဦးဖြစ်သူ William Lenong က နေရပ်ပြန်ပို့ခြင်း လုပ်ငန်းစဉ်များ၊ အခြားအမှုများအပေါ် ရိုက်ခတ်မှုများနှင့်ပတ်သတ်၍ ၎င်းအနေဖြင့် စိုးရိမ်မှု များပြားလာကြောင်း ပြောသည်။
မလေးရှားလူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များကလည်း မကြာသေးခင်က ဘင်္ဂလားဒေ့ရှ် အတိုက်အခံ တက်ကြွလှုပ်ရှားသူ ရှေ့နေတစ်ဦးကို နေရပ်ပြန်ပို့ရန် ကြိုးပမ်းခဲ့သည်။ ၎င်း၏ နိုင်ငံကူးလက်မှတ်ကိုလည်း မိခင်နိုင်ငံက ဖျက်သိမ်းခြင်းခံထားရသည်။ လူ့အခွင့်အရေး ရှေ့နေဖြစ်သူက သူသည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီမှ အကာအကွယ်ပေးထားသော ခိုလှုံခွင့်တောင်းခံထားသူတစ်ဦးဖြစ်ကြောင်း တရားရုံးတွင် စောဒကတက် ချေပခဲ့သည့်အတွက် လူဝင်မှုကြီးကြပ်ရေးဌာနက နေရပ်ပြန်ပို့ရေး အမိန့်ကို ပယ်ဖျက်လိုက်ရသည်။
အရှေ့တောင်အာရှနိုင်ငံများသည် တရားခံလွှဲပြောင်းပေးရေး ပုံမှန် တရားဝင် သဘောတူညီချက်များ၊ ၎င်းတို့၏ အကာအကွယ်များကို ရှောင်တိမ်းရန် ပိုမို ကြိုးပမ်းလာကြသည်ဟု တက်ကြွလှုပ်ရှားသူများ၊ ရှေ့နေများက ပြောသည်။ မလေးရှားနိုင်ငံသည် ၎င်း ဆယ်စုနှစ်များစွာ သက်တမ်းကြာမြင့်နေပြီဖြစ်သည့် တရားခံလွှဲပြောင်းပေးရေး ဥပဒေအရ ကျူးလွန်မှုသည် နိုင်ငံရေးနှင့် ဆက်နွယ်လျှင်သော်လည်းကောင်း၊ လူတစ်ဦး၏ လူမျိုး၊ ဘာသာကို အခြေခံ၍ ပစ်မှတ်ထားခြင်း ခံရလျှင်သော်လည်း ကောင်း တရားခံလွှဲပြောင်းပေးရေး ငြင်းပယ်ပိုင်ခွင့်ရှိသည်။
နိုင်ငံဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်မြင့်လာသည်နှင့်အမျှ ယင်းကဲ့သို့ ကောင်းစွာ ပြဌာန်းထားသော ဥပဒေများကို အခြားသော တရားဝင် နည်းလမ်းများဖြင့် ရှောင်တိမ်းကာ သဘောထားမတူသူများနှင့် တက်ကြွလှုပ်ရှားသူများကို အလျင်အမြန် နေရပ်ပြန်ပို့ရန် ဒေသတွင်း အာဏာရှင်အစိုးရများက တောင်းဆိုလာနိုင်ကြသည်။
“မူလနေရပ်နိုင်ငံက သူတို့မှာ နိုင်ငံကူးလက်မှတ် ဖျက်သိမ်းပိုင်ခွင့်ရှိတယ်လို့ ပြောမယ်။ အဲဒီ ချိုးဖောက်မှုလုပ်တဲ့အတွက် ငါတို့နိုင်ငံကို ပြန်ခေါ်ချင်တယ်လို့ ပြောလိမ့်မယ်။” ဟုဘင်္ဂလားဒေ့ရှ်လူမျိုး အတိုက်အခံ တက်ကြွလှုပ်ရှားသူကိုယ်စား လိုက်ပါဆောင်ရွက်ပေးခဲ့သူ ရှေ့နေ Edmund Bon က ပြောသည်။
အယူခံဝင်ရန် ကြိုးပမ်းနေစဉ် "လေယာဉ်ပေါ်မှာ ရောက်နေလောက်ပြီ။” ဟု Bon က ပြောသည်။
:"ဘေးကင်းသည့် ခိုလှုံရာ မရှိ"
ကမ္ဘောဒီးယား တက်ကြွလှုပ်ရှားသူများကို ပုံမှန်ပစ်မှတ်ထားရာဖြစ်သော အိမ်နီးချင်း ထိုင်းနိုင်ငံတွင်ပင် မလေးရှားနိုင်ငံက ပစ်မှတ်နယ်မြေ ချဲ့ထွင် အကူအညီပေးလာနေသည်ဟု ကမ္ဘောဒီးယား အတိုက်အခံ ခေါင်းဆောင်များက ပြောသည်။ ကမ္ဘောဒီးယားက ဂျူလိုင်လတွင် ရွေးကောက်ပွဲကျင်းပခဲ့ရာ ဟွန်ဆန်က အတိုက်အခံများကို ခြိမ်းခြောက်ခြင်း၊ အရည်အချင်း မပြည့်မီစေခြင်း၊ မဲမပေးမီ ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့သည့်အတွက် လွတ်လပ်သော လေ့လာစုံစမ်းသူများက လွတ်လပ်မှုလည်း မရှိ၊ မျှတခြင်းလည်း မရှိဟု ဆိုသည်။ ဟွန်ဆန်သည် ၁၉၈၅ ခုနှစ်မှ အာဏာစတင်ရရှိလာခဲ့ပြီး ၎င်း၏ သားကို ၂၀၂၃ ခုနှစ်တွင် လွှဲပြောင်းပေးခဲ့သည်။
မဲဆွယ်စည်းရုံးပွဲများကြောင့် တစ်ခါက ကောင်းစွာဖွဲ့စည်းထားသော ဩဇာရှိ ကမ္ဘောဒီးယားအတိုက်အခံ လက်ကျန်တို့သည် နယ်စပ်ဖြတ်ကျော်၍ ထိုင်းနိုင်ငံသို့ ထွက်ပြေးခဲ့ရသည်။ အချို့မှာ စီးပွားရေးအရ ရွှေ့ပြောင်းရသူတို့၏ သုံးနေကြ တရားမဝင်လမ်းကြောင်းများမှ ဝင်ရောက်သွားကြရသည်။
“ထိုင်းနိုင်ငံက ကျွန်မတို့ရဲ့ နောက်ဆုံး ခိုကိုးရာဖြစ်ပါတယ်။ ကျွန်မတို့အတွက် ရွေးချယ်စရာ မရှိပါဘူး။” ဟု ကမ္ဘောဒီးယားရှိ ရွာတစ်ရွာမှ စုဖွဲ့နေထိုင်ကြသည့် အသိုင်းအဝိုင်းတစ်ခု၏ အကြီးအကဲဟောင်းဖြစ်ပြီး အတိုက်အခံ Candlelight Party တွင် ပါဝင်သူ Ya Kimleng က ပြောသည်။ သူမ၏ ခင်ပွန်းကို ဖမ်းဆီးရန် ဝရမ်းထုတ်ခံရပြီးနောက် သူမ၏ သားသုံးဦးနှင့်အတူ ထွက်ခွာခဲ့ရခြင်းဖြစ်သည်။ သူမ၏ ခင်ပွန်းမှာ ထိုင်းနိုင်ငံသို့ သူမတို့ မထွက်ခွာမီ ဦးစွာ ထွက်ပြေးနှင့်ခြင်းဖြစ်သည်။
၎င်းမိသားစုသည် ပြီးခဲ့သည့်နှစ် ထိုင်းနိုင်ငံသို့ ရောက်ရှိချိန်မှစ၍ နေရာ သုံးနေရာ ပြောင်းရွှေ့ခဲ့ရသည်။ "ဒီလိုနဲ့ ကျွန်မတို့ဘဝတွေက ပုံးလျှိုးကွယ်လျှိုး နေကြရတော့တာပေါ့။” ဟု သူမက ဆိုသည်။
ထိုင်းအာဏာပိုင်များက ပြီးခဲ့သည့်နှစ်တွင် နိုင်ငံအဝှမ်း ထင်ရှားသည့် ကမ္ဘောဒီးယား တက်ကြွလှုပ်ရှားသူများကို ဝိုင်းဝန်းကူညီရှာဖွေပေးခဲ့ကြပြီး လူဝင်မှုကြီးကြပ်ရေး စွပ်စွဲမှုများဖြင့် အာမခံမပေးဘဲ လများစွာ ချုပ်နှောင်ထားခဲ့ကြသည်။ ၎င်းပူးပေါင်းဆောင်ရွက်မှုမှာ ထိုင်းဝန်ကြီးချုပ်ဟောင်း Srettha Thavisin နှင့် ဟွန်ဆန်တို့ ဖေဖော်ဝါရီလတွင် တွေ့ဆုံသောအချိန်၌ ထိုင်းနိုင်ငံအခြေစိုက် ကမ္ဘောဒီးယားတက်ကြွလှုပ်ရှားသူများ၏ "ကြားဖြတ်နှောက်ယှက်မှု" ကို ဖြိုခွင်းရန် ကတိပြုရာမှ အများက သိရှိလာကြသည်။
၎င်းတွေ့ဆုံဆွေးနွေးပွဲ မတိုင်မီ ထင်ရှားသော ကမ္ဘောဒီးယား တက်ကြွလှုပ်ရှားသူ သုံးဦး ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသည်။ စက်တင်ဘာလတွင် ဟွန်ဆန်က ၎င်းတို့သုံးဦးအနက် တစ်ဦးဖြစ်သော အတိုက်အခံ တက်ကြွလှုပ်ရှားသူ Phorn Phanna ကို ကမ္ဘောဒီးယားသို့ "အသေရရ အရှင်ရရ" ပြန်ပို့ပေးရန် တောင်းဆိုသည့် အသံဖိုင် Facebook နှင့် Radio Free Asia တို့သို့ ပေါက်ကြားခဲ့ပြီးနောက် ထိုင်းလူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များက ၎င်းသုံးဦးကို ပြန်လွှတ်ပေးခဲ့သည်။
“သူ့ကို ကမ္ဘောဒီးယားကို ပြန်ခေါ်လာရမယ်။ ကျွန်တော်တို့ သူ့ကို လွှတ်ပေးလို့ မဖြစ်ဘူး။ သူက လှုပ်ရှားမှုတစ်ခုလုပ်ဖို့ လှုံ့ဆော် ပြင်ဆင်နေတယ်။” ဟု ပေါက်ကြားလာသော အသံဖိုင်တွင် ဟွန်ဆန်က ပြောသည်။
အသံဖိုင်တွင် ကမ္ဘောဒီးယား "တပ်ဖွဲ့များ” က ထိုင်းရဲတပ်ဖွဲ့နှင့် အတူလုပ်ဆောင်နေကြောင်းလည်း ရည်ညွှန်းခဲ့ပြီး ကမ္ဘောဒီးယား ထောက်လှမ်းရေးများ ထိုင်းနိုင်ငံတွင် ဝင်ရောက်လုပ်ကိုင်နေကြောင်း အရိပ်အမြွက်အဖြစ် ပြသခဲ့သည်။
“ကမ္ဘောဒီးယားက တစ်ခုခု တောင်းဆိုလာရင် ထိုင်းက လုပ်ပေးမှာပဲဆိုတာ ရှင်းပါတယ်။” ဟု ဘန်ကောက်အခြေစိုက် Asia Human Rights and Labor Advocates အကြံပေးအဖွဲ့မှ ညွှန်ကြားရေးမှူး Phil Robertson က ပြောသည်။
"အဖွဲ့အစည်းလိုက် ပူးပေါင်းဆောင်ရွက်မှု"
ကမ္ဘောဒီးယား တက်ကြွလှုပ်ရှားသူ ခြောက်ဦး မကြာသေးခင်က နေရပ်ပြန်ပို့ခဲ့သည့်ဖြစ်ရပ်အပြင် ထိုင်းတရားရုံးက Montagnard(ဗီယက်နမ် အလယ်ပိုင်း တောင်ပေါ်ဒေသ ဌာနေတိုင်းရင်းသား) ဒုက္ခသည်နှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သူ Y Quynh Bdap ကိုလည်း နေရပ်ပြန်ပို့ရန် စီစဉ်ဆောင်ရွက်နေသည်။ သူသည် UNHCR တွင် ဒုက္ခသည်အဖြစ် မှတ်ပုံတင်ထားသူတစ်ဦးဖြစ်သော်လည်း ပြီးခဲ့သည့် ဂျွန်လတွင် ဗီယက်နမ်က လွှဲပြောင်းပေးရန် တောင်းဆိုပြီးနောက် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
ဌာနေဒေသခံ Montagnards ဆိုသည်မှာ "တောင်ပေါ်သား” ဟု အဓိပ္ပါယ်ရပြီး အများစုမှာ ခရစ်ယာန်လူနည်းစုများ ဖြစ်ကြကာ ဗီယက်နမ်စစ်ပွဲအတွင်း အမေရိကန်တပ်ဖွဲ့များကို ကူညီခဲ့သည့်အတွက်လည်းကောင်း ၎င်းတို့၏ ဌာနေတိုင်းရင်းသား မြေရပိုင်ခွင့်နှင့် ယုံကြည်မှုတို့အတွက် စည်းရုံးလှုံ့ဆော်မှုများကြောင့်လည်းကောင်း ဗီယက်နမ် ကွန်မြူနစ်အစိုးရက ကာလရှည်ကြာစွာ လိုက်လံညှင်းဆဲခြင်း ခံနေရသူများဖြစ်သည်။ Y Quynh Bdap သည် ဗီယက်နမ်အစိုးရက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် တံဆိပ်ကပ်ထားသော Montagnards Stand for Justice ကို ပူးတွဲတည်ထောင်သူဖြစ်သည်။ ၎င်းကို နေရပ်ပြန်ပို့ခံရလျှင် ညှင်းပန်းနှိပ်စက်ပြုခံရခြင်း၊ မတရား လက်စဖျောက်ခံရခြင်း၊ အခြားသော လူ့အခွင့်အရေး အလွဲသုံးစားပြုခံရခြင်းတို့နှင့်သက်ဆိုင်သည့် "အလွန်ပြင်းထန်သော အန္တရာယ်” ကျရောက်မည်ဟု လူ့အခွင့်အရေးအဖွဲ့များက ယူဆထင်မြင်နေကြသည်။
မြန်မာနိုင်ငံမှ အစပြုသော ဖိနှိပ်မှုများမှာ ပြည်ပရောက် နိုင်ငံရေးအရ တက်ကြွလှုပ်ရှားသူများ၏ နိုင်ငံကူးလက်မှတ်များကို စနစ်တကျ စစ်ဆေးခြင်းမရှိဘဲ ဖျက်သိမ်းခြင်း၊ မကြာသေးခင်ကာလများအတွင်း ၎င်းတို့ကို သက်တမ်းတိုးရ ခက်ခဲစေခြင်းတို့ကို အထူးသဖြင့် ထိုင်းနှင့် စင်ကာပူရှိ သံရုံးများတွင် ပြုလုပ်ခြင်း ဖြစ်သည်
တရားရုံးများအပြင် လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များကလည်း လုပ်ပိုင်ခွင့်အာဏာ သိသာထင်ရှားစွာ ကိုင်စွဲထားကြပြီး ဒေသတလွှားမှ ထိခိုက်နစ်နာလွယ်သည့် လူမှုအသိုင်းအဝိုင်းများ၏ ကံကြမ္မာကို ထိန်းချုပ်နေကြသည်။ မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးသည့်အချိန်မှစ၍ အာဆီယံက ဆက်လက်ဖြစ်ပွားနေသော အကြမ်းဖက်မှုများနှင့် ပြည်တွင်းစစ်ကို မကြာခဏ ရှုတ်ချခဲ့ပြီး ရှားရှားပါးပါး မနှစ်မြို့မှုကို ပြသခဲ့သည်။
တရားဝင်ဖြစ်စေ တရားမဝင်ဖြစ်စေ ဒေသတွင်းနိုင်ငံများသို့ ထွက်ပြေးလာရသည့် ထောင်ပေါင်းများစွာသော မြန်မာရွှေ့ပြောင်းနေထိုင်သူများအတွက် ဒေသတွင်းနိုင်ငံများက စုစည်းညီညွတ်သည့် လူသားချင်းစာနာမှုဆိုင်ရာ တုန့်ပြန်မှု ပြုလုပ်နိုင်ခြင်းကား မရှိသေးပေ။ ယင်းအစား ၎င်းနိုင်ငံများမှ အာဏာပိုင်များက မြန်မာနိုင်ငံမှ အစပြုခဲ့သော ဖိနှိပ်မှုများကို လက်လှမ်းမီအောင် ထိရောက်စွာ ဆက်လက် ချဲ့ထွင်ပေးနေကြသည်ဟု တက်ကြွလှုပ်ရှားသူများ၊ ကုလ အရာရှိများ၊ လူ့အခွင့်အရေးဖွဲ့များက ပြောသည်။ မြန်မာနိုင်ငံမှ အစပြုသော ဖိနှိပ်မှုများမှာ ပြည်ပရောက် နိုင်ငံရေးအရ တက်ကြွလှုပ်ရှားသူများ၏ နိုင်ငံကူးလက်မှတ်များကို စနစ်တကျ စစ်ဆေးခြင်းမရှိဘဲ ဖျက်သိမ်းခြင်း၊ မကြာသေးခင်ကာလများအတွင်း ၎င်းတို့ကို သက်တမ်းတိုးရ ခက်ခဲစေခြင်းတို့ကို အထူးသဖြင့် ထိုင်းနှင့် စင်ကာပူရှိ သံရုံးများတွင် ပြုလုပ်ခြင်း ဖြစ်သည်။
ပြန်လှန် ငြင်းဆန်ရမည့်အစား ၎င်းနိုင်ငံများသည် နိုင်ငံကူးလက်မှတ် ဖျက်သိမ်းရာတွင်လည်းကောင်း၊ ဒုက္ခသည်များ၊ ခိုလှုံခွင့်တောင်းခံသူများနှင့်အခြားသော အလုပ်လုပ်ခွင့် သက်တမ်းကျော်လွန်နေသူများကို နေရပ်ပြန်ပို့ရာတွင်လည်းကောင်း လိုက်နာဆောင်ရွက်ပေးနေကြပြီး ဖမ်းဆီးထိန်းသိမ်းခံရမှု၊ ခြိမ်းခြောက်ငွေညှစ်ခံရမှု၊ အတင်းအကျပ် စစ်မှုထမ်းစေမှု အခြေအနေများ ကြုံတွေ့စေရန် နေရပ်သို့ ပြန်လည် ပို့ဆောင်ပေးနေကြသည်။
“စစ်အာဏာရှင်မှာ သူ့ရဲ့ ဖိနှိပ်မှုကို ကူညီမယ့်နိုင်ငံတွေ၊ အားပေးအားမြှောက် လုပ်ပေးမယ့် နိုင်ငံတွေ ရှိနေတယ်။ ဒေသတွင်းနိုင်ငံတွေအနေနဲ့ ပိုပြီး ဖိဖိစီးစီး လုပ်ဆောင်ဖို့ အထူး လိုအပ်ပါတယ်။” ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် သောမတ်စ် အင်ဒရူးက ပြောသည်။
မကြာသေးခင် လများအတွင်းက ထိုင်းနိုင်ငံသည် နေထိုင်ခွင့် ကျော်လွန်နေသူ၊ တရားမဝင် ဝင်ရောက်လာသူ မြန်မာ ရွှေ့ပြောင်းနေထိုင်သူများကို ရည်ရွယ်သည့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဖြိုခွင်းမှုတစ်ခု စတင်ပြုလုပ်ခဲ့ပြီး အလုပ်သမား ၂၀၀ ၀၀၀ ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ၎င်းအရေအတွက်မှာ ထိုင်းအာဏာပိုင်များအတွက် စံချိန်သစ်ဖြစ်သည်ဟု အလုပ်သမားအခွင့်အရေး လှုပ်ရှားသူများက ဆိုသည်။ ၎င်းဖမ်းဆီးခံရသူ အများအပြားမှာ အကြမ်းဖက်မှုများကြောင့်သော်လည်းကောင်း၊ တော်လှန်ပုန်ကန်သူတို့ကြောင့် ဆုံးရှုံးသွားသည့် တပ်ဖွဲ့ဝင်များကို အစားထိုးဖြည့်တင်းရန် ကြိုးပမ်းသည့် စစ်အာဏာရှင်၏ စစ်မှုထမ်းဥပဒေကြောင့်သော်လည်းကောင်း မကြာသေးမီက ထွက်ပြေးလာသူများဖြစ်ကြသည်။
ဂျူလိုင်လ အတွင်း ထိုင်းနိုင်ငံမှ နေရပ်ပြန်ပို့ခံရသူ ၁၀၀၀ ကျော်မှာ ပြန်ရောက်သည်နှင့် မြန်မာစစ်တပ်အတွင်း အတင်းအကျပ် စာရင်းသွင်းခံခဲ့ရသည်ဟု ထိုင်း-မြန်မာနယ်စပ်တွင် ရွှေ့ပြောင်းလုပ်သားများအရေး လုပ်ကိုင်နေသည့် ကိုသာကျော် ကပြောသည်။ အချို့မှာ အသက် ၁၅ နှစ်ပင် မပြည့်သေးချေ။
“ကျွန်တော်တို့ရဲ့ မြန်မာလူထုက မိဘမဲ့တွေလိုပဲ။ ဘက်ပေါင်းစုံက အနိုင်ကျင့် ဗိုလ်ကျ ခံနေရတော့တာပဲ။” ဟု ၎င်းက ပြောသည်။
ကိုးကား - The Washington Post
ပုံစာ - ဂျူလိုင်လ ၂၀၂၃ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာပြီး ဘန်ကောက်ရှိ တိုက်ခန်းငယ်တစ်ခုတွင် ခင်ပွန်း၊ ကလေးငယ် သုံးဦးတို့နှင့်အတူ ခိုလှုံနေထိုင်သူ အသက် ၄၇ နှစ်အရွယ်ရှိ Ya Kimleng။ (Sirachai Arunrugstichai for The Washington Post)
Top News
လွန်ခဲ့သော ၃ ရက် က