Politics
ပင်တဂွန်ထက် ဆယ်ဆ ကြီးမားသည့် စစ်ဌာနချုပ် တရုတ်တည်ဆောက်နေ
လွန်ခဲ့သော ၄ နာရီ က
BAP၊ ဘာသာပြန်။
တရုတ်နိုင်ငံသည် ခေါင်းဆောင်များအတွက် ဗုံးဒဏ်ခံ ကုတ်ကျင်းများပါဝင်သည့် စစ်ဌာနချုပ်တစ်ခု တည်ဆောက်နေသည်ဟု အမေရိကန် အရာရှိများက ပြောသည်။
တရုတ်နိုင်ငံစစ်တပ်သည် ဘေဂျင်းအနောက်ဘက်တွင် ကြီးမားသော စုပေါင်းအဆောက်အအုံတစ်ခု တည်ဆောက်နေသည်ဟု အမေရိကန်ထောက်လှမ်းရေးများက ယုံကြည်ထားကြပြီး ၎င်းအဆောက်အအုံသည် စစ်ကာလတွင်း စစ်ဌာနချုပ်အဖြစ် အသုံးပြုနိုင်မည်ဟု အမေရိကန်အရာရှိဟောင်းများနှင့် လက်ရှိအရာရှိများက ဆိုသည်။
အမေရိကန် ထောက်လှမ်းရေးမှ စစ်ဆေးလေ့လာခဲ့ပြီး Financial Times က ရရှိခဲ့သော ဂြိုဟ်တုပုံရိပ်များတွင် ဘေဂျင်းအနောက်တောင်ဘက် ၃၀ ကီလိုမီတာ အကွာတွင် အကြမ်းဖျဉ်း ၁၅၀၀ ဧက ကျယ်ဝန်းသောဆောက်လုပ်ရေးလုပ်ငန်းခွင်၌ တွင်းနက်ကြီးများပါဝင်နေပြီး ဖြစ်ပေါ်လာနိုင်သည့် နျူကလီးယားစစ်ပွဲအပါအဝင် ပဋိပက္ခမျိုးစုံဖြစ်ပွားချိန်အတွင်း တရုတ် စစ်ရေးခေါင်းဆောင်များကို ကာကွယ်ရန် ကြီးမားသည့် အိမ်အရွယ်အစားရှိ အခိုင်အခံ့ ကတုတ်ကျင်းများဟု စစ်ရေးကျွမ်းကျင်သူများက အကဲဖြတ်ခန့်မှန်းကြသည်။
ကမ္ဘာ့အကြီးဆုံး စစ်ဌာနချုပ်ဖြစ်လာနိုင်ပြီး ပင်တဂွန်ထက် အနည်းဆုံး ၁၀ ဆ ကြီးမားနိုင်သည့် ၎င်းလုပ်ငန်းခွင်ကို ထောက်လှမ်းရေးအသိုင်းအဝိုင်းက အနီးကပ် စောင့်ကြည့်နေကြောင်း လက်ရှိနှင့် ယခင်အမေရိကန်အရာရှိအများအပြားက ပြောသည်။
FT မှ ရရှိခဲ့သည့် ဂြိုဟ်တုပုံရိပ်များကို လေ့လာချက်အရ ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းတွင် အဓိကကြီးမားသည့်တည်ဆောက်ရေး စတင်ခဲ့သည်။ ထောက်လှမ်းရေးအကဲဖြတ်များက ၎င်းစီမံကိန်းကို "ဘေဂျင်းစစ်ဌာနာချုပ်" ဟု ရည်ညွှန်းခေါ်ဆိုကြကြောင်း ယင်းအခြေအနေနှင့် ရင်းနှီးကျွမ်းဝင်သူသုံးဦးက ပြောသည်။
၂၀၂၇ ခုနှစ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) ရာပြည့်အထိမ်းအမှတ် မတိုင်မီ ၎င်းတပ်မတော်က လက်နက်အသစ်များ၊ စီမံကိန်းအသစ်များ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်နေစဉ် ၎င်းတည်ဆောက်ရေး ဖြစ်ပေါ်လာခြင်းဖြစ်သည်။ သမ္မတ ရှီကျင့်ဖျင်က PLA ကို ၂၀၂၇ မတိုင်မီ ထိုင်ဝမ်အားတိုက်ခိုက်နိုင်မည့် စွမ်းရည် ဖွံ့ဖြိုးတိုးတက်မှုရရှိရေး အမိန့်ပေးထားသည်ဟု အမေရိကန်ထောက်လှမ်းရေးက ပြောသည်။
၅ စတုရန်းကီလိုမီတာကျော် ကျယ်ဝန်းသည့် နယ်မြေအတွင်း ဝန်ချီစက် အနည်းဆုံး ၁၀၀ ခန့်က မြေအောက် အဆောက်အအုံများ တည်ဆောက်နေသည်ဟု ၎င်းဒေသမှ ပုံရိပ်များကို အကဲဖြတ်ဆန်းစစ်ခဲ့သည့် အမျိုးသား ပထဝီတည်နေရာ ထောက်လှမ်းရေးအေဂျင်စီမှ ယခင် ပုံရိပ်အကဲဖြတ်ဆန်းစစ်သူ Renny Babiarz က ဆိုသည်
PLA သည် ၎င်း၏ နျူကလီးယားအမြောက်များ အလျင်အမြန် ချဲ့ထွင်လုပ်ဆောင်နေပြီး ၎င်း၏ တပ်ခွဲများတွင် ပိုမိုကောင်းမွန်စွာ ပေါင်းစပ်ထည့်သွင်းရေး လုပ်ဆောင်နေသည်။ အမေရိကန် လက်နက်ကိုင်တပ်ဖွဲ့များနှင့် နှိုင်းယှဉ်လျှင် PLA ၏ အကြီးဆုံးအားနည်းချက်တစ်ခုမှာ ပေါင်းစပ်ထည့်သွင်းမှု အားနည်ခြင်းဖြစ်သည်ဟု စစ်ရေးကျွမ်းကျင်သူများက ယုံကြည်နေကြသည်။
“ဒါကိုသာ အတည်ပြုနိုင်တယ်ဆိုရင် သမ္မတ ရှီအပါအဝင် စစ်ရေးခေါင်းဆောင်တွေအတွက် အဆင့်မြင့် မြေအောက် ထိန်းချုပ်ရေး ကတုတ်ကျင်းအသစ်ဟာ ကမ္ဘာ့အဆင့် သမားရိုးကျအင်အားတည်ဆောက်ရုံသာမက အဆင့်မြင့် နျူကလီးယားစွမ်းဆောင်ရည်ကိုပါ တည်ဆောက်ဖို့ ဘေဂျင်းက အချက်ပြလိုက်တာ ဖြစ်ပါတယ်။” ဟု CIA မှ တရုတ်ရေးရာအကဲဖြတ်ဆန်းစစ်သူ အကြီးအကဲဟောင်း Dennis Wilder က ပြောသည်။
အမေရိကန်ထောက်လှမ်းရေးအသိုင်းအဝိုင်းကို ကြီးကြပ်ရသူ အမျိုးသားထောက်လှမ်းရေး ညွှန်ကြားရေးမှူးက စီမံကိန်းနှင့် ပတ်သတ်၍ မှတ်ချက်မပေးပေ။ ဝါရှင်တန်ရှိ တရုတ်သံရုံးက "အသေးစိတ် မသိရှိရပါ။” ဟု ဆိုပြီး တရုတ်နိုင်ငံသည် "ငြိမ်းချမ်းရေးတည်ဆောက်မှု လမ်းကြောင်းနှင့် ခုခံကာကွယ်ရေးသဘောသဘာဝအရ ခုခံကာကွယ်မှု မူဝါဒကို အလေးအနက်ယုံကြည်ကြောင်း” အလေးပေးပြောဆိုသည်။
၅ စတုရန်းကီလိုမီတာကျော် ကျယ်ဝန်းသည့် နယ်မြေအတွင်း ဝန်ချီစက် အနည်းဆုံး ၁၀၀ ခန့်က မြေအောက် အဆောက်အအုံများ တည်ဆောက်နေသည်ဟု ၎င်းဒေသမှ ပုံရိပ်များကို အကဲဖြတ်ဆန်းစစ်ခဲ့သည့် အမျိုးသား ပထဝီတည်နေရာ ထောက်လှမ်းရေးအေဂျင်စီမှ ယခင် ပုံရိပ်အကဲဖြတ်ဆန်းစစ်သူ Renny Babiarz က ဆိုသည်။
“ဒီတည်ဆောက်မှုကို ပိုပြီး အပြည့်အဝ အကဲဖြတ် ဆန်းစစ်အကဲဖြတ်ဖို့ သတင်းအချက်အလက်တွေ ပိုပြီး လိုအပ်သေးတယ်ဆိုပေမယ့် ပုံရိပ် အကဲဖြတ်ဆန်းစစ်ချက်တွေအရ ဖြစ်နိုင်ချေရှိတဲ့ မြေအောက် အဆောက် အအုံတွေ အတော်များများရဲ့ တည်ဆောက်မှုဟာ မြေအောက်စင်္ကြံတွေနဲ့ ချိတ်ဆက်ထားနိုင်တယ်ဆိုတာ တွေ့ရပါတယ်။” ဟု ယခုအခါ ပထဝီတည်နေရာ အကဲဖြတ်ဝန်ဆောင်မှုအဖွဲ့ AllSource Analysis မှ အကဲဖြတ်နှင့် လုပ်ငန်းလုပ်ဆောင်မှု ဒုတိယအကြီးအကဲတာဝန်ယူထားသူ Babiarz က ပြောသည်။
ပင်တဂွန်ထက် ၁၀ ဆ နီးပါး ကြီးပါတယ်။ ရှီကျင့်ဖျင်ရဲ့ အမေရိကန်ကို ကျော်လွှားရေးရည်မှန်းချက်နဲ့လည်း ကိုက်ညီနေပါတယ်
အိမ်ခြံမြေကဏ္ဍ အကျပ်အတည်းကြောင့် ကြီးမားသည့် အိမ်ခြံမြေစီမံကိန်းအများစု ဖွံ့ဖြိုးတိုးတက်မှု ကျဆင်းနေခြင်းနှင့် ဆန့်ကျင်ကာ ဘေဂျင်းအနောက်ဘက်ရှိ ၎င်းလုပ်ငန်းခွင်သည် ယခုလအစောပိုင်းတွင် လှုပ်ရှားသက်ဝင်နေခဲ့သည်။ ၎င်းစီမံကိန်းကို ပြသထားသည့် ပြခန်းများလည်း မတွေ့ရပေ။ တရုတ်ဘာသာဖြင့် ဖော်ပြထားသည့် ဆောက်လုပ်ရေးလုပ်ငန်းခွင်အကြောင်း တရားဝင်ဖော်ပြချက်များလည်း မတွေ့ရပေ။
လုပ်ငန်းခွင်တွင် စစ်ဘက်ဆိုင်ရာများကို မတွေ့ရသော်လည်း ဒရုန်းပျံသန်းခြင်း၊ ဓာတ်ပုံရိုက်ခြင်းတို့ မပြုလုပ်ရန် သတိပေးဆိုင်းဘုတ်များကို တွေ့ရသည်။ အဝင်တားမြစ်ထားကြောင်းန ဂိတ်တစ်ခုမှ အစောင့်များက ကြမ်းတမ်းစွာ ပြောခဲ့ကာ စီမံကိန်းအကြောင်း ပြောဆိုရန် ငြင်းဆန်ကြသည်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ထွက်ခွာလာသည့် ကြီးကြပ်ရေးမှူးတစ်ဦးကလည်း စီမံကိန်းအကြောင်း မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။
စီမံကိန်း၏ အနောက်ဘက်သို့ ဝင်ရောက်ရာတွင် စစ်ဆေးရေးဂိတ်တစ်ခုဖြင့် ပိတ်ဆို့ထားသည်။ လုပ်ငန်းခွင်အနီးရှိ လူသိများသော ခြေလျင်ခရီးနှင့် ကမ္ဘာလှည့်ခရီးသွားနယ်မြေများကိုအများပြည်သူ ဝင်ရောက်ခွင့်မရရှိနိုင်ဟု အစောင့်တစ်ယောက်က ပြောပြီး ဒေသခံ ဈေးဆိုင် ပိုင်ရှင်တစ်ဦးက "စစ်တပ် နယ်မြေ” ဟု ရှင်းလင်းဖော်ပြသည်။
ဘေဂျင်းမြို့လယ်တွင် တည်ရှိသော PLA ၏ လက်ရှိ ဌာနချုပ်မှာ အတန်အသင့် သစ်လွင်နေသေးသော်လည်း လုံခြုံသော တိုက်ပွဲထိန်းချုပ်ရေးဌာနအဖြစ် ပုံစံထုတ်တည်ဆောက်ထားခြင်းမဟုတ်ဟု အမေရိကန် ထောက်လှမ်းရေးအရာရှိဟောင်းတစ်ဦးက ပြောသည်။
“တရုတ်နိုင်ငံရဲ့ လုံခြုံတဲ့ အဓိက စစ်ဌာနချုပ်က အဆောက်အအုံသစ်ရဲ့ အရှေ့မြောက်ဘက်၊ (ဘေဂျင်း၏)အနောက်ဘက် တောင်တန်းတွေ Western Hills မှာ ရှိပါတယ်။ စစ်အေးကာလအရှိန်မြင့်နေတဲ့ ဆယ်စုနှစ်များစွာက တည်ဆောက်ခဲ့တာပါ။” ဟု အရာရှိဟောင်းက ပြောသည်။ "အဆောက်အအုံသစ်ရဲ့ အရွယ်အစား၊ ပမာဏ၊ တစ်ဝက်တစ်ပျက် မြှုပ်နှံထားတဲ့ အချင်းလက္ခဏာတွေအရ Western Hills စုပေါင်းအဆောက်အအုံတွေကို အဓိက စစ်တွင်း ဌာနချုပ်အဆောက်အအုံအဖြစ် အစားထိုးမယ်လို့ ယူဆရပါတယ်။”
“အဆောက်အအုံသစ်တွေက အမေရိကန်ရဲ့ 'ဘန်ကာခွင်း' ခဲယမ်းတွေရန်ကနေ ပြီးတော့ နျူကလီးယားလက်နက်တွေရန်ကနေတောင်မှ ပိုမိုလုံခြုံစေမယ်လို့ တရုတ်ခေါင်းဆောင်တွေက အကဲဖြတ်ဆုံးဖြတ်ပုံ ရပါတယ်။” ဟု ထောက်လှမ်းရေးအရာရှိဟောင်းက ပြေသည်။ "ဒီအဆောက်အအုံတွေက ပိုပြီး အဆင့်မြင့်တဲ့ လုံခြုံတဲ့ ဆက်သွယ်ရေးတွေလည်း ထည့်သွင်းနိုင်မယ်၊ ပြီးတော့ PLA ရဲ့ စွမ်းဆောင်ရည်နဲ့ ရည်မှန်းချက်တွေကို ချဲ့ထွင်ဖို့လည်း နေရာရှိလာမယ်။”
လုပ်ငန်းခွင်သည် "လျှို့ဝှက်ကန့်သတ် စစ်ရေးအဆောက်အအုံတစ်ခု၏ ဝိသေသ လက္ခဏာများ အားလုံး" ပါဝင်နေကြောင်း၊ အားဖြည့်ကွန်ကရစ် အများအပြား ပါဝင်ပြီး နက်ရှိုင်းသည် မြေအောက် လှိုဏ်ခေါင်းများပါဝင်ကြောင်း ပုံရိပ်များနှင့် ရင်းနှီးကျွမ်းဝင်သည့် တရုတ် သုတေသီတစ်ဦးက ပြောသည်။
“ပင်တဂွန်ထက် ၁၀ ဆ နီးပါး ကြီးပါတယ်။ ရှီကျင့်ဖျင်ရဲ့ အမေရိကန်ကို ကျော်လွှားရေးရည်မှန်းချက်နဲ့လည်း ကိုက်ညီနေပါတယ်။” ဟု သုတေသီက ပြောသည်။ "တရုတ်နိုင်ငံရဲ့ ခေတ်မှီဆန်းသစ်မှုနဲ့ စစ်ရေးစွမ်းရည် တိုးတက်လာတာနဲ့အမျှ ဒီခံတပ်ရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်က ကမ္ဘာပျက်မယ့်နေ့အတွက် ကတုတ်ကျင်းတစ်ခုလို အသုံးပြုဖို့ပါ။”
ဘေဂျင်း၏ အနောက်ဘက် မြို့စွန် အဆင့်လိုက် အလွှာလိုက် ပြန်လည်ဖွံ့ဖြိုးတည်ဆောက်ရေး လုပ်ဆောင်နေစဉ်အတွင်း ၎င်းစီမံကိန်း လုပ်ငန်းခွင်တည်ဆောက်ရေး ထွက်ပေါ်လာခြင်းဖြစ်သည်။ သို့သော် Qinglonghu ရှိ အိမ်ရာများကိုမူ မည်သည့်အကြောင်းကြောင့် ဖျက်ဆီးခံရခြင်းဖြစ်သည်ကို တရုတ်နိုင်ငံ အွန်လိုင်းတွေ ထင်ကြေးပေး ပြောဆိုမှုများလည်း ရှိနေသည်။
Quora နှင့် ဆင်တူသည့် တရုတ် အချက်အလက် ရှာဖွေရေး အင်ဂျင် Baidu Zhidao မှ ပို့စ်တစ်ခုတွင် "Qinglonghu မှာ တရုတ်ပင်တဂွန် ဆောက်မလို့လား” ဟု အသုံးပြုသူတစ်ဦးက မေးမြန်းထားသည်။
ကျွမ်းကျင်သူအချို့က ၎င်းဧရိယာသည် မြေအောက် ကတုတ်ကျင်းများ တည်ဆောက်ရန် သင့်တော်မှု ရှိ၊ မရှိ မေးခွန်းထုတ်နေကြသော်လည်း PLA သည် စစ်ဌာနချုပ်တစ်ခု တည်ဆောက်နေပုံရကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနနှင့် နီးစပ်သူနှစ်ဦးက ပြောသည်။
“ပုံမှန် စစ်စခန်းနဲ့ စစ်သင်တန်းကျောင်းတစ်ခုထက် မြေဧရိယာက အများကြီး ပိုပြီး ကြီးမားပါတယ်။ ဒီတော့ ကြီးကြပ်ကွပ်ကဲရေး အဖွဲ့အစည်း ဒါမှမဟုတ် ကြီးမားတဲ့ အခြေစိုက်သင်တန်းကျောင်းတစ်ခုအတွက် လုပ်ငန်းခွင်ဖြစ်မယ်လို့ပဲ ယူဆရပါတယ်။” ဟု တိုင်ပေမှ Council on Strategic and Wargaming Studies ပညာရှင်အဖွဲ့၏ သုတေသီတစ်ဦးဖြစ်သူ Hsu Yen-chi က ပြောသည်။
ကိုးကား - Financial Times
ပုံစာ - ဘေဂျင်းမြို့အနီးရှိ စစ်အခြေစိုက်စခန်းသစ်တစ်ခုမှ အဆောက်အအုံများ၏ ဂြိုဟ်တုမြေပုံ။ Photo: Planet Labs
Top News
လွန်ခဲ့သော ၄ နာရီ က